Thursday, February 17, 2011

ချစ်ကြ၊ မုန်းကြ၊ ကွဲကြသည်

ပြီးခဲ့တဲ့ တစ်နှစ်လုံး ရန်းဂန်းတို့ အကျိုးပေးချက်က ရည်းစားကွဲ၊ လက်တွဲဖြုတ်ကြသူတွေ ဇာတာချည်း စစ်နေရတယ်။ တစ်ကမ္ဘာလုံး စီးပွားကျနေချိန်မှာ အလုပ်အတွက် ဗေဒင်မေးသူထက် ရည်းစားနဲ့ အဆင်မပြေလို့၊ ရည်းစားက နှစ်အချိုးတစ်လို့၊ ရည်းစားက လည်ပင်းညှစ်လို့ ဆိုတဲ့ ယောင်္ကျား၊ မိန်းမတွေချည်း မြင်နေ တွေ့နေရတယ်။

သောကြာသမီးတစ်ယောက်ဆို ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ကလူကျီစယ်နေပြီးမှ ဟိုက သစ္စာဖောက်လို့ သေမလို၊ ရှင်မလို ဖြစ်သွားတယ်။ တွက်ချက် ကြည့်တော့ ငနဲမ သောကြာသမီးက လာဘော လောကဓံလို့ လူသိများတဲ့ စန်းပွင့်၊ ထီပေါက် တကယ့်ဂွင်ကောင်းကောင်းထဲ သက်ရောက် နေတာ။ အချစ်ရေးဂြိုဟ်လို့ ဗေဒင်ဆရာတွေ အမွှမ်းတင်တဲ့ တနင်္လာဂြိုဟ်ကလည်း တိုင်ထိပ်မှာ ခေါင်မိုး ပေါက်မတတ် ထောင်တက်နေတာ။ ကပ်ဂြိုဟ်ကလည်း ကောင်းမှကောင်း လာဘဂြိုဟ်ကြီး။ ဒါပေမဲ့ ဖြစ်ချင်တော့ သောကြာသမီးနဲ့ ရောက်သက် တနင်္လာက ( သောက ) လို့ လူသိများတဲ့ ဌာနပမာဏ ရန်ဓာတ် မိနေတယ်။ သူ့မွေးနံ သောကြာကလည်း တန်းကပ်မှာ ( သောက) ကြိုးပဲ တည့်တည့် မိတယ်။ သူ့အသည်းကျော်ကလည်း နိစ်ကြီးက ဗုဒ္ဓဟူးနံ ဖြစ်နေတယ်။ ပြီးရောပေါ့ ဇာတ်လမ်း။ တစ်ခန်းရပ် သွားတယ်။

နောက်တစ်ယောက်ကျ တနင်္လာသမီး ၊ ဘုမ္မိစနေထဲ သက်ရောက်နေတယ်။ မွေးနံလည်း ဖြစ်၊ အချစ်ဂြိုဟ်လည်း ဖြစ်တဲ့ တနင်္လာက တိုင်ခြေမှာ လူးလှိမ့်လို့။ ဇေယျ သောကြာကြီးကပ်လို့ ကောင်းတစ်ခါ ဆိုးတစ်လှည့် ဖြစ်မယ်လို့ ယူဆစရာ။ ဒါပေမဲ့ မူလမဟာဘုတ်မှာ ပုတိဖွားတနင်္လာသမီး ဖြစ်နေတော့ ရောက်သက်စနေ၊ ဆပွတ်ဂြိုဟ်နဲ့ ပက္ခရိုက်သွားတယ်။ အချစ်ရေးကြောင့် နှလုံးသည်းပွတ်တစ်ခုလုံး ကြိမ်မီးရော ဖွဲမီးရော ကောက်ရိုးမီးပါမကျန် အုံထားသလို ပူပူလောင်လောင် ဖြစ်နေရပြန်တယ်။ မြန်မာ့ဆန်းကျမ်းက ချစ်စရာကောင်းတာ တစ်ခု တွေ့ရတယ်။ သူ့ရည်းစား ကိုကို ဗုဒ္ဓဟူးသားကို ဒွါယ တနင်္ဂနွေ ကပ်ထားတော့ ငနဲက ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းတဲ့အဖြစ်မျိုး တိုးပြီး တနင်္လာသမီးက အီစိမ့်နေအောင် ခံစားလိုက်ရရှာတယ်။ အော် တနင်္လာအတွက် ဗုဒ္ဓဟူးက အတွင်းမိတ်လည်း ဖြစ်တယ်နော.။ သူ့စားခွက်ကို ဖြတ်ခုတ်တဲ့ မိန်းခလေးကလည်း ဗုဒ္ဓဟူးပဲ ဖြစ်နေပြန်တယ်။ ဒိအချက် ကလည်း ဆန်းဆိုမှ ဆန်းပဲ။

လာထား နောက်တစ်ယောက် သူ့ကျ စနေသား၊ ကြာသပတေးမှာ သက်ရောက်တယ်။ (ဓမ္မာ) ဌာနပမာဏ ရန်ထဲမှာပဲ။ ဖြစ်ချင်တော့ အဲဒီ ကြာသပတေးကြီးက မူလမဟာဘုတ်မှာ မရဏဂြိုဟ်။ စနေသားရဲ့ ဆပွတ်စုတ်ဂြိုဟ်။ ဒီတော့ ဘယ်လို ဖြစ်သလဲ။ ရင်နှစ်သည်းချာ ချစ်ရပါသော နှမတော်က သစ္စာတရားကို ခါးဝတ်ထဘီလောက်တောင် မမြဲတော့ဘူး။ ချစ်လှစွာသော စနေသား နဂါးကြီးလည်း ဘာခံနိုင်မှာလဲ ကြေကွဲပေါက်ကွဲ ဖြစ်ရရှာတယ်။ ဆိုးချင်တော့ အချစ်ဂြိုဟ် တနင်္လာက အောက်အပေါ် ဆန်းကျင်ပြီး ပြမှာ ခိုတယ်။ စနေသား ကိုယ်တိုင်ကလည်း တန်းကပ်မှာ ကိစ္စကပ်လေတော့ သွေးမတိတ်တဲ့ ဒဏ်ရာ မွေးမြူနေလေတော့တယ်။

ဒီလို နှလုံးသားရေးရာ ချူချာမှု ဖြစ်ရပ်တွေကို လေ့လာကြည့်တိုင်း လူပြောသူပြောများပြီး လူပြိန်းတွေ ဖင်ပိတ်ငြင်းတတ်တဲ့ ( ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ) လင်္ကာလေးကို သွားမြင်ရတယ်။ စနေနဲ့ ကြာသပတေး၊ သောကြာနဲ့ တနင်္လာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါတွေက မတည့်ဘူး မယူနဲ့ ယူရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတဲ့ တစ်လုံးသိ တစ်မယ်သိနဲ့ ခြိမ်းခြောက် ငွေရှာတဲ့ ဗေဒင်ဆရာဆိုသူတွေကို မြင်ယောင်မိတယ်။

အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲနူတ်ဆက်သွားရတဲ့ ချစ်သူတွေမှာ ဌာနပမာဏရန်၊ ဆပွတ်ဂြိုဟ်ပက္ခ၊ စန်းဂြိုဟ်နဲ့ ဆန်းကျင်ဂြိုဟ်တွေ၊ ဒွါယဂြိုဟ်တွေက တခမ်းတနား ပါဝင်ပက်သက် နေတယ်။ အချစ်ရေး အဆင်ပြေအောင် ၊ ပြန်ပြေလည် အေးချမ်းသွားအောင် ဘာယတြာ ပေးမလဲ။ ဘာမှ မပေးဖြစ်ဘူး။ ဓာတ်ရိုက် ဓာတ်ဆင် လုပ်ပြီး သူ့ကို ပြန်ခေါ်ပေးပါတဲ့။ ဘာဓာတ်မှ မရိုက်ဖြစ်ဘူး။ ဘာဓာတ်မှလည်း မဆင်ဖြစ်ဘူး။ ရန်းဂန်းက ကိုယ်ချင်းမစာ ယတြာမပေးဘဲ ငုတ်တုတ်မေ့ပြနေလို့ အားမလို အားမရနဲ့ ဘိုးတော်ဘွားတော်ဆီ သွားကြတယ်။ ဘာမှ ဖြစ်မလာဘူး။ ပိုက်ဆံကုန်၊ အချိန်ကုန် လူတောင် ပင်ပန်းသေးတယ်။

အလွယ်ဆုံးနဲ့ လုပ်ရမှာ အခက်ဆုံးတစ်ခုပဲ ပြောပြလိုက်တယ်။ မေတ္တာပို့ပါ။ ကိုယ့်ဆီ ပြန်လာစေချင်သူကို လေးလေးနက်နက် မေတ္တာပို့ပါလို့ ဒီတစ်ခွန်းပဲ ပြောဖြစ်တယ်။ ဒီလို ပို့သနေတဲ့ ကြားက ထွက်ပြေးသွားလည်း ဘာဖြစ်လဲ။ One Go ,Two Come ,There Wait , Four Ready ပေါ့။ ဆရာသမားတွေ သွန်သင်ပြဆိုထားတဲ့ ခွေး၊ ငှက် အစာကျွေးတာကျတော့လည်း ငွေမကုန်တဲ့ ယတြာမို့ တန်ဖိုးထားမယ် မဟုတ်ဘူး။ ဒါတွေ သိလို့ ဘာမှကို မပေးဘူး။ ကဲ မှတ်ကရော။

ဘဝတိုတိုလေးမှာ ဘာလို့များ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် လုပ်နေမလဲ။ စကားမစပ် .. ကျွန်တော်တို့ ပိတောက်တွေလည်း အချိန်မှန် မပွင့်တော့တာ နှစ်အတန်ကြာပြီနော.. ဟက်ဟက်။

10 comments:

ဟိန်းတင့်ဇော်(ဗလာ) said...

ခိုက်တယ်ဗျာ။ ဒီပို့လေးကို အကြိုက်ဆုံးပဲ...
ခင်မင်စွာဖြင့်
ဟိန်းတင့်ဇော်

Heartmuseum said...

အသဲကွဲသူများ အကြောင်းကို အသဲကွဲသူ လာဖတ် သွားတယ်။ .....ဟမ်....... :D

ko visio said...
This comment has been removed by the author.
Ko Verse said...

မေတ္တာလည်းပို့ပါ့မယ်။ ငှက်စာလည်းကျွေးပါ့မယ်။ :P

kosoe said...

နောင်တစ်နှစ် စန်းစနေပက္ခကြီးနော် ဟင်းဟင်းး ။

gausethee said...

မေတ္တာတော့ပို့ပါတယ် .... ငှက်စာလည်း ကျွေးပါ့မယ် ကိုကို ရမ်းဂန်းရယ် ... :P

Dream said...

:P

အူးအူး ယန်းဂန်းးးး တမီးရဲအတဲကွဲနေယို့ ....
မစ်တာပို့လိုက်ဦးမယ်.. ဟီးးဟီးး

ပိတောက်တွေလဲ သစ္စာမရှိတာကြာပြီ လူတွေနဲ့တူလို့ ..
:P

Aung Paing Lin said...

ဦးဦးယောင်ဂမ်.. တားတားရော တားတားဘယ်တော့မှ လှေနံနှစ်ဖက်နင်းနိုင်မလဲ တိပါရချေ..ခင်ဂျ။

poemflower said...

Ko Young Gun ကလည်း စာကြည့်တိုက်ကို ငေးပဲကြည့်သွားတယ် ၀င်လာတာမဟုတ်ဘူး :)
ဧရာဝတီစာကြည့်တိုက်

poemflower said...

Ko Young Gun ကလည်း ကြည့်ရုံပဲကြည့်သွားတာ ကိုး အလည်ဝင်လာတာမဟုတ်ဘူး :)