Wednesday, December 22, 2010

ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိ

ခံစားမိသမျှ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာစုပေါင်း ၄ ခု ရှိပါပြီ။ ရေးသားနေကျ ဗေဒင်အကြောင်းအရာ မဟုတ်ဘဲ ကိုယ်ခံစားမိသမျှတွေကို သီးသီးသန့်သန့် ချရေး ဖြစ်တယ်။ ကိုယ်ရေးတာ မဟုတ်ပေမယ့် ကိုယ်ကြိုက်တဲ့ စာတွေကိုလည်း တစ်ဆင့် ပြန်တင်ပြ ဖြစ်တယ်။
အခုလည်း ငယ်ငယ်တုန်းက မြန်မာ့သမိုင်းဖတ်စာမှာ စာမျက်နှာတွေပေး မှတ်တမ်းတင်ခဲ့ရတဲ့ သုပဏ္ဍကဂဠုနရာဇာ အကြောင်း အမှတ်တရ ပြန်တင်ပြချင်တယ်။ စာရေးဆရာမောင်ကြပ်ခိုးဆီကနေ ခွင့်ပြုချက် တောင်းခံပြီး ဖြစ်ပါတယ်။ ကောင်းကင်မဂ္ဂဇင်းမှာ မကြာသေးခင်ကမှ တင်ဆက်ပြီး ဖြစ်ပါတယ်။ ဒီစာစုကိုမှ ဘာ့ကြောင့် ကြိုက်မိသလဲ မေးလာရင် ဖြေချင်ပါတယ်။ အခု ခင်ဗျားစားနေတဲ့၊ စားခဲ့တဲ့၊ စားရဦးမယ့် ထမင်းတွေ မူလ ဖြစ်တည်ခဲ့ရာ လယ်သမားကြီးတွေကို လေးစားလို့ပါ။ ဒါပါပဲ။

ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိ

ဂဠုနရာဇာဘွဲ့ကို ခံယူပြီး အဖိနှိပ်ခံတို့ကို ခေါင်းဆောင်ကာ အုပ်စိုးသူနယ်ချဲ့ကို တွန်းလှန်ခဲ့သည့် ဆရာစံနှင့် တောင်သူလယ်သမား တော်လှန်ရေး ရဲဘော်အပေါင်းတို့၏ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်မှာ ယခုအခါတွင် နှစ်ပေါင်း (၈၀) ပြည့်ခဲ့လေပြီ။

နယ်ချဲ့အရင်းရှင်တို့၏ အမြင်တွင်မူ ထိုတောင်သူလယ်သမားအရေးတော်ပုံသည် မှော်ပဉ္စလက် ဂါထာမန္တရားတို့ဖြင့် ထုံမွှမ်းထားသည့် ပဒေသရာဇ် မင်းလောင်းမျှော် ခေတ်နောက်ပြန်ဆွဲ သူပုန်ထမှု တခုမျှသာ ဖြစ်ချေလိမ့်မည်။ သို့သော် ဗမာတို့၏ အမြင်တွင်မူ ၎င်းတော်လှန်ရေးသည် ရရာ လက်နက်ကို စွဲကိုင်၍ အုပ်စိုးသူနယ်ချဲ့ကို တော်လှန်ကာ ဗမာ့သွေးကို ပြခဲ့သည့် မဟာ အရေးတော်ပုံကြီး တရပ်ပင် ဖြစ်ချေ၏။ အင်အားချင်း မတူသည်ကို သိသော်လည်း ခေါင်းငုံ့၍ မခံ၊ မိမိတို့ လိုရာ အခွင့်အရေး ရရှိရန် အတွက် အုပ်စိုးသူ အရင်းရှင်ကို တော်လှန်ခဲ့သူ တောင်သူလယ်သမား နင်းပြားတို့၏ စိတ်ဓာတ် ခွန်အားကို ချီးကျူးရမည်သာ။ မည်သို့ပင် ဆိုစေကာမူ ထိုအရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံရေးသမိုင်းကို တနည်းတဖုံ ပြောင်းလဲစေခဲ့သည်ကိုကား မည်သူမျှ မငြင်းနိုင်ကြချေ။

တောင်သူ လယ်သမား အရေးတော်ပုံတွင် ရာပေါင်းများစွာသော အသက်များ၊ ထောင်ပေါင်းများစွာသော ဘ၀များ ရင်းနှီးမြုပ်နှံကာ စတေးခဲ့ကြသော်လည်း ထိုတော်လှန်ရေးမှ တောင်သူလယ်သမားတို့အတွက် အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ တော်လှန်ရေးတိုက်ပွဲများတွင် ထမင်းအိုး ဟင်းအိုးထမ်း အဖြစ်နှင့်ပင် မပါဝင်ခဲ့ သော်လည်း လိုင်စင်ရ ဂဠုန်စစ်သူကြီးဖြစ်လာသူနှင့် ရွှေတောင်ကြား အရပ်တွင် သီတင်းသုံးကာ ဆင်းရဲသားပါတီ တည်ထောင်သည့် အောက်စဖို့ထွက် ကြေးရတတ် တသိုက်သာ နိုင်ငံရေး အမြတ်ထွက်ခဲ့၏။ အရင်းမူလဖြစ်သည့် တောင်သူ လယ်သမားတို့၏ ဘ၀မှာမူ ထူးမခြားနားပင်။

တချိန်က ကမ္ဘာ့ဆန်စပါးဈေးကွက်တွင် နေရာကောင်းရခဲ့ဖူးသော မြန်မာပြည်သည် ယခုအခါတွင် ယိုးဒယားနှင့် ဗီယက်နမ်တို့၏ နောက်တွင် အပြတ်အသတ် ကျန်ရစ်ခဲ့လေပြီ။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးပြီးနိုင်ငံများ မဆိုထားဘိ၊ ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ် ချိန်ထိုး ကြည့်လျှင်ပင် ၀မ်းနည်းဖွယ်ရာ ကောင်းလောက်အောင် နောက်ကောက်ကျ ကျန်ခဲ့ပြီဖြစ်သည်ကို တွေ့နိုင်မည် ဖြစ်၏။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင်လည်း မယှဉ်သာတော့ပြီ။ ယွင်းမှားသည့် အုပ်ချုပ်ရေးတရပ်၏ အသီးအပွင့်များပင် ဖြစ်သည်။

ဗမာပြည် လယ်ယာကဏ္ဍ အခြေအနေမှာ စဉ်ဆက်မပြတ် တိုးတက်နေသည်ဟု အစိုးရက ထုတ်ပြန်ထားသော သတင်း အချက်အလက်များက ဆို၏။ သို့သော်လည်း တောင်သူလယ်သမား ကျောမွဲကြီးများ၏ လူနေမှု အဆင့်အတန်းမှာ များစွာ တိုးတက် ပြောင်းလဲလာသည်ကို မတွေ့ရသေး။ တိုးတက်လာသည့် စိုက်ပျိုးရေးကဏ္ဍသည် လက်တဆုပ်စာ အရင်းရှင်တို့နှင့် အုပ်စိုးသူများကိုသာ အကျိုး ကျေးဇူးပြုပြီး အခြေခံဖြစ်သည့် တောင်သူလယ်သမားတို့ကို ထိရောက်စွာ အကျိုးကျေးဇူးပြုခြင်း မရှိပေ။ ဤအချက်သည် ခေတ်အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း တိုးတက်ပြောင်းလဲလာခြင်း မရှိသလောက် နည်းပါးလှသော အဖိနှိပ်ခံ တောင်သူလယ်သမားတို့၏ ဘ၀အခြေအနေနှင့် ဗမာပြည်လယ်ယာကဏ္ဍ အခြေအနေကို လှစ်ဟ ပြသနေသည်။

ခေတ်အဆက်ဆက်တွင် အုပ်စိုးသူတို့သည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဟူသည့် စကားကို ဆီမန်းမန်းသကဲ့သို့ အဖန်တလဲလဲ ရေရွတ် ကြိမ်းဝါးခဲ့ကြ၏။ လယ်ယာကဏ္ဍ မြှင့်တင်ရေး ဗျူဟာတို့ကို အစဉ်တစိုက် ရေးဆွဲခဲ့ကြသည်။ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည် ဟူသည့် စကားလုံးများကိုလည်း နေ့စဉ်ထုတ် သတင်းစာများတွင် ကြိမ်ဖန်များစွာ တွေ့မြင် ကြားသိရ၏။ သို့သော်လည်း ယခုအချိန်အထိမူ မြန်မာ့လယ်ယာကဏ္ဍ အခြေအနေမှာ ကျေနပ်အားရဖွယ်ရာ မဖြစ်သေးချေ။

စက်မှုလယ်ယာသို့ ဟူသည့် ဆိုင်းဘုတ်ကို ဆေးပြန်သုတ်ခဲ့ရသည့် အကြိမ် အရေအတွက် မနည်းလှတော့ပြီ။ ဗမာ့ရိုးရာ နွားချေး၊ အမှိုက်ဆွေး မြေသြဇာသည်ပင်လျှင် ယခုအခါတွင် သဘာဝမြေသြဇာအဖြစ် ကမ္ဘာတစ်ဝှမ်းတွင် တခေတ်တခါ ဆန်းသစ်လာခဲ့လေပြီ။ ထို့ကြောင့် ဗမာတောင်သူ လယ်သမားတို့ကို ဇီဝဓာတု စိုက်ပျိုးရေးစနစ်တွင် ခေတ်ရှေ့ပြေးနေကြသူများဟု သတ်မှတ်သော် သင့်နိုးအံ့သည်။ သို့သော်လည်း ဗမာတောင်သူတို့တွင် နည်းပညာ လိုအပ်ချက်များ ရှိနေဆဲပင် ဖြစ်သည်။

လယ်သမားတို့အတွက် စိုက်ပျိုးရေး နည်းပညာပေး အစီအစဉ်တို့ကို ကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်ခြင်း မပြုနိုင်သရွေ့ တောင်သူတို့သည် နည်းပညာ အခက်အခဲများနှင့် ကြုံတွေ့နေရဦးမည်သာ ဖြစ်သည်။ နည်းပညာ ပံ့ပိုးခြင်းဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်မည့် တတ်သိပညာရှင်များ ပြည်တွင်း၌ အလုံအလောက်ရှိသော်လည်း ထိုအင်အားများကို ထိရောက်စွာ အသုံးချနိုင်စွမ်း မရှိပေ။ လူမှန် နေရာမှန်ဟူသည့် စကားသည် အတော်ပင် တာသွားသည့် စကားဖြစ်ကြောင်း လူတိုင်းလိုလို သိကြသည်။ ပိုတက်ရှ် ဓာတ်မြေသြဇာသည် မည်သည့် အရောင်ရှိသည်ကိုပင် မသိသူတို့ ဦးဆောင်သည့် စိုက်ပျိုးရေး ကဏ္ဍသည် အဘယ်မှာလျှင် ထွန်းကားအံ့နည်း။

ထိုသူတို့ကို မချစ်သော်လည်း အောင့်ကာနမ်း နေရသည့် တတ်သိပညာရှင်တို့သည်လည်း ယင်းတို့၏ ကာယ၊ ဉာဏစွမ်းကို အဘယ်မှာ အစွမ်းကုန် သုံးနိုင်ပါအံ့နည်း။ လူမှန်လျှင် တနည်းတဖုံ အသုံးဝင်သည်သာ ဖြစ်သော်လည်း အာဏာလက်ဝယ်ရှိယုံမျှနှင့် နေရာတိုင်းတွင် အရာရာကို ထိရောက်စွာ စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်။ လူမှန်၊ နေရာမှန် ဖြစ်ပါမှ တော်တည့် မှန်ကန်သည့် လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။

လယ်သမားနှင့် စပါးပေး အကြွေးယူခြင်းသည် သမုဒ္ဒရာနှင့် လှိုင်းတံပိုးတို့ကဲ့သို့ အစဉ် ဒွန်တွဲနေ၏။ မျက်မှောက်ခေတ် တောင်သူလယ်သမားတို့သည်လည်း ကိုလိုနီခေတ် လယ်သမားတို့ကဲသို့ပင် စိုက်ပျိုးစရိတ် အတွက် စပါးပေး အကြွေးသံသရာထဲတွင် လည်ပတ်ရဆဲပင် ဖြစ်သည်။ စိုက်ပျိုးရေး စရိတ် အတွက် နှစ်စဉ်နှစ်တိုင်း စပါးပေးစနစ်ဖြင့် အကြွေးယူနေရဆဲ၊ စပါးပေါ်လျှင် ထွက်သမျှကို ကြွေးရှင် ထံသို့ ပေါက်ဈေးအောက်လျော့သည့် ဈေးဖြင့် ပေးသွင်းနေကြရဆဲပင် ဖြစ်သည်။

မြန်မာကျေးလက်ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ်အတွက် ချေးငွေထုတ်ချေး ပေးသည် ဆိုသော်လည်း ထိုချေးငွေမှာ များစွာ အရာမရောက်ချေ။ ကျပ်တည်း ခက်ခဲလှသည့် လုပ်ထုံး နည်းနာများ (ဥပမာ - လယ်သမားတို့ အနေဖြင့် ယင်းတို့၏ လယ်မြေများကို စိုက်ပျိုးရေးဘဏ်သို့ အပေါင်ပစ္စည်းအဖြစ် တင်သွင်းရန်မှာ ၁၉၅၄ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြောင့် မဖြစ်နိုင်။) မလုံလောက်သည့် ရန်ပုံငွေနှင့် ချေးငွေပမာဏတို့ကြောင့် ထိုစိုက်ပျိုးရေး ချေးငွေ အစီအစဉ်မှာလည်း အမည်ခံမျှသာ ဖြစ်နေသည်။

စာရေးသူ၏ အတွေ့အကြုံများအရ အချို့သော ဒေသများတွင် ထိုချေးငွေ ပမာဏသည် ကျေးရွာမှ မြို့သို့သွားရောက်ရသည့် စရိတ်ကိုပင် ကာမိခြင်း မရှိသည်ကို တွေ့ခဲ့ရဖူးသည်။ အချို့သော ဒေသများ တွင်မူ ကုလနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတို့က အသေးစား ငွေကြေးဝန်ဆောင်မှု အစီအစဉ်များ ဆောင်ရွက်ကာ စိုက်ပျိုးရေး လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးပေးနေသော်လည်း လုပ်ငန်း နယ်မြေ၊ ဆောင်ရွက်ပိုင်ခွင့် ကန့်သတ်ချက်များကြောင့် ထို အသေးစားငွေကြေးဝန်ဆောင်မှု အစီအစဉ် များကို ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်း မပြုနိုင်ချေ။

တောင်သူလယ်သမားတို့သည် စိုက်ပျိုရေး စရိတ်အတွက် ပုဂ္ဂလိကငွေချေးသူများအပေါ်တွင် အမှီပြုနေရဆဲ ဖြစ်သည်။ အသေးစားငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများ၏ ဆောင်ရွက်မှု အတိုင်းအတာ ကျယ်ပြန့် လာလျှင်မူ တောင်သူလယ်သမားတို့၏ အခက်အခဲများ ထိုက်သင့်အားလျော်စွာ ပြေလည်လာမည် ဖြစ်သည်။
ယခုအခါတွင် အချို့သော အရင်းရှင် တို့သည် စိုက်ပျိုးရေးကဏ္ဍသို့ အလုံးအရင်း ထိုးဖောက် ၀င်ရောက်ရန် တာစူ လျက်ရှိကြသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အသွင်ပြောင်းအင်အားစုနှင့် အပေးအယူပြုထားပြီး ဖြစ်သည်။ ထိုအရင်းရှင်တို့၏ အကျိုးတူ စိုက်ပျိုးရေး လုပ်ငန်းဟူသည်မှာ အမြင်လှသော်လည်း စင်စစ်မှာမူ တောင်သူလယ်သမားတို့၏ လည်ပင်းကို စွပ်မည့်ကြိုးကွင်း၊ နောက်ကျောကို ထိုးမည့် ဓားသာလျှင် ဖြစ်သည်။

လွတ်လပ်မျှတသည့် အခြေအနေကာလမျိုးတွင် ထိုကဲ့သို့သော အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်းတို့သည် တောင်သူလယ်သမားတို့အတွက် အကျိုးကျေးဇူး တစုံတရာ ဖြစ်ပေါ်စေနိုင်သော်လည်း တဦး တယောက်တည်းက ဈေးကွက်ဝေစုကို လက်ဝါးကြီးအုပ် ရယူထားနိုင်သည့် ကာလ၊ ဈေးကွက်ချဲ့ထွင် ပြိုင်ဆိုင်ခြင်း ကင်းမဲ့သည့် အချိန်တွင်မူ ကျောမွဲကြီးများအတွက် မည်သို့သော အကျိုးကိုမျှ ဖြစ်ထွန်း စေနိုင်မည် မဟုတ်ချေ။ ပေါ်ထွန်းဖွယ်ရှိသော အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်းတို့သည် တောင်သူ လယ်သမား နင်းပြားတို့ကို ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုပ် အခြေအနေသို့ တွန်းပို့ပေလိမ့်ဦးမည်။ ယာရှင်ကို မျောက်မောင်း ကိန်းနှင့် ကြုံရပေလိမ့်ဦးမည်။

ထိုသို့ဖြစ်ခဲ့ပါမူ ၂၁ ရာစု တောင်သူလယ်သမားတို့ “ဥုံ အရဟံ သစ္စာ ဂတိတွေနဲ့ ဂဠုန်သရဏံ ဂစ္ဆာမိ” ကြရန် အကြောင်း ပေါ်လာချေဦးမည်။
မောင်ကြပ်ခိုး

2 comments:

မြစ်ကျိုးအင်း said...

ကဏ္ဍတိုင်းမှာတော့ ပြည်သူတွေက ကျပ်သထက်ကျပ်လာတယ်။
ဖိလွန်းတော့လည်း ကြွတာမျိုးက ဖြစ်နိင်တာပါပဲ။

sai said...

အမြင်တွေမကျယ်အောင်..ဘယ်လိုတွေလုပ်ထားလဲတော့ မသိဘူး...ဘာဂါထာတွေ၊ ဖင်ထောင်အောင်ရွတ်ဖတ်နေပြီး ဘယ်လိုအုပ်ချုပ်နေတယ်ဆိုတာမေးရမလိုဖြစ်နေပြီ။