Wednesday, May 4, 2011

ကိုယ်တွေ့အံ့ဖွယ်ပုဂ္ဂိုလ်များ (၁)

"ကျုပ်တို့က စီးကရက်ဆို လန်ဒန် မသောက်ဘူးဗျ လန်ပြန်သွားမှာ စိုးလို့ ၊ ထူးခြားအောင် ဒူးယားပဲ သောက်တယ်။" ဆိုတဲ့ ပေါကြောင်ကြောင် စကားတွေကို သည်းခံရင်း အပေါင်းအသင်း လုပ်ခဲ့ပါတယ်။

ဒီခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ စာဖတ်သူကို တိုက်တွန်းလိုတာက အံ့သြစရာပုဂ္ဂိုလ်ထူးနဲ့ သူတော်စင် သူတော်မြတ်ကို ခွဲခြား သိမြင်ဖို့ပါပဲ။ ထူးထူးဆန်းဆန်းတွေ လုပ်ပြတိုင်း သူတော်ကောင်း မဟုတ်သလို သူတော်ကောင်းတိုင်းကလည်း ထူးဆန်း အံ့ဖွယ်တွေ လုပ်ပြမှာ မဟုတ်ပါဘူး။ ဒီအချက်ကို လေးလေးနက်နက် သဘောပေါက်မှသာ ဒီစာစုကို ရှေ့ဆက် ဖတ်သင့် ပါတယ်။

တခါကလို့ ဆိုပါရစေ။ ရန်းဂန်းတစ်ယောက် လူပျိုပေါက် ဝင်ကာစ ဂမ္ဘီရတွေ၊ အံ့ဖွယ်တွေဆို ရှေ့ဆုံးတန်း ကနေ ပြူးပြဲ အားပေးတတ်တဲ့ အချိန်ကပေါ့။ ကျွန်တော်တို့ နယ်မြို့လေးမှာ အဘတို့၊ ဘိုးတော်တို့၊ မယ်တော်တို့ နောက်.. သိုက်၊ ခေါင်းစွဲ၊ ဓာတ်စီး စတဲ့ ဝေါဟာရတွေ တစ်ခေတ်ထခဲ့ဖူးပါတယ်။ အခုထိလည်း အကြွင်းအကျန်တွေ ရှိနေပါသေးတယ်။

ဒီလို ဘိုးတော်လိုင်းတွေ စန်းထချိန်မှာပဲ ကျွန်တော်ဟာ ဘိုးတော်ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ နီးစပ် ခင်မင်ခွင့် ရခဲ့ပါတယ်။ ဘယ်ဆရာတော်ကြီး တပည့်၊ ညာမယ်တော်ကြီး လက်ရင်း ဆိုတဲ့ ငနဲကြီးတွေနဲ့လည်း ဘော်ဒါ ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ ပြောနေကျ "ကျုပ်တို့က စီးကရက်ဆို လန်ဒန် မသောက်ဘူးဗျ လန်ပြန် သွားမှာ စိုးလို့ ၊ ထူးခြားအောင် ဒူးယားပဲ သောက်တယ်။" ဆိုတဲ့ ပေါကြောင်ကြောင် စကားတွေကို သည်းခံရင်း အပေါင်းအသင်း လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့် အသက်က ၂ဝ မပြည့်သေးပါဘူး။ သူတို့တွေရဲ့ အသက်ကတော့ ၃ဝ ကျော်ကနေ ၅ဝ ဝန်းကျင်အထိ ပါဝင်ပါတယ်။ ဘာသာရေးလိုလိုနဲ့ ပုတီးကိုင် ဘုတောတဲ့ ငနဲတွေကြားမှာ ကျွန်တော်လည်း အသက်က လက်တောက်လောက်နဲ့ အပါအဝင် ဖြစ်ခဲ့ဖူးပါတယ်။

ဘိုးတော်တွေထဲမှာ အဘ(...) ဆိုတဲ့ ပုဂ္ဂိုလ်က အသက် ၃ဝ ကျော်ပဲ ရှိသေးပေမဲ့ ဓာတ်စီး နေချိန်မှာ လေသံပြောင်း၊ ဘာမှန်း မသိတဲ့ ဘာသာစကားတွေ ကရားရေလွှတ်ပြော၊ သူ့အသံက အဘိုးကြီးအိုသံ ပေါက်ပြီး ဟန်ပန်ကအစ လေးပင်သွားပါတယ်။ ဒီကနေတစ်ဆင့် ထူးထူးဆန်းဆန်းတွေ လုပ်ပြ ပါတော့တယ်။ နောက်ပိုင်းမှာ ဆက်ပြောပါမယ်။

ဘိုးတော်တွေပဲ ဓာတ်စီးသလား အောင့်မေ့တယ်။ ဘွားတော်တွေလည်း ဓာတ်စီးတာ မြင်ဖူးခဲ့တယ်။ အဲဒီတုန်းက ဘိုးတော်တွေရဲ့ "ငါ့သမီးရေ၊ ခုမှ ဒို့တွေ ပြန်ဆုံရတယ်။ ဘဝဟောင်းက မင်းက ငါ့နှမပေါ့ကွယ်" ဆိုပြီး အသက် ၄ဝ မပြည့်တဲ့ ဘိုးတော်ဆိုသူက အသက် ၆ဝ ကျော် အဘွားကြီးတွေကို  အလွမ်းတွေ သယ်လိုက်ကြတာ . မျက်ရည်ရော နှပ်ပါ ရွှဲကြတယ်။ သူတို့ ပြောတာ လုပ်တာတွေ ဟုတ်၊ မဟုတ်တော့ မသိဘူး ဘေးနားက လေ့လာသူ ရန်းဂန်းကတော့ ဇာတ်ပွဲလိုပဲ ငုတ်တုတ် ထိုင်ငေး နေလိုက်တယ်။

ကဲ ဒီဘိုးတော်ဘွားတော်တွေအကြောင်း ဆက်ပြောရရင် ပေရှည်မယ်။ ပက်သက်ဖူး၊ ခင်မင်ဖူးတဲ့ ဘိုးတော် နှစ်ပါး အကြောင်းကို ပြန်ပြောချင်တယ်။ ဒီနှစ်ဦးမှာ တစ်ဦးကတော့ မပြန်လမ်းကို ကြွမြန်း သွားပါပြီ။ တစ်ယောက်တော့ ရိုးရိုးဗေဒင်ဟောပြီး အသက်မွေးနေပါတယ်။ ဘိုးတော် လုပ်မစားတာ ကြာပြီလို့ ဆိုပါတယ်။ အများပြောအရ ကျွန်တော် ပြန်သိတာကတော့ သူ့ကို ဘိုးတော် ( နာမ်လောက ပုဂ္ဂိုလ်) က ငွေနောက်လိုက်လွန်းလို့ ဝင်မစီးတာ့တာ ကြာပြီတဲ့။ ထားပါတော့ ပေါက်ကရတွေ။

ဘိုးတော် (..) အဖြစ် နာမည်ကျော်စဉ်က  တစ်ညမှာ သူ့ဓာတ်ခန်းထဲ ပရိတ်သတ်တွေ ဝိုင်းအုံနေချိန်မှာပဲ သူမိန့်မှာသမျှ စကားတွေ လိုက်မှတ်နေတဲ့ မိန်းမကြီး တစ်ယောက် လက်ထဲက ဘောပင်က ကြမ်းကြား အောက်ကနေ ဟိုးအိမ်အောက် မြေကြီးအထိ ကျသွားပါတယ်။ ညဦးပိုင်းလည်း ဖြစ်နေတော့ ဘယ်သူမှ ဆင်းမကောက်ကြပါဘူး။ ဒီအချိန်မှာပဲ အဘ ဓာတ်စီးနေတယ် ဆိုတဲ့ သူက ဘောပင် ကျသွားတဲ့ ကြမ်းကြားပေါက် အပေါ်ကနေ သူ့လက်ဝါးကို ဖြန့်ထားလိုက်ပါတယ်။ စက္ကန့်ပိုင်းလေးမှာပဲ ဟိုးအိမ်အောက်ထိ ကျသွားတဲ့ ဘောပင်လေးက အပေါ်ကို ခုန်တက်လာပြီး သူ့လက်ဝါးမှာ သွားကပ် ပါတယ်။ ထူးခြားတာက ကြမ်းကြား ကျဉ်းကျဉ်းလေးကနေ ငြိမ်ငြိမ်သက်သက် အပေါ်ပြန်တက်လာတဲ့ ဘောပင်လေးပါပဲ။ ဒီမြင်ကွင်းကြောင့် ဓာတ်ခန်းထဲက ပရိတ်သတ် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားတာ အခုထိ မှတ်မိပါသေးတယ်။

တခါတခါ ဒီဘိုးတော်က သူ့လက်ဖဝါးထဲ နှစ်ရာကျပ်တန်တစ်ရွက် ထည့်၊ လက်ဖဝါးနှစ်ဖက်ကို ပွတ်ချေ နေရင်းက နှစ်ရာတန် ပျောက်သွား၊ အဲဒီကနေ တအောင့်ကြာတော့ နှစ်ရာတန် ရေမွှေးပုလင်း အသစ်တစ်လုံးက လက်ဝါးထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ပေါ်လာ အဲဒါမျိုး အကွက်တွေ ကလည်း မျက်လှည့်ဆန်ဆန် ထူးဆန်းပါတယ်။

နောက်ထပ် ဒီဘိုးတော်စွမ်းတာက ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်တဲ့ အင်းတွေကို ပြန်ဖော်တာပဲ ဖြစ်ပါတယ်။ မြို့ထဲမှာ အင်းမြှုပ်ပြီး အတိုက်အခိုက် ခံရတယ် ဆိုတဲ့ အိမ်တွေက ဒီဘိုးတော်ကို ပင့်ပြီး အင်းဖော်တာတွေ၊ စည်းတားတွေ၊ တန်ပြန်တာတွေ လုပ်ကြပါတယ်။ ထူးဆန်းတာက ဘိုးတော် မဟုတ်ဘဲ အင်းဖော်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ အင်းဖော်ပြီဟေ့ ဆိုရင် ဘုရားစင် ရှေ့မှာ ဘာညာအင်းစမတွေ၊ အုန်းငှက်ပျောပွဲတွေ၊ အမွှေးနံ့သာတွေ မွှန်ထွန်နေပါတယ်။ ဘိုးတော်ကလည်း ပေါက်ပေါက်ဖောက် ဂါထာမျိုးစုံ ရွတ်ဖတ်ပါတယ်။

အချိန်အခါ ရောက်တာနဲ့ ဘယ်ကမှန်း မသိတဲ့ အသံတွေ ဟိန်းထွက်လာပြီး လေထဲ ဝဲပျံလာတဲ့ (ဘယ်က ထွက်လာမှန်း မသိတဲ့) အင်းပြားလေးကို ဘိုးတော်က ပုတီးနဲ့ ရိုက်ချပါတယ်။ တပည့်လုပ်သူတွေကလည်း ဆန်မန်း ပေါက်ပေါက်တွေနဲ့ ဘယ်သံညာသံပေးပြီး ကြဲပက်ပါတယ်။ ပြောချင်တာက ဘိုးတော် မဟုတ်ပါဘူး။ ဂါထာတွေ မဟုတ်ပါဘူး။ ဘယ်ကမှန်းမသိ၊ ဘယ်သူမှလည်း ကိုင်မပစ်လိုက်တဲ့ ကြေးပြား၊ ကျောက်သင်ပုန်းပြားနဲ့ ရေးဆွဲတဲ့ အင်းပြားတွေ လေထဲ ဝဲပျံလာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တခါတခါ တောင်ပံ ခတ်ဟန်နဲ့တောင် ပျံပြတတ်ပါတယ်။ အင်းဆန်တွေ အလယ်မှာ သေကြေပျက်စီးစေ ဆိုတဲ့ စကားလုံးတွေလည်း မြင်ရတတ်ပါတယ်။ မရဏအင်းလို့ ကင်ပွန်းတပ်လေ့ရှိပါတယ်။

ဘာရယ်တော့ မဟုတ်ဘူး။ ဒီဘိုးတော်ဟာ ကျွန်တော်တို့ ဒေသတစ်ဝိုက်မှာ ပြုစားတဲ့ ပျက်စီးစေတဲ့ အင်းတွေကို အောင်မြင်စွာ ဖော်နိုင်၊ ဖျက်ဆီးပစ်နိုင်တဲ့ ပုဂ္ဂိုလ်ထူးအဖြစ် ကျော်ကြားခဲ့ဖူးပါတယ်။ ခုတော့လည်း ဒဏ္ဍာရီအဖြစ် ကျန်ခဲ့တော့ မှာပါ။ စာလည်း သိပ်ရှည်လာပါပြီ။ နောက်မှ ဒီလူတွေ အကြောင်း ဆက်ပါ့မယ်။ ဒီမှာ ခဏနားပါရစေ။

3 comments:

An Asian Tour Operator said...

စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ရေးမယ်ဆိုလို့ စောင့်မျှော်နေပါမယ်။

ko said...

သရဲမွေးပြီး.ခိုင်းစားတာပါ..
အညွှန်း...ဆရာဆန်းလွင် (ရတနာသုံးပါးစာအုပ်..)
ဘာမှမထူးဆန်ဘူး..

Anonymous said...

သရဲခိုင်းစားတယ်ဆိုတဲ့အကြောင်းကတော့ သာမန်စာပေလိုက်စားသူတိုင်းသိနိုင်ပါတယ်..
ပြသနာကသရဲကိုဘယ်လောက်အထိခိုင်းစားနိုင်သလဲဆိုတာပဲလေ...
ဘုမသိဘမသိလူတွေကို အဲ့ဒီ့သရဲနဲ့အတိုက်ခိုင်းတော့မခက်ကုန်ဘူးလား....
ကဲအဲလိုသာဆိုဘယ်လိုရှင်းကြမလဲ.........