Monday, January 17, 2011

လနဲ့ ယှဉ်တဲ့ အပြာရောင်ဂြိုဟ်

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၁ ရက်၊ တန်ဆောင်းမုန်းလပြည့်ညတွင် အပြာရောင်ရှိသော ဂြိုဟ်တစ်ခုကို လဘေးနားတွင် ယှဉ်လျက် အနေအထားဖြင့် တွေ့မြင်ခဲ့ရကြောင်း ....



ဒီနေ့ထုတ် Flower News ဂျာနယ်မှာ ဖော်ပြထားတဲ့ ထူးဆန်းသတင်းတစ်ပုဒ်ပါ။ ဒီဂြိုဟ်ပြာဟာ လအနီးမှာ ယှဉ်ရက် အနေအထားနဲ့ နီးကပ်နေတာကို တန်ဆောင်မုန်း လပြည့်ည ၁၁ နာရီကျော်ကနေ စတင်ပြီး မိုးကုတ်မြို့သူ မြို့သားတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို မမြင်ရခင်တည်းက မိုးကုတ်မြို့ထဲမှာ လနှစ်စင်းထွက်မယ်၊ လဘေးနားကနေ အရောင်တွေ ဖြာထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တယ် လို့လည်း ဆိုပါတယ်။ ဒီဂြိုဟ်ပြာဟာ ည ၁၁ နာရီ မိနစ် ၄ဝ မှာ လနဲ့ နီးကပ်သွားပြီး တိမ်ဖုံးကာစအထိ မြင်နေရတယ်၊ တိမ်နဲ့လ လွတ်အပြီးမှာတော့ ထပ်မမြင်ရတော့ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီထူးခြား ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဂျာနယ်တွေမှာ နက္ခတ်ပညာရှင်များဆိုတဲ့ ခေါင်းစဉ်နဲ့ လူတွင်ကျယ် လုပ်လေ့ရှိတဲ့ ဦးဇေယျာကိုက ဂမ္ဘီရဆန်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိလိမ့်မယ်။ ဒီဖြစ်စဉ်ကြောင့် မန္တလေး၊ မိုးကုတ်နားမှာပဲ ရေနံ၊ ဒါမှမဟုတ် သဘာဝဓာတ်ငွေ့တွင်းသစ် ကြီးကြီးမားမား ထွက်မယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဦးဇေယျာကိုတို့ရဲ့ နက္ခတ်ပညာရှင်အဖွဲ့ဟာ ဂြိုဟ်နှစ်လုံး ပူးရင်လည်း ပူးလို့၊ နေလကြတ်ရင်လည်း ကြတ်လို့ အစရှိတဲ့ ကောင်းကင်ပေါ်က မြင်သမျှ အလုံးအခဲတွေကို တွက်ချက် ဟောကိန်းထုတ်နေကျ အဖွဲ့ ဖြစ်ပါတယ်။ သူ့ဟောကိန်း မှန်၊ မမှန် စောင့်ကြည့်ပါမယ်။ မှန်လာရင် ဒီတွင်းထွက်က ရတဲ့ငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာကိုပါ ထပ်တွက်ကြည့်ခိုင်းမလားလို့ စိတ်ကူးထားပါတယ်။

ရန်းဂန်းအနေနဲ့ကရော ဒီသတင်းအပေါ် ဘယ်လို မှတ်ချက်ပေးမလဲ..ဆိုတော့ ဘယ်လိုမှ ဘာမှ မပေးလိုပါဘူး။ ကျွန်တော်က နှပ်ချေးပလေး အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဘာမှ ဝေဖန်လေလုံးထွားစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို ဖတ်မိတဲ့အခါ အရင် ၂ဝဝ၈၊ ဒီဇင်ဘာတုန်းက မြင်ဖူးခဲ့တဲ့ လမင်းကို ပြန်သတိရပါတယ်။ အဲဒီတုန်းက လပြည့်ညမှာ ပြည့်ဝန်းဝိုင်းစက်နေတဲ့ လမင်းကို မမြင်လိုက်ရဘဲ လခြမ်း သဏ္ဍာန်နဲ့ အရိပ်မည်းကြီးတစ်ခု ထိုးကျနေတာကိုသာ မှတ်မှတ်ရရ မြင်ခဲ့ရပါတယ်။ အဲဒီဖြစ်စဉ် ကိုလည်း သူရဇ္ဇမဂ္ဂဇင်းမှာ ဆောင်းပါးရှင်တစ်ဦးက အင်္ဂါဂြိုဟ်အရိပ် လပေါ် ထိုးကျတဲ့ ဖြစ်စဉ်လို့ သမုတ်ခဲ့ပါတယ်။ ဟုတ်မဟုတ်ကတော့ ကျွမ်းကျင်သူများသာ သိနိုင်ကြပါလိမ့်မယ်။

No comments: