Friday, May 27, 2011

မန်ယူကို ယုံလိုက်ပါ (ယုံရင်ကုန်မည်)

ဒီပွဲစဉ်မှာ အနောက်တိုင်းနဲ့ အရှေ့တိုင်းအိန္ဒိယသားတွေရဲ့ (မန်ယူနိုင်မယ်) ဆိုတဲ့ နက္ခတ်ဗေဒင် ဟောကိန်းထက် အပြတ်သတ် မှန်ကန်တိကျခဲ့တာက ကျွန်တော်တို့ မြန်မာ့မဟာဘုတ်ပညာနဲ့ ဟောပြောခဲ့တဲ့ ဆရာတေးအေးရိပ်ရဲ့ ဟောကိန်း ဖြစ်ပါတယ်။ အသေးစိတ် ကြိုတင်ဟောပြောပြခဲ့တဲ့ ဆရာတေးအေးရိပ် ဟောကိန်းကို လေ့လာကြည့်နိုင်ပါတယ်။


ဘောလုံးကို သည်းကြီးမည်းကြီး ဝါသနာ မပါတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်ကလောင်တွေ ကန်နေလို့ ဘယ်အသင်းတွေက ဖလားတွေ၊ ခွက်တွေ ရနေသလဲ စိတ်မဝင်စားလှပါဘူး။ ဒါပေမဲ့ ဘေးနားက ဘော်ဘော်အပေါင်းရဲ့ သရဲနီတို့၊ အမြောက်တို့၊ ကြိုးကြော်တို့၊ ခြင်္သေ့ပြာတို့၊ ငှက်ကြားတို့၊ လင်းနို့တို့ အစရှိတဲ့ ဘောဝေါဟာရတွေ ပလုံစီထနေလို့ ကိုယ်လည်း ဘောနဲ့ မကင်းရာမကင်းကြောင်း ဖြစ်လာရ ပါတယ်။

အခုလည်း ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ လာတော့မယ်ဟဲ့။ ကန်တော့မယ်ဟဲ့။ မန်ယူကတော့ အလံထူနိုင်မယ် မထင်၊ ဟိုအရင်နှစ်က အကြွေး ပြန်ဆပ်ဖို့ နေနေသာ၊ နောက်ထပ် အကြွေးတောင် တင်ဦးမယ်၊ ဘာကွ၊ အဓိပ္ပါယ် မရှိတာ။ ဘာကာ ကောင်းတယ် ဆိုတာ လက်ရှိ မန်ယူကို မမီတော့ပါဘူး။ သတ္တိရှိရင် မျက်ခွက် တစ်ချက်ထိုးကြေး လောင်းမကွာ။ စိန်လိုက်လေ ဘွာမခတ်ဘူး။ မန်ယူနဲ့ ဘာကာ ဘယ်သူပိုကောင်းတယ် ဆိုတာ မျက်ကွင်းတစ်ဖက် အညိုခံပြီး လောင်းကြေးထပ် လိုက်မယ်တဲ့။

ကဲ ဘယ့်နှယ့်ရှိစ။ ဥရောပမျက်နှာဖြူတွေ သူ့ဖာသာ ပိုက်ဆံရလို့ ၊ နာမည်ကြီးလို့ ဘောကန်နေတာကို ဟောဒီက ဒို့ဗမာ သာကီမျိုးတွေက မနေနိုင်၊ မထိုင်နိုင် လိုကယ် မဆန်၊ ဂလိုဘယ် ကန်လိုက်မယ်ဟဲ့ ဆိုပြီး ဘောဋီကာချဲ့လို့ စနေညပွဲစဉ်ကို ကိုယ်တိုင်ပဲ ဝင်ကန်တော့မလိုလိုနဲ့ စောင့်နေကြပါရောလား။

သူတို့ဖာသာ စောင့်နေတာ ကိုယ့်ကိစ္စ မဟုတ်။ ကိုယ့်အပူ မကပ်။ မန်ယူပရိသတ်ဆိုလည်း လက်မ တစ်ထောင်ထောင်၊ ဘာကာပရိသတ်ဆိုလည်း မြောက်ကြွမြောက်ကြွ သူတို့ဖာသာ စည်းဝါးကို ကိုက်လို့။ ဒါပေသိ ဘာလို့ မန်ယူဖလားရမယ်ဟဲ့ ခေါင်းစဉ်တပ် စာရေးသလဲ။ ကိုယ့်ဖာသာ အားရင်ယားရင် အိပ်နေပါတော့လားလို့ ဘာကာဘက်တော်သား ဂွါဒီယိုလာ ယောက်ဖတွေက ငေါက်ငမ်း ကြဦးမယ်။ အလကား ပါးစပ်ပုပ်ကြီးနဲ့လို့ မေးငေါ့ကြဦးမယ်။ ဖာဂီကြီးရဲ့ ဒူးမနာသားတွေ ကတော့ ဒါမှ ငါ့ချစ်ဘော်လို့ ပခုံးလာဖက်သလို ဘူဆိုတဲ့ လေလည်သံကိုတောင် ဖဲရိုက်တယ် အောင့်မေ့ တတ်တဲ့ လောင်းကစား ဝါသနာရှင် ဘော်ဒါတွေကလည်း ဟုတ်လားကွ ဒါဆို အောပစ်လိုက်မယ်လို့ မစားရဝခန်း လေသံပစ် ကြလေရဲ့။

ဟုတ်ပါတယ်။ ဒီပွဲမှာ မန်ယူသာ ဖလားကို မပြေးမယ့်သူ ဖြစ်မယ်တဲ့။ ရန်းဂန်းများ တွက်ချက်ဟောပြော တာလားဆို မဟုတ်ပါဘူး။ ရန်းဂန်းသည် ဘောလုံးပွဲကို ဗေဒင်တွက်ချက် မဟောတတ်ပါ။ တရံရောအခါ ကတော့ ဟိုတွက်ဒီဟောနဲ့ လုပ်ခဲ့ဖူးပါတယ်။ မှန်တာလည်း ရှိ၊ မှားတာလည်း အပုံကြီးပါပဲ။ ဒါဆို ဘယ်ငနဲသားက အာချောင်လိုက်တာလဲလို့ မေးမယ်။ ဟုတ်ကဲ့။ လိုက်လံ တူးဆွမိသမျှ အိန္ဒိယ ဗေဒင်ဆိုဒ်နဲ့ အနောက်တိုင်းနက္ခတ်ဗေဒင် ဖိုရမ်တချို့မှာ မန်ယူသာ အနိုင်ရရှိမယ်လို့ ဟောကိန်းထုတ် ထားတာ မြင်လို့ ပြန်လက်တို့လိုက်ရတာသာ ဖြစ်ပါတယ်။

တစ်ယောက်ကဆို ဘယ်လို ဟောသလဲ ဆိုတော့ "ဒီပွဲစဉ်ဟာ ဟိုဘက်ကသာလိုက်၊ ဒီဘက်က သာလိုက်နဲ့ ပိန်မသာ၊ လိန်မသာ ဖြစ်မယ်၊ နှစ်ဖက်စလုံးက တိုက်စစ်ဖွင့် ကစားမယ်၊ ပွဲပြီးခါနီး မိနစ်ပိုင်း တွေမှာ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ မြင်ရမယ်၊ အချိန်ပိုအထိ ခြေညီညီ ကစားသွားမယ်၊ နောက်ဆုံးမှာ ၂ဝ၁၁၊ ချန်ပီယံဖလားကြီးကို မန်ယူက ရရှိမယ်။" လို့ အသေးစိတ်တောင် ဟောပြထား ပါသေးတယ်။

ကိုင်း.. ဘောဝါသနာပါသူတွေ၊ ဘောမှ ဘောဆိုသူတွေ၊ လောင်းမယ် တကဲကဲ ပြင်နေသူတွေ ကြည့်ကျက် ချင့်ချိန် တွေးဆ မျှော်မြင်ပြီး လုပ်ကြကိုင်ကြ၊ အားပေးကြပေတော့။ ဘိုးတော်ဂန်းကတော့ မ, လိုက်ပြီဗျာ။ သေချာတာကတော့ ဘောနဲ့ ပက်သက်သူ၊ ဘောလမိုင်းကပ်သူအပေါင်း အဲဒီစနေညမှာ ဇီးကွက်တွေ ဖြစ်မယ်။ နောက်နေ့ တနင်္ဂနွေမနက်ကျ နေဖင်ထိုးတဲ့အထိ မထနိုင် ဖြစ်မယ်။ တစ်ပတ်လောက် အဲဒီဖိုင်နယ်ပွဲအကြောင်း ဝေဖန်လေကန်ကြမယ်။ နောက်ဆုံး ပြီးတော့လည်း ပြီးသွားမယ်။ ဒါပါပဲ။

ပွဲစဉ်အပြီး

ဒီပွဲစဉ်မှာ အနောက်တိုင်းနဲ့ အရှေ့တိုင်းအိန္ဒိယသားတွေရဲ့ (မန်ယူနိုင်မယ်) ဆိုတဲ့ နက္ခတ်ဗေဒင် ဟောကိန်းထက် အပြတ်သတ် မှန်ကန်တိကျခဲ့တာက ကျွန်တော်တို့ မြန်မာ့မဟာဘုတ်ပညာနဲ့ ဟောပြောခဲ့တဲ့ ဆရာတေးအေးရိပ်ရဲ့ ဟောကိန်း ဖြစ်ပါတယ်။ အသေးစိတ် ကြိုတင်ဟောပြောပြခဲ့တဲ့ ဆရာတေးအေးရိပ် ဟောကိန်းကို လေ့လာကြည့်နိုင်ပါတယ်။

1 comment:

တေးအေးရိပ် said...

မယုံရဲဘူး...