Tuesday, May 17, 2011

နေအကြတ်ခံရသူများ

တခြားနေ့သားသမီးတွေကော ရာဟုထဲ ရောက်ရင် ဒီလို ဖြစ်မလား။ မေးခွန်းများစွာအတွက် အဖြေတွေလည်း ရှိနေပါသေးတယ်။


နေကြတ်တယ် ဆိုလို့ ကောင်းကင်ပေါ် ဟိုကြည့်၊ ဒီကြည့် သွားမကြည့်လိုက်ပါနဲ့။ တကယ့်နေကြတ်တဲ့ ဖြစ်စဉ်ကို ပြောချင်တာ မဟုတ်ပါဘူး။ နေဆိုတဲ့ တနင်္ဂနွေသားသမီးတွေ ရာဟုမှာ သက်ရောက်တဲ့အခါ ဘယ်လို ဘယ်ပုံ ဖြစ်ကြပျက်ကြတယ် ဆိုတာကို ရည်ညွှန်း ဖွဲ့ဆိုလိုက်တာပါ။ ဒါဖြင့် ရာဟုက ဘာလို့ ပါလာရတာလဲ။ ဗေဒင်လိုက်စားသူတွေကတော့ သိပါလိမ့်မယ်။ နေကြတ်တဲ့ ဖြစ်စဉ်မှာ ရာဟုက အခရာကျ နေလို့ပါပဲ။



-




ရာဟုသက်ရောက်တဲ့ တနင်္ဂနွေတွေအကြောင်း ဆန်းကျမ်းဗေဒင်သုတေသန မှတ်တမ်းတွေထဲ ပြန်လှန် လိုက်ရင် ပြူးခနဲ နေအောင် တွေ့ရတာက အချစ်ရေး၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေပါပဲ။ ရှုပ်သမှ သပွတ်အူကော၊ အမယ်ဘုတ် ချည်ခင်လိုပါ အရှုပ်တကာ့ ထိပ်ခေါင်တာ ရာဟုသက်ရောက်တဲ့ ဂဠုန်ထီး၊ ဂဠုန်မတွေပါလို့ တင်စား ပြောလိုက်ချင်ပါ သေးတယ်။ ရာဟုက တနင်္ဂနွေရဲ့ ဘုမ္မိမို့ ဒီလို ဖြစ်တာပါလို့ လာမရွှီးကြေးနော်။ ဘုမ္မိထက် ရာဟုမှာ ချောင်ပိတ်ခံရတဲ့ နေအစင်းပေါင်းများစွာ အကြောင်းကို အသားပေး ပြောချင်တာလေးပါ။

ဒီဖြစ်ရပ်တွေထဲကမှ ထူးထူးခြားခြား မှတ်မိနေတဲ့ ခေါင်းစဉ်အတိုင်း ပြန်တပ်ရရင် နေအကြတ်ခံရတဲ့ လူတွေအကြောင်း သူတို့ အလစ်မှာ ပြန်ပြောချင်ပါတယ်။

ပထမဆုံး မဲပေါက်တာက အသက်ကြီးကြီး ဂဠုန်ထီးကြီးပါ။ သူ့အသက်က လေးဆယ်ကျော်၊ မိန်းမက အဝေးမှာ စီးပွားရှာ၊ သူကတော့ ပုံမှန်ဝင်ငွေ၊ သားနဲ့သမီးတွေ တပွေ့တမ၊ မိခင်အိုကြီးနဲ့ ဘဝကို အေးရာအေးကြောင်း ဖြတ်သန်းနေတယ်။ မအေးရာ မအေးကြောင်း ဖြစ်လာချင်တော့ ရာဟုကို သက်ရောက်လာတယ်။ ရာဟုထဲ ဝင်လာတော့ တနင်္ဂနွေသားကြီးလည်း ဂဏှာမငြိမ်တော့ဘူး။ ဖြူဖြူဖွေးဖွေး အလှပဂေးတစ်ယောက်နဲ့ နောက်မီးလင်းရုံမက၊ နောက်ဆုံးပါ ကျွတ်ထွက် လောက်အောင် သောင်းကျန်းပစ်လိုက်တယ်။

ဆရာအကြည်တော် ပြောသလို တဏှာတစ်ကြော ထလိုက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေက တနင်္ဂနွေသားဆီ အော်တိုမစ်တစ်ကို လိုက်လာတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် ပေါင်းလာခဲ့တဲ့ ငယ်ချစ်မိန်းမကို ကွာမယ်။ ရှင်းမယ်လုပ်။ သားသမိးမျက်နှာတွေ မမြင်တော့။ မိခင်ကြီး ပြောစကား နားမဝင်။ ခေါင်းမာချက်က ဆက်ဒန်ဟူစိန်။ နောက်ဆုံးတော့ အလှပဂေး ကညာလေးနဲ့လည်း မဆုံ၊ လက်ငုပ် လက်ရင်း မယားကြီးနဲ့လည်း ပြတ်စဲ။ ကမြင်းတဲ့ မျောက်သစ်ကိုင်းကို လွတ်ကရော။ သားသမီး တစ်သိုက်က ကြားက မျက်စိပေကလပ် ဖြစ်။ မိခင်ကြီးလည်း စိတ်ထောင်းကိုယ်ကြေ။ ကဲ .. နေအကြတ်ခံ လိုက်ရတဲ့အခါ စီးပွားမထိ၊ လူမထိဘဲ အိမ်ထောင်ရေးမှာ ဒဲ့ကို ကွိသွားရှာပါတယ်။

အော် တစ်ခုလောက် ဖြည့်စွက်ချင်တယ်။ ဒီတနင်္ဂနွေသားရဲ့ နာမည်က အ၊ အိ၊ ဥတွေနဲ့ မစတင်ဘဲ ကြာသပတေးစ၊ သောကြာဆုံး (အင်္ဂဝိဇ္ဇာ ဥသြမြည်သံကိန်း) နဲ့ တနင်္ဂနွေကို ညှပ်သတ်တဲ့ နာမည် ဖြစ်နေတယ် ဆိုတဲ့ အချက်ပါ။ ဝေဖန်ဖို့ပဲ လေကန်ဖို့ ဝေမျှ လိုက်ပါတယ်။

နောက်ဂဠုန်က အမပါ။ အမမှ ငယ်ငယ်ချောချော တနင်္ဂနွေသမီးလေးပါ။ နာမည်က သာမန်ပါပဲ။ တနင်္ဂနွေနဲ့ စတယ်။ ကြာသပတေးနဲ့ ဆုံးတယ်။ သာမန် မဟုတ်တာက မရဏဖွား တနင်္ဂနွေ။ အလင်းရောင်ဂြိုဟ်က မရဏဌာနမှာ မွေးတည်းက ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ မဟာဘုတ်ခွင် တန်းမြင် တတ်သူဆိုရင် မရဏက တနင်္ဂနွေနဲ့ အဓိပတိက တနင်္လာတွေ ပက္ခ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

ဒီကောင်မလေးက အတန်းထဲမှာ ခပ်အေးအေး နေတတ်သူ၊ အလုပ်ခွင်ရောက်တော့လည်း အသံကို မထွက်ဘူး။ နားအေးပါးအေး ကောင်မလေးလို့ နဖူးမှာ စာချိတ်ရမယ့် ငနဲမလေးပါ။ ဖြစ်ချင်တော့ ရာဟုထဲ သက်ရောက် ဝင်လာပါတယ်။ မူလမရဏမှာ ရှိတဲ့ နေမင်းကြီးဟာ အမှောင်တိုက် ရာဟုထဲကို တိုးဝင် လာတယ်လို့ ယူဆမြင်ကြည့်ပါမယ်။

ကောင်မလေးရဲ့ ချစ်သူနဲ့ ကြားလူတွေကြောင့် ဗျာများကြတယ်။ ကြားလေသွေးလို့ ဝေးရမလို ဖြစ်ရတယ်။ ကြားစကားတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် ထထ သတ်ကြတယ်။ ကြားက ဘေးတီး တွေကြောင့်ပဲ ကြားညပ်မလို ဖြစ်ကြတယ်။ လူနှစ်ကိုယ်၊ စိတ်နှစ်ခု၊ ဘဝနှစ်ခု ညီမျှခြင်း မချနိုင်ဘဲ ပြဿနာတွေ အကြီးအကျယ်တက်။ လူရှေ့သူရှေ့ မရှောင် ရန်တွေ ဖြစ်ကြ။ ပြတ်ပြီဟေ့ လို့ ပြောတာလည်း ခဏခဏ။ သတ်သေမလို လုပ်တာလည်း မနည်းဝိုင်းဆွဲရတယ်။ ဒါပေမဲ့ နဖူးစာ မှင်ရည်လေး ကျန်သေးတော့ အခုထိ သူတို့နှစ်ယောက် လက်တွဲ မပြုတ်ကြဘူး။ ရာဟုသက်ရောက်ဒဏ်တော့ လိမ့်နေအောင် ခံလိုက်ရတယ်။ ဖြစ်ချင်တော့ ကောင်မလေးရဲ့ အာဒမ်ကလည်း တနင်္ဂနွေသားလေးပဲ ဖြစ်နေပြန်တယ်။ ဝေဖန်ဖို့နဲ့ လေကန်ဖို့ ဝေမျှရရင် အဲဒီနှစ် ကောဇာမှာ စနေက ဆန့်ကျင်ဂြိုဟ် ဖြစ်နေ ပါတယ်တဲ့။

နောက်ဆုံး မှတ်မှတ်ရရ ဖြစ်နေတာကတော့ ကျွန်တော်တို့ရဲ့ ရူးရူးမိုက်မိုက် လူငယ်ဘဝက တနင်္ဂနွေသား တစ်ယောက် အကြောင်းပါပဲ။

ခုချိန်ထိ သူငယ်ချင်းတွေ သူ့အကြောင်း ဝိုင်းဖွဲ့ ပြောမိကြတိုင်း အားလုံး တွေငေး လွမ်းမောသွားကြလေ့ ရှိပါတယ်။ ဟုတ်ပါတယ်။ သူဟာ ရာဟုကို မကျော်ဖြတ်နိုင်ခဲ့တဲ့ သားကောင် ဖြစ်ခဲ့လို့ပါပဲ။ ရာဟု သက်ရောက်မှာ သူချစ်တဲ့ မိန်းခလေးနဲ့ မြင်သူတိုင်း ရောယောင် ကြည်နူးမိအောင် တွဲခဲ့ပျော်ခဲ့ သလောက် ရာဟုသက်ရောက်မှာပဲ ရှင်ကွဲ ကွဲခဲ့ရှာပါတယ်။ အသိုင်းအဝိုင်းတွေ၊ နှစ်ဆယ့်တစ်ရာစုအထိ ပါလာတဲ့ ဂုဏ်တံတိုင်း ငွေတံတိုင်းတွေ ပိုင်းဖြတ် မသွားနိုင်ခဲ့တော့ စိုက်ဝင် စူးနစ်တဲ့ ဒဏ်ချက်တိုင်းမှာ  သူရွတ်ဆိုတဲ့ ရှင်ကွဲ ကဗျာလေးက ဆတ်ဆတ်ခါ နာကျင်ခဲ့ရပါတယ်။

ဝေဖန်ဖို့နဲ့ လေကန်ဖို့ လက်တို့ ရရင်တော့ အဲဒီနှစ် ကောဇာနာမက္ခရတိုင်ဟာ မူတနင်္လာနဲ့ ဆန့်ကျင်နေပြီး ဇေယျတိုင်မှာ အင်္ဂါက ဆန့်ကျင်နေပါတယ်တဲ့။

ကဲ ခုဆိုရင် နေအကြတ်ခံရတဲ့ ၊ ရာဟုသက်ရောက်မှာ အမှောင်ဖုံး နာကျင်ခဲ့ရတဲ့လူတချို့အကြောင်း မြည်းစမ်းမိပြီ ထင်ပါတယ်။ ကိုယ်တိုင်ရော ရာဟုသက်ရောက်နေတဲ့ တနင်္ဂနွေသားလား။ ဒါမှမဟုတ် ဘယ်နေ့သားလဲ။ တခြားနေ့သားသမီး တွေကော ရာဟုထဲ ရောက်ရင် ဒီလို ဖြစ်မလား။ မေးခွန်းများစွာ အတွက် အဖြေတွေလည်း ရှိနေပါသေးတယ်။ ကျမ်းထဲမှာ မပါသေးတဲ့၊ ဆရာ့ဆြာကြီးတွေ လေသံမဟဖူး သေးတဲ့ ရာဟုထဲက အဖြစ်အပျက်တွေ ဆွဲထုတ်ချင်ပါသေးတယ်။ တနေ့နေ့ပေါ့။ နေသာ လေသာမယ့် ဆန်းကျမ်းပညာရှင်တွေ ပေါ်ထွက်လာမယ့်နေ့ပေါ့ဗျာ။

No comments: