Wednesday, February 9, 2011

မှတ်ကျောက်တင်ခံနိုင်တဲ့ ပညာ

ကိုင်း .. ဘယ့်နှယ့်ရှိစ.. ။ နက္ခတ်ဗေဒင်ပညာနဲ့ ရိုးမြေကျ ပေါင်းသင်းလာတဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာမှ နက္ခတ်ဗေဒင်ပညာကို အဲလိုအားစမ်းကြည့်လိုက်တာ အာခံသူတွေ အတော်လေး အထိနာသွား ပုံရပါတယ်။

ခေတ်အဆက်ဆက်တည်းက သိပ္ပံပညာရပ်ရဲ့ ခေါင်းစဉ်အောက်မှာ ဘယ်တုန်းကမှ လူရာအသွင်း မခံခဲ့ရတဲ့ နက္ခတ်ဗေဒင် ပညာရပ်ကို အိန္ဒိယနိုင်ငံ၊ ဘုံဘေတရားရုံးချုပ်ကနေ အချိန်နဲ့ရင်းပြီး မှတ်ကျောက်တင် ခံနိုင်တဲ့ သိပ္ပံပညာရပ် စစ်စစ် ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အခိုင်အမာ အတည်ပြုလိုက်ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အိန္ဒိယမှာ ဂျန်ဟစ်မန့်ခ်ျဆိုတဲ့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က လောကီဂမ္ဘီရပညာရှင်တွေနဲ့ နက္ခတ်ဗေဒင် ဆရာတွေကို ဆန့်ကျင်ကန့်ကွက်ရေး ပြဋ္ဌာန်းချက်တစ်ခု ရေးဆွဲဖော်ထုတ်ဖို့ တရားရုံးချုပ်ကို တင်ပြခဲ့ပါတယ်။ ဗေဒင်ဆရာတွေနဲ့ ဂမ္ဘီရပညာသည်တွေရဲ့ လုပ်ငန်းကိစ္စအဝဝကို ၁၉၅၄ ခုနှစ်၊ အိန္ဒိယဆေးဝါးနဲ့ဆေးကုသရေးဆိုင်ရာ အက်ဥပဒေအရ တားမြစ်ပိတ်ပင်သင့်တယ်လို့ ဒီအုပ်စုက တောင်းဆိုတင်ပြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီငနဲသားတွေ ကံဆိုးချင်တော့ အိန္ဒိယအစိုးရ ဆေးဝါးကွပ်ကဲရေး လက်ထောက်အတွင်းဝန် ဒေါက်တာ ရာမခရစ်ရှနားက ဒီအက်ဥပဒေဟာ နက္ခတ်ဗေဒင်လို သိပ္ပံပညာနဲ့ မသက်ဆိုင်ကြောင်း၊ နက္ခတ်ဗေဒင်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝဝ ကျော်လောက်တည်းက ယုံကြည်အားထားအပ်တဲ့ သိပ္ပံပညာရပ် ဖြစ်ကြောင်း ကျိမ်းကျိန်ထွက်ဆိုလိုက်တဲ့ အတွက် တရားသူကြီးတွေက သူတို့ တောင်းဆို တင်ပြချက်ကို ငြင်းပယ်လိုက်ပါတယ်။

ကိုင်း .. ဘယ့်နှယ့်ရှိစ.. ။ နက္ခတ်ဗေဒင်ပညာနဲ့ ရိုးမြေကျ ပေါင်းသင်းလာတဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာမှ နက္ခတ်ဗေဒင်ပညာကို အဲလိုအားစမ်းကြည့်လိုက်တာ အာခံသူတွေ အတော်လေး အထိနာသွား ပုံရပါတယ်။ တကယ်တော့ နက္ခတ်ဗေဒင် ပညာဟာ တခြားဗေဒင်နည်းစနစ်တွေနဲ့လားလားမှ မတူညီတဲ့ သိပ္ပံနည်းကျ ဗေဒင်ပညာရပ်တစ်ခု ဖြစ်ပါတယ်။ လူသားတွေရဲ့ ကံအကြောင်းတရားတွေကို ဘယ်လို ဘယ်ပုံ ဖြစ်လာမယ်ဆိုတာ တစ်စွန်းတစကနေ ပေါ်ပေါ်တင်တင်အထိ နိမိတ်ပြနေတဲ့ ကြယ်တာရာတွေရဲ့ ဘာသာစကားကို ပြန်ဆို ဖော်ပြပေးနေတဲ့ ပညာရပ်ကြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ဒီခေတ် ဒီအခါမှာ ဗေဒင်လို့ အသံကြားလိုက်တာနဲ့ လူ ၁ဝ ယောက်မှာ ၁ဝ ယောက်စလုံး နီးပါးက ဗေဒင်ဆိုတာ စာကလေး ဗေဒင်အစ၊ တားရော့ဖဲချပ်တွေ အလယ်၊ မဟာဘုတ်ဘာညာ အဆုံးလို့သာ အကြမ်းဖျဉ်း သိထားတဲ့အတွက် နက္ခတ်ဗေဒင်ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန် ပျောက်ကွယ်လုမတတ် ဖြစ်နေရပါတယ်။ ဒါ့အပြင် ရာသီဖွားအဟောတွေသာ ထင်ရှားပေါ်လွင်လွန်းနေတဲ့အတွက် လူအတော်များများဟာ ဇာတာဖွဲ့ဖို့ မွေးချိန်နာရီ၊ မိနစ် အတိအကျ လိုအပ်ကြောင်းကိုလည်း မသိကြတော့ပါဘူး။ ဇာတာခွင်တွေကို မြင်ရင်လည်း အဲဒါ အင်းချပ်တွေလားလို့ အမေးခံရဖူးတော့ ပြန်ဖြေရင် မိုးချုပ်သွားနိုင်တဲ့အတွက် မဟုတ်ပါဘူးဗျာ တစ်ခွန်းနဲ့သာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။

ဘယ်နည်းနဲ့ ဟောဟော၊ ဗေဒင်ဆိုတာ မှန်ကန်မှု ရှိရင်၊ ဗေဒင်မေးသူ စိတ်ချမ်းသာရင် ပြီးတယ်လို့ ခံယူထားပေမဲ့ ကျွန်တော် ချစ်မြတ်နိုးလှတဲ့ နက္ခတ်ဗေဒင်ပညာရပ်ကိုတော့ နောင်ရာစုနှစ်များစွာအထိ အဓွန့်ရှည် တည်တံ့စေလိုပါတယ်။ တကယ်တတ်လို့ အမှန်တော်သော၊ တကယ်မှန်လို့ သူကောင်းပြု ခံရသော နက္ခတ်ဗေဒင်ပညာရှင်များ ကမ္ဘာတည်သရွေ့ တည်ရှိနေပါစေသား။

3 comments:

Numan said...

ဒီသတင်းကို ဝေမျှပေးတာ ကျေးဇူးပါပဲ.. ကိုရမ်းဂမ်းရေ။
နျူမာန် (မိုးတား)

ဇေယျာမောင် said...

http://phyowaikyaw.blogspot.com/2007/05/blog-post_31.html

ဒီပို့ စ်လေးကို ဖတ်ကြည့်လိုက်ရင် ရှေးဟောင်းအိန္ဒိယနက္ခတ်ဗေဒင်ပညာရှင်ကြီးတွေဟာ သိပ္ပံပညာရပ်ရဲ့ ပင်မရေသောက်မြစ်တွေဖြစ်တဲ့ သချာင်္ပညာနဲ့ ရူပဗေဒပညာတွေမှာ ဘယ်လောက်ထိ ခေတ်ရှေ့ ပြေးခဲ့သလဲ ဆိုတာ စာဖတ်သူတွေ သိပါလိမ့်မယ်။ ပညာဆိုင်ရာ သတင်းလေးတွေမျှဝေ
တဲ့အတွက် ကျေးဇူးပါ ဆရာရမ်းရေ . . .

အိမ် said...

ဗေဒင်ကိုခုတုန်းလုပ်ပြီး ရိုက်စားလုပ်တဲ့ သူတွေရှိနေလို့ ဒီလိုဖြစ်နေတာ ထင်တာပဲဗျာ .. ဥပမာ ဘလော့မှာ နာမည်ကြီးနေတဲ့ ကိုရမ်းဂန်းလို လူမျိုးတွေပေါ့ ...အဟိ