Sunday, April 3, 2011

ကိုယ်ပိုင်တားရော့ ရှာပုံတော်

တားရော့ဝါသနာပါတဲ့ တချို့သူငယ်ချင်းတွေက လာမေးကြတယ်။ ကိုယ်ပိုင်တားရော့ကတ် ဆောင်ချင်လို့ ဘယ်လို ရွေးချယ် သလဲတဲ့။ သူတို့အနေနဲ့ တားရော့ကို ပညာရှင်တွေ၊ ဆရာ့ဆရာတွေ ညွှန်ပြထားတဲ့ အတိုင်း ငွေကံကောင်းချင်ရင် ဘယ်ကတ်၊ အချစ်ရေး အဆင်ပြေချင်ရင် ဘာကတ် အစရှိတဲ့ အသင့်သုံး အဆောင်ကတ်တွေကို မဆောင်ချင်ဘဲ ကိုယ်ပိုင်ကတ်ကိုမှ ရှာဖွေ အဆောင်ပြုချင်ပါသတဲ့။

ရော်. ခက်ပြီ။ ကိုယ်ကလည်း တားရော့ကိုလက်ကုန်နှိုက် လိုက်စားနေသူလည်း မဟုတ်၊ တားရော့မှော် ပေါက်ထားသူလည်း မဟုတ်၊ တားရော့ကို သူလိုငါလိုလောက်သာ လေ့လာမြည်းစမ်းဖူးရုံ ဆိုတော့ ဘယ်လို အကြံပေးရမယ် မသိ။ ဒါနဲ့ပဲ ဟိုလှန်ဒီလှန် ဟိုလျှောက်ရှာ၊ ဒီလျှောက်ရှာ လုပ်လိုက်တာ မြီးကောင်ပေါက် အရွယ်က ဗေဒင်မဂ္ဂဇင်းတွေဆီကနေ တိုတိုထွာထွာ ဗေဒင်နည်းတွေ စုစည်းထားတဲ့ မှတ်စုဟောင်းလေး တစ်အုပ်မှာ သွားတွေ့ပါတယ်။ ဒါပေမဲ့ ဒီနည်းက တားရော့ကတ်ကို အလိုအလျောက် ထုတ်ချင်းပေါက် နားလည်သွားစေနိုင်တဲ့ ကျင့်စဉ်သိ ကိုယ်ပိုင်တားရော့ ရှာဖွေနည်း မဟုတ်ဘဲ ဂဏန်း ဗေဒင်ကနေ တစ်ဆင့် ရှာဖွေ ဖော်ထုတ်တဲ့နည်းသာ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဝါသနာရှင်တွေ၊ လေ့လာလိုသူတွေအတွက် အသုံးတည့်မယ်လို့ ယူဆပြီး ဒီဘလော့ဂ်မှာ ဖောက်သည် ထပ်ချပေး လိုက်ပါမယ်။

ကိုယ့်မွေးသက္ကရာဇ်( ရက်၊ လ၊ နှစ် ) အကုန် ချရေးကြည့်ပါ။ ပြီးရင် တစ်ခုတည်းသော ဂဏန်း ဖြစ်အောင် ပေါင်းလိုက်ပါ။ ပေါင်းပုံပေါင်းနည်းက တခြားဂဏန်းဗေဒင်နည်းတွေနဲ့ မတူဘဲ တြိဂံဇောက်ထိုး ပုံသဏ္ဍာန်နဲ့ တူပါတယ်။ အဆင့်ဆင့် ပေါင်းတဲ့ အခါ ရကိန်းကို ဂဏန်းတစ်လုံးတည်း ကျန်အောင် မလုပ်ပါနဲ့ဦး။ ရကိန်း တွေကို အဆင့်ဆင့် ပေါင်းရမှာသာ ဖြစ်ပါတယ်။ နောက်ဆုံးရလဒ်က ၂၂ ထက်ကျော်ရင်တော့ ပြန်နုတ် လိုက်ပါ။ ကျန်ဂဏန်းက တားရော့ကိုယ်ပိုင်ကတ် ဖြစ်လာပါလိမ့်မယ်။

ဥပမာနဲ့ ပြရင် ရှင်းပါလိမ့်မယ်။

ကျွန်တော့် သူငယ်ချင်းက ၁၆.၁၁.၁၉၈၄ မှာ မွေးပါတယ်။ ဟောသလို ဂဏန်းတွေကို စီချလိုက်ပါမယ်။

၁၆ (၁+၆=၇ ).၁၁ (၁+၁=၂ ). ၁၉၈၄ (၁+၉-၈-၄=၂၂=၄)

၇+၂+၎

ဒီအဆင့် ရောက်တဲ့အခါ သတိထားရပါမယ်။ တခြားဂဏန်းဗေဒင်တွေ အကုန်လုံး တန်းစီပြီး တစ်လုံးတည်း ကျန်အောင် ပေါင်းတာမျိုး မလုပ်ရပါဘူး။ အောက်ပါအတိုင်းသာ ပေါင်းစပ်ရမှာ ဖြစ်ပါတယ်။

၇+၂ / ၂+၎

၉/ ၆

ဒီလို ကျန်တော့မှ အကုန်ပေါင်းလိုက်ပါ။

၉+၆= ၁၅  တားရော့မေဂျာကတ်တွေရဲ့ အစဉ်အရ နံပါတ် ၁၅ ဟာ ( The Devil Tarot Card ) ဖြစ်ပါတယ်။

The Devil ကတ်ဆိုလို့ မျက်လုံးပြူးမသွားပါနဲ့။ ပုံကို ကြည့်ပြီးတော့လည်း စိတ်မချမ်းမသာ ဖြစ်စရာ မလိုပါဘူး။ မိမိရဲ့ မွေးဂဏန်းတွေကနေ ပေါက်ဖွားလာတဲ့ ကိုယ်ပိုင်တားရော့သာ ဖြစ်တဲ့အတွက် ကတ်ဆိုးတာ၊ ကောင်းတာကို ခေါင်းထဲ မထည့်ပါနဲ့လို့ သူငယ်ချင်းကို တိုက်တွန်းခဲ့ပါတယ်။ တကယ်တော့ တားရော့တွေမှာတင် မဟုတ်ပါဘူး။ဘယ်အရာမှာမဆို ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဒွန်တွဲနေစမြဲပါ။ ဆက်ပြောရင် တာအိုတွေဆီ အလည်အပတ် ရောက်သွားနိုင်တာမို့ ဒီနားမှာ ခဏရပ်ပါမယ်။

ဒီတိုင်းဆို ကိုယ်ပိုင်တားရော့ ဘယ်လိုရှာမယ်ဆိုတဲ့ နည်းစနစ်တစ်ခုကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဘယ်နံပါတ်က ဘယ်ကတ်ကျတယ် ဆိုတာကိုတော့ ဒီလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။ ကိုယ်ပိုင် တားရော့ သိတော့ ဘာလုပ် မလဲ။ ဟုတ်ကဲ့။ တချို့ကတော့ ဆောင်တာ ဝါသနာပါလို့ အိတ်ကပ်ထဲ၊ ပိုက်ဆံအိတ်ထဲ ရေမွှေးလေး ဆွတ်ပြီး ထည့်ဆောင် ကြတယ်။ တချို့ကတော့ ထူးထူးခြားခြား ကိုယ်ပိုင်တားရော့ကို ကသိုဏ်းရှုကြပါတယ်။ ဘာအကျိုးကျေးဇူးတွေ ရမလဲတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ မထူးရင်တော့ မရူးသေးလို့သာ အောင့်မေ့ပေတော့ဗျာ။

မြန်မာလို တာရို၊ တဲရော့၊ တားရော့ ဘယ်လို အသံတွေ ထွက်ထွက် ဒီကတ်ပြားလေးတွေရဲ့ အနက် အဓိပ္ပာယ်တွေက ပြောင်းလဲမသွားဘဲ ဝါသနာပါသူ၊ ယုံကြည်သူတွေကို တားရော့ကတ်ပြားလေးတွေက ရွှေနန်းတော်ဆီ ရောက်အောင် ခေါ်ဆောင်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီစာစုလေး နဲ့အတူ အရင်က ရေးသားဖူးတဲ့ တားရော့အကြောင်း တွေကိုလည်း မဖတ်ရသေးရင်၊ စိတ်ပါဝင်စားရင် လေ့လာ သွားနိုင်ပါတယ်။ တားရော့ဝါသနာရှင်၊ ပညာရှင်များအားလုံး မင်္ဂလာပါ။

2 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဒီအကြောင်း ရေးသင့်တာ ကြာပြီ ညီလေးရေ၊
အရမ်း စိတ်ဝင်စားတယ်။

Apple said...

အပြင်မှာ ဒီလို အကြောင်းအရာမျိုး ရှာဖတ်ရတာ မလွယ်ဘူး။ အခုလို ဘလော့ခ်လေးမှာ ရေးထားတော့ အဆင်ပြေသွားတယ်။ မသိတာတွေ သိသွားတယ်။ ကျေးဇူးတင်တယ်။ ဆက်ရေးပေးဖို့  မေတ္တာရပ်ခံပါတယ်။