Thursday, March 31, 2011

ဒီလိုကျင့်ကြံခဲ့ဖူးသည် (၂)

အုတ်နံရံပေါ်တွင် စကားလုံးရာထောင်ချီ ရေးဖြစ်ခဲ့သော စိတ်ကူးထဲမှ စာစီစာရိုက်သံများသည်ကား ယခုအခါ အသက်ဝင်လာပြီဟု ဆိုရပါမည်။

တခါက ကျွန်တော်သည် လူသူလေးပါးနှင့် အဆက်ပြတ်သော အရပ်ဒေသတစ်ခုသို့ မမျှော်လင့်ဘဲ ရောက်ရှိခဲ့သည်။ ထိုစဉ်က ကွန်ပျူတာသင်တန်း တက်ကာစ ဖြစ်သောကြောင့် ကီးဘုတ်လက်ကွက်များ မြန်ဆန် သွက်လက်စေရန် မပြတ် လေ့ကျင့်နေ ရသော အချိန် ဖြစ်သည်။ အကြောင်းအကြောင်းကြောင့် အများနှင့် ကင်းကွာသော ထိုအရပ်သို့ ရောက်ရှိသွားသောအခါ ကီးဘုတ်ပေါ်မှ ကျွန်တော့်လက်ချောင်း များသည် အုတ်နံရံပေါ်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့ရသည်။ ဟုတ်ပါသည်။ မာကျော အေးစက်သော အုတ်နံရံများပေါ်မှာ စာလုံးအမျိုးမျိုးပေါင်းကာ ကျွန်တော် စာစီစာရိုက် လေ့ကျင့် ခဲ့ဖူးပါသည်။

ထိုညကို ကျွန်တော် ကောင်းစွာ မှတ်မိပါသည်။ တံဆိပ်အမှတ်သားများ၊ ဝရုန်းသုန်းကား အော်ဟစ် ပြောဆိုသံများ၊ စူးရဲဝင်းလဲ့သော ဓာတ်မီးတန်းများ၊ ဆိုင်ကယ်လီဗာကို ဆောင့်နင်းသံများ ဖုန်ထူထူ နှင့်အတူ ပျံ့လွင့်နေခဲ့သည်။ ရှေးဘဝ အကြောင်းကံတစ်ခုဖြင့် ရောက်ရှိလာသော ထိုအရပ်တွင် ကျွန်တော် နေတတ်အောင် နေရမည်ဟု သိပါသည်။ စူးစမ်းလိုစိတ်များ ဖုံးဖိမရ ဖြစ်နေသည့် ဘဝတူများကိုလည်း ကျွန်တော့် မျက်နှာက ပြုံးပြခဲ့သည်။ ထိုနောက်တွင် အခန်းထောင့် တစ်နေရာမှာ ကျွန်တော် ကျောခင်းလှဲ ချခဲ့ပါသည်။ ကျောပြင်နှင့် အေးစက်ပြတ်သားသော ကြမ်းပြင်တို့ အထိအတွေ့ မှာပင် ကျွန်တော့် နူတ်ဖျားမှ ရွတ်ဆိုနေကျ စကားလုံးများ ထွက်ကျလာခဲ့ပါသည်။

နမောတေ ဗုဒ္ဓ ၀ီရတ္ထု၊
ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊
တဿ မေ သရဏံ ဘ၀။

မွန်ရည်ပုံ ရှိသလောက် ခက်ထန်တင်းမာသည့် မျက်နှာထား ရှိသော ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် ကျွန်တော် စကား အတန်ကြာ ပြောခဲ့သည်။ အကျိုးသင့်၊ အကြောင်းသင့် စကားများကို ရင်ထဲက အသံ အတိုင်း ရှင်းပြခဲ့သည့်တိုင် သူက ယုံဟန်မပြ၊ ထို့ကြောင့်ပင် လူကောင်းသူကောင်းတို့ မနေအပ်သော ထိုအရပ်သို့ ကျွန်တော် တဖန် ပြန်အပို့ခံခဲ့ရသည်။ မည်သို့ဆိုစေ ကျွန်တော့် လက်ချောင်းများက အုတ်နံရံပေါ် ပြေးလွှား စာစီနေဆဲ။ ကျွန်တော့်နူတ်မှ တိုးတိုးဖွဖွ ရွတ်ဆိုနေဆဲ။ ကျွန်တော့် အာရုံအသိ တို့တွင် ထိုစကားလုံးတိုင်း၏ အနက်အဓိပ္ပါယ်တို့ နက်ရှိုင်းစွာ နေရာယူ နေဆဲပင်။

ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ် ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော် မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီ တန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော် မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာ ရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက် ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။

လာခေါ်ခဲ့သော လူကြီးမင်းများ ကိုယ်တိုင် ပြန်ပို့ရန် ပြင်ဆင်နေချိန်တွင် ကျွန်တော့်မျက်လုံးများကို မှိတ်ကာ လက်အုပ် ချီလိုက်မိပါသည်။ ကားစက်နှိုးသံသည် ကျွန်တော့် တောင်ပံတို့အား သော့ရိုက် ဖွင့်သံနှင့် အလားသဏ္ဍာန်တူလှသည်ဟု အောင့်မေ့မိပါသည်။

အိမ်ပြန်အရောက်တွင် အမေသည် အရောင်လွင့်နေသော စောင်ဖြူလေးကို ပင့်တင်ပြီး ကံမ၍သာ ပြန်မြင်ခွင့် ရသော သူ့သားကြီး ကျွန်တော့်ကို အငိုတစ်ဝက်ဖြင့် လွှမ်းရုံပေးခဲ့သည်။ အမှောင်ထုတွင်းသို့ ခုန်ဝင် ပျောက်ကွယ်ပြီးမှ အလင်းသို့ တဖန် ပြန်လည်လာသော ထိုတစ်ညကို ကျွန်တော့် မှတ်ဥာဏ်မှ ယခုတိုင် ပြန်ထုတ်၍ မရသေးပါ။ ထိုနည်းတူပင် ကျွန်တော့်နူတ်ဖျားမှ မချစတမ်း ရွတ်ဆို အာရုံပြုနေ ခဲ့သော စကားလုံးများကိုလည်း ကျွန်တော် ယနေ့ထိ မေ့ဖျောက်ရမည် မဟုတ်။ အုတ်နံရံပေါ်တွင် စကားလုံး ရာထောင်ချီ ရေးဖြစ်ခဲ့သော စိတ်ကူးထဲမှ စာစီစာရိုက်သံများသည်ကား ယခုအခါ အသက်ဝင် လာပြီဟု ဆိုရပါမည်။

အကယ်၍ စာရှုသူလည်း ကျွန်တော့်နည်းတူ မွန်းကြပ်လွန်းလှသော ကျဉ်းထဲကျပ်ထဲ အခြေအနေ တစ်ရပ်တွင် ရောက်ရှိ တော့မည်၊ သို့မဟုတ် ရောက်ရှိနေသည် ဆိုပါစို့။ မဆုတ်နစ်သော လုံ့လ၊ တည်ကြည် ခိုင်မြဲသော ယုံကြည်ချက် တို့ဖြင့် ကျွန်တော် ကိုယ်တိုင် နူတ်တက်ရွရွ ရွတ်ဆို အာရုံပြု ခဲ့သော ထိုစကားလုံးများအတိုင်း အသံထွက် ကြည့်လိုက်ပါဟု...။

No comments: