Monday, April 25, 2011

ဗေဒင်သင်တန်း နှစ်ပတ်လည် အခမ်းအနားသို့

သင်တန်းဆင်း ကျောင်းသားတွေက သင်ကြားပြီး ဖြစ်တဲ့ ဗေဒင်ပညာရပ်တွေအပြင် ထပ်ဆင့်ပွား လေ့လာထားတဲ့ သုတေသနပြုချက်တွေနဲ့ ပက်သက်တဲ့ စာတမ်းတွေကိုပါ ဖတ်ကြားသွားနိုင်ဖို့ စီစဉ် ထားတယ်

မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းရဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို သင်တန်းကျောင်း တည်ရှိရာ ဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ဗဟန်းကြားတောရလမ်းမှာ ရှိတဲ့ သမဝါယမဝန်ကြီးဌာန ဓမ္မာရုံမှာ မနက်ဖြန် ဧပြီလ ၂၆ ရက်နေ့၊ မနက် ၉ နာရီကနေ ၁၂ နာရီအထိ ကျင်းပမယ်လို့ Eleven Media သတင်းမှာ ဖော်ပြထားပါတယ်။

အသင်း အထွေထွေအတွင်းရေးမှူး ဆရာဇေယျာမိုး (ဝေဒဗိမန်) က အခမဲ့ဗေဒင်သင်တန်းက သင်တန်းဆင်း ကျောင်းသား တွေက သင်ကြားပြီး ဖြစ်တဲ့ ဗေဒင်ပညာရပ်တွေအပြင် ထပ်ဆင့်ပွား လေ့လာထားတဲ့ သုတေသနပြုချက်တွေနဲ့ ပက်သက်တဲ့ စာတမ်းတွေကိုပါ ဖတ်ကြားသွားနိုင်ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။

ကျွန်တော် သိသလောက် ပြောရရင်တော့ ဒီအသင်းဟာ နက္ခတ်ဗေဒင်သင်တန်းတွေနဲ့ မတူဘဲ တစ်မူ ထူးခြားစွာနဲ့ မြန်မာ့ရိုးရာဗေဒင်ပညာရပ်တွေကိုသာ အလေးထား သင်ပေးနေပါတယ်။ သင်တန်းက ဆရာ အတော်များများက ဂမ္ဘီရမဂ္ဂဇင်းမှာ ဗေဒင်ဆောင်းပါးတွေ ရေးသားနေသူတွေ ဖြစ်ပါတယ်။ သင်တန်းမူ တွေကလည်း ကျွန်တော် မြင်ဖူးသလောက် ပြောရရင် အတော်လေး ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ ဒီခွင်ရောက်ရင် ဒီလိုဟာ ဟောထည့်လိုက် ဆိုတဲ့ ပုံစံခွက် ဟောနည်းတွေထက် ဘယ်လို ဘာ့ကြောင့် ဟောချက် ထုတ်ရမယ် ဆိုတဲ့ အတွေးတွေကိုပါ ထည့်ပေးထားတာ တွေ့ရပါတယ်။

ဒီလို အတွင်းကျကျတွေ ပြောနေလို့ ရန်းဂန်းက အဲမှာ သင်တန်းတက်နေသလား ဆိုရင် မဟုတ်ပါဘူးလို့ ငြင်းပါတယ်။ သင်တန်းသား မဟုတ်ရင် ဆရာကော လုပ်နေသလားဆို ပိုလို့တောင် ဝေးပါသေးတယ်။ အဲဒီက ဆရာတွေနဲ့ သိသလား ဆိုရင်လည်း မသိပါဘူးဗျာ။ သင်တန်းတက်နေသူ တစ်ယောက်ဆီက သင်တန်းမူ တစ်မျက်နှာလောက်လေးကို လျှပ်တပြက်လေး ဖတ်ကြည့်ဖူးရုံပါ။

လောလောဆယ် မြန်မာနိုင်ငံမှာ ဝေဒသုတေသနအဖွဲ့၊ နက္ခတ်ဗေဒင်အဖွဲ့နဲ့ အဲဒီရိုးရာဗေဒင်အဖွဲ့ သုံးဖွဲ့ပဲ တည်တည်ငြိမ်ငြိမ် ရှိနေတာ တွေ့ရတယ်။ တခြားသော ဗေဒင်သင်တန်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အရင်ကတော့ အဘမင်းသိင်္ခရဲ့ ဧကံသ ဗေဒင်သင်တန်းကြီး ရှိခဲ့တာပေါ့ဗျာ။ အဲဒီတုန်းက ဇွန်လရဲ့ မိုးရေစက်တွေ အောက်မှာ ကျွန်တော်သည်လည်းပဲ မသင်မီက တတ်နှင့်သူ အဖြစ် ဂုဏ်ယူ ဝမ်းမြောက်ခဲ့ ဖူးလေရဲ့။

ဗေဒင်သင်တန်းပေးတဲ့ အသင်းအဖွဲ့တွေ ၊ ဗေဒင်ဆရာတွေ ပေါများလာတာကိုက မြန်မာပြည်သူ ပြည်သားတွေ ဗေဒင်အတတ်ပညာကို အမှန်တကယ် ပိုပြီး ယုံကြည် ကိုးစားလာကြလို့များလား၊ ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခံရတဲ့ ဟိုသင်းတွေလို ရရာ ထွက်ပေါက် ရှာလာကြတာများလား၊ ဒါလေး တတ်ထား၊ ထမင်းတော့ မငတ်လောက်ဘူး ဆိုပြီး သင်နေကြတာလား၊ အရပ်ထဲ ဇာတ်ထဲ ဆရာ အခေါ်ခံချင်လို့ များလား၊ .. အတွေးပေါင်းများစွာနဲ့ ခေါင်းမီး မတောက် ချင်တော့ပါဘူး။

အဲဒီသင်တန်းတွေထဲကနေ ကြောက်ခမန်းလိလိ ဟောချက်တွေ ထုတ်နိုင်တဲ့၊ ပစ်မလွဲ ဟောကွက်တွေ ရဲရဲတောက် ပြောနိုင်တဲ့ ဆရာ့ဆရာ၊ ပညာရှင်ကြီးတွေ ပေါ်ပေါက်လာပါစေလို့သာ ရန်းဂန်းက ဘေးထိုင် ဘုမပြောဘဲ ရိုးသားစွာနဲ့ မျှော်လင့်မိကြောင်းပါ။

No comments: