Saturday, April 30, 2011

ဂြိုဟ်တွေလည်း ပါတီထောင်ပြီ

လနဲ့ တခြားဂြိုဟ် ၃ လုံး ပူးယှဉ်တဲ့ လှပတဲ့ မြင်ကွင်း ဖြစ်စဉ်တွေကိုတော့ အရင်က ၂ဝဝ၈၊ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ဝဝ၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွေမှာ တွေ့မြင်ခဲ့ရပြီးပါပြီ။

အနောက်နိုင်ငံက နက္ခတ်ဆိုင်ရာ သတင်းလွှာတွေမှာ မေလကို ကြုံတောင့်ကြုံခဲ ဂြိုဟ်တွေ ပါတီဖွဲ့တဲ့လ အဖြစ် ရေးသားထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံထုတ် ဗေဒင်ပြက္ခဒိန်တွေနဲ သတင်းဂျာနယ်တွေ မှာလည်း မေလထဲမှာ ဂြိုဟ် ၆ လုံး ပူးယှဉ်မယ်၊ ဂြိုဟ် ၃ လုံး မျဉ်းဖြောင့်ပုံစံ ပူးမယ် စသဖြင့် ရေးသား ဖော်ပြထားပါတယ်။

အနီးဆုံးကို ပြောရရင် မနက်ဖြန် မေလတစ်ရက် ( မေဒေး ) နေ့မှာ လခြမ်းကွေး ( တနင်္လာ ) နဲ့အတူ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနဲ့ ယူရေးနပ်စ်ဂြိုဟ်တွေ အတူတကွ ပူးယှဉ်ရပ်တည်နေတာကို မြင်တွေ့ရနိုင်ပါတယ်။

 
(www.iceinspace.com.au)

ဧပြီလကုန်ပိုင်းရက်တွေတည်းက နီးကပ်လာတဲ့ ဒီဂြိုဟ်တွေထဲက အင်္ဂါအစ သောကြာအဆုံး ဂြိုဟ် ၄ လုံးဟာ မေလ ၁၁ ရက် လောက်မှာ အနီးဆုံး အနေအထားကို ရောက်ရှိ မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေလ ၂ဝ ရက်နေ့မှာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ် ၃ လုံးက တဖန် ပူးယှဉ်ဦးမှာ ဖြစ်ပါတယ်။

လနဲ့ တခြားဂြိုဟ် ၃ လုံး ပူးယှဉ်တဲ့ လှပတဲ့ မြင်ကွင်း ဖြစ်စဉ်တွေကိုတော့ အရင်က ၂ဝဝ၈၊ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ဝဝ၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွေမှာ တွေ့မြင်ခဲ့ရပြီးပါပြီ။

မနက်ဖြန် မေလ ၁ ရက်နေ့ မနက်အစောပိုင်းကနေ နေထွက်ချိန်အထိ ( နေသာမိုးသာရင် ) စောင့်ကြည့် နိုင်တာက ငါးနှစ်ကောင်ရုပ် မိန်ရာသီမှာ လခြမ်းကွေးနဲ့အတူ ဂြိုဟ်ငါးလုံး ရပ်တည်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။ ဒီဂြိုဟ်တွေရဲ့ ဆန့်ကျင်ဘက် ကန်ရာသီမှာတော့ စနေဂြိုဟ်တစ်လုံးတည်းက အပြိုင် ဆွဲငင် ရပ်တည် နေမှာ ဖြစ်ပါတယ်။

(www.universetoday.com)

ဂြိုဟ်တွေတော့ ပူးကြ ပလူးကြပါပြီတဲ့။ ဘာတွေ ဖြစ်မှာလဲ လို့ မေးခွန်းတွေ ထုတ်ချင်၊ အဖြေကို သိချင်ကြ ပါလိမ့်မယ်။

မူလတည်းက ကန်နဲ့မိန် ရာသီခွင်နှစ်ခုမှာ အပြန်အလှန် အားစမ်းနေကြတဲ့ စနေ၊ ယူရေးနပ်စ်နဲ့ ကြာသပတေး ဂြိုဟ်ကြီးတွေ ကြားထဲကို အင်္ဂါလို စနက်တံ မောင်းဖြုတ်မယ့် ဖောက်ခွဲရေးဂြိုဟ်က ဝင်နှောင့်လာပြီ ဆိုတော့ စိတ်ဝင်စားစရာ အရေးအခင်းတွေ ဟောဒီကမ္ဘာမှာ ဖြစ်ပွားလာမယ်လို့ ယူဆရပါတယ်။ တချို့သော နက္ခတ်ဆရာတွေကလည်း မဟာအင်အားကြီးနိုင်ငံတွေ အကြားမှာ ထူးခြား အဖြစ်အပျက်တွေ ပေါ်ပေါက်လာနိုင်သလို ငလျင်၊ မီးတောင်ပေါက်ကွဲမှု၊ မုန်တိုင်း စတဲ့ ( တော်ရုံတန်ရုံ မဟုတ်တဲ့ ) ဧရာမ သဘာဝဘေးတွေ၊ သမိုင်းဝင် ဖြစ်ရပ်တွေ မြင်တွေ့ရဖွယ် ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ သာမန် လေ့လာသူအဆင့်ပဲ ရှိတာကြောင့် ကျွန်တော့်ထက် အဆများစွာ မြင်နိုင်၊ သိနိုင်တဲ့ နက္ခတ်ပညာရှင်ကြီးများရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို ဖတ်ရှုချင်ပါတယ်။ တတ်နိုင်၊ စွမ်းနိုင်တဲ့၊ သိမြင်နေတဲ့ ပုဂ္ဂိုလ်များ ရေးသားဖော်ထုတ်ပေးကြပါလို့။

1 comment:

ShwunMi- said...

ဒီလိုအဖြစ်မျိုး ရှိတယ်လား :D လက်တို့ဖော်ရတာ ကျေးဇူးပါ ကိုရန်းဂန်း..
တစ်ခါတုန်းကတော့ နေ လ နဲ့ ကျန်တဲ့ တခြားဂြိုလ်တွေ မျဉ်းတစ်တန်းတည်း ဖြစ်သွားရင် ဘာဖြစ်တယ်ဆိုလား...
ဟာကြူလီပုံပြင်ထဲ ကြားဖူးတာပါ။