Monday, June 6, 2011

ဘာပဲလုပ်လုပ် ဒါကြည့်လုပ်တဲ့

လက်ဆန်းဗေဒင်ဟာ အချိန်ကာလတစ်လှည့်စီ ဖြစ်ပေါ်နေတာကို အခြေပြုတဲ့ ပညာဖြစ်လို့ ရုပ်စကြာဝဠာ နက္ခတ် တာရာတွေကို အခြေပြုတဲ့ လက်ရိုးဗေဒင်ထက် ရှေးကျတယ်။ ခိုင်မာတယ်။ နက်ရှိုင်းတယ်လို့ ယူဆနိုင်တယ်။
အဲသလို ပြောလိုက်လို့ နက္ခတ်ဗေဒင်သမားတွေ နှာခေါင်းများ ရှုံ့သွားလေမလား။ လက်ရိုးထက် လက်ဆန်းက ပိုရှေးကျ၊ ခိုင်မာတယ်လို့ ပြောလိုက်တာ ကျွန်တော် မဟုတ်ရပါဘူး။ ဆရာ မောင်ကျောက်တိုင်လို့ လူသိများတဲ့ ကမ္ဘာ့မဟာဂန္ဓာရီနိဒါန်း၊ မန္တန်ပညာ၊ ကုဏ္ဍလိနီ၊ အသုံးချ စိတ်ညို့ပညာ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပညာရပ်တွေ၊ ဂန္ဓာရီပညာရပ်တွေကို စိုက်စိုက်မတ်မတ် ရေးသားတင်ပြလာတဲ့ စာရေးဆရာကြီးရဲ့ စကားပါ။ ဆရာကြီးမောင်ကျောက်တိုင်ဟာ မြန်မာနိုင်ငံ သီအိုဆိုဖီဂိုဏ်းရဲ့ အကြီးအကဲ လို့လည်း ငယ်ငယ်က ဖတ်ဖူးတဲ့ မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ မှတ်သားရဖူးပါတယ်။

တလောတုန်းက စာအုပ်သေတ္ထာထဲမှာ အုံလိုက်ကျင်းလိုက် မှိုတက်မလို ဖြစ်နေတဲ့ စာအုပ်တွေ လျှောက်မွှေရင်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဝယ်ယူခဲ့တဲ့ စာအုပ်ပါးလေးတစ်အုပ်ကို သွားတွေ့ပါတယ်။ စာအုပ်နာမည်က ဘာပဲလုပ်လုပ် ဒါကြည့် လုပ်ပါတဲ့။ ရေးသူက မြန်မာ့လက်ဆန်းပညာတွေကို လွယ်လင့် တကူ ဖတ်ရှုနားလည်အောင် တင်ပြရေးသားပေးနေတဲ့ ဆရာဒလမင်းခေါင်ပဲ ဖြစ်ပါတယ်။

ဒလမင်းခေါင်ရဲ့ ဒီစာအုပ်ပါးလေးမှာ အင်္ဂဝိဇ္ဇာပညာနဲ့ အချိန်အခါအလိုက် ယတြာပြုပုံတွေကို ဖော်ပြ ထားပါတယ်။ အင်္ဂဝိဇ္ဇာဆိုတဲ့ အမည်က ဗေဒင်ဆရာတွေ နားရည်ဝနေတဲ့ ဝေါဟာရ ဆိုပေမဲ့ ဒီစာအုပ်ထဲက ယတြာနည်းတွေက တစ်သက်နဲ့ တစ်ကိုယ် ကြားဖူးမယ် မထင်တဲ့ နည်းစနစ်တွေ ဖြစ်ပါတယ်။ ဥပမာ တောင်ဖက်လှည့် ရေသောက်ပါ။ မြောက်ဖက်လှည့် ဆံပင်ကို ရှစ်ကြိမ်ပွတ်၊ နောက်လှန်ချ၊ အရှေ့ဘက်လှည့် ပါးကိုပွတ် ဆိုတဲ့ ပေါ့ပေါ့းပါးပါး ယတြာနည်းတွေကို ဖော်ပြထားပါတယ်။ ခမ်းခမ်းနားနား အုန်းပွဲ ငှက်ပျောပွဲနဲ့ တံခွန်ကုက္ကားတွေကိုမှ ယတြာလို့ ယူဆသူတွေ အဖို့ ဒီယတြာနည်းတွေက ဘာလဲဟ ဆိုပြီး ပါးစပ်အပြဲသား ဖြစ်သွားနိုင်ပါတယ်။

ယတြာကို ခဏထားလိုက်ပါမယ်။ အင်္ဂဝိဇ္ဇာလို့ လူသိများတဲ့ အချိန်အခါပိုင်းနဲ့ ဟောတဲ့ လက်ဆန်းဗေဒင်ကို ဆရာကြီးမောင်ကျောက်တိုင်က ယိချင်းထက် ရှေးကျတဲ့ မဟာဂန္ဓာရီပညာမှာ ကာလစက်နိယာမဆိုတဲ့ ဒဿန ရှိတယ်။ သက္ကတစကားနဲ့ ကာလချက္ကရလို့ ခေါ်တဲ့ လောကသုံးပါးဟာ အမြဲမပျက် တရစပ် ပြောင်းလဲနေတယ်။ ဒီလို ပြောင်းလဲတဲ့ အခါမှာ ကောင်းတစ်ခါ၊ ဆိုးတစ်လှည့်၊ နှေးတစ်ခါ၊ မြန်တစ်လှည့်၊ ဣဋ္ဌာရုံတစ်လှည့်၊ အနိဋ္ဌာရုံတစ်လှည့် ပြောင်းလဲနေတာ ဖြစ်တယ်။ ဒါ့ကြောင့် တစ်လှည့်စီ ပြောင်းလဲမှု နိယာမလို့ ခေါ်နိုင်တယ် ဆိုပြီးတော့ အသေးစိတ် ရှင်းလင်းပြထားပါတယ်။ ဆရာကြီးဟာ လက်ဆန်းဗေဒင်နဲ့ စကြာဝဠာထဲက မြေလျှပ်ဓာတ်လှိုင်းတွေအကြားမှာ ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း သူရဇ္ဇ မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်မှာ ဖော်ထုတ် ရေးသားခဲ့ဖူးပါတယ်။

ဒလမင်းခေါင်ရဲ့ အခါတိုင်ယတြာတွေနဲ့ ပက်သက်လို့လည်း ဆရာကြီးမောင်ကျောက်တိုင်က "ပါးကိုကိုင် မေတ္တာပို့၊ ပါးကို လက်နဲ့ပွတ်၊ သွား၊ နူတ်ခမ်းနဲ့ လက်သန်းကို ကိုက်၊ ဆံပင်ပွတ်၊ လက်နှစ်ဖက်ယှက်၊ လက်ခုပ်တီး၊ နှခေါင်းဒူးကို လက်ခလယ်နဲ့ ထိပေး အဲဒါတွေဟာ သာမန်ကြည့်ရင်တော့ ဘာမှထူးတယ် မထင် ရပေမဲ့ မုဒြာရှုထောင့်က ကြည့်ရင်တော့ လက်ရဲ့ လှုပ်ရှားမှုတွေဟာ မုဒြသဘော သက်ဝင် နေတာချည်း တွေ့ရတာက ထူးခြားနေတယ်။" လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နှစ်ဖက်ကို ပူးကပ်မယ်။ ယှက်မယ်ဆိုတာတွေက အဉ္ဇလီမုဒြာ ဖြစ်ပြီး ဆံပင်ကို ရှစ်ကြိမ် ပွတ်ပါ ဆိုတာက တရုတ်ဂန္ဓာရီ ဝင်ပေါက်တွေ သဘောဆောင်နေတယ်လို့ ဆရာကြီးမောင်ကျောက်တိုက်က ဖွင့်ဆို ပြထားပါတယ်။ လက်ချောင်းတွေနဲ့ နား၊ နှာခေါင်းတွေ၊ ပါးတွေ၊ ဒူးတွေကို ထိတွေ့တာကလည်း ခန္ဓာကိုယ်ထဲက ချက္ကရတွေကို စွမ်းအင် ဖွင့်ပေးတဲ့ သော့ချက်သဘော ဖြစ်နေတယ်လို့ ဆရာကြီး မောင်ကျောက်တိုင်က အင်္ဂဝိဇ္ဇာနဲ့ ယတြာပြုပုံကြားက ဂန္ဓာရီ ဆန်ဆန် ဆက်နွယ်မှုတွေကို ရှင်းပြ ထားပါတယ်။

ဒီစာအုပ်ပါးလေးထဲက နည်းစနစ်တစ်ခုကို တင်ပြရရင် ဥပမာ တနင်္ဂနွေသားတစ်ယောက်ဟာ မွေးနံ တိုင်ထိပ် ရောက်နေမယ့် ဗုဒ္ဓအခါမျိုးမှာ ကောင်းအား ရှိနေပေမဲ့ စက်ပျက်၊ စက်ရပ် ဆိုတဲ့ အင်္ဂါအခိုက် သဘောတွေ မြင်ရရင် အညံ့ကြုံလာနိုင်တာမို့ ယတြာပြုရမယ်လို့ ဆိုပါတယ်။ ယတြာကလည်း ခဲရာခဲဆစ် တစ်ခုမှ မပါပါဘူး။ အရှေ့တောင်ဘက် လှည့်ပြီး မေတ္ထာပို့ ချင်ပို့။ မပို့ချင်ရင် ဘုရား လို့ တလိုက်ရုံပါပဲတဲ့။ ကဲ ဘယ်လောက်လန်းသလဲ။ ယတြာက။

ဗေဒင်မေးသူတွေ၊ ယတြာတောင်းသူတွေကို ဟိုဟာလုပ်ပါလား၊ ဒီဟာလည်း ကောင်းတယ်ဆိုပြီး ယတြာတွေ ချေခိုင်း သလောက် ကိုယ်တိုင်ကျ ယတြာချေဖို့ အပျင်းထူလွန်းတဲ့ ကျွန်တော့်အဖို့ ဒီစာအုပ် ထဲက နည်းတွေက အတိုင်းထက်အလွန် အသုံးတည့်မှာ ကျိန်းသေပါတယ်ဗျာ။ မိတ်ဆွေတို့ရော ဘယ်လိုလဲ သိချင်ပါရဲ့။ အော် စာအုပ်လေး နာမည်က ဘာပဲလုပ်လုပ် ဒါကြည့်လုပ်ပါတဲ့။ ရေးသူက ဆရာဒလမင်းခေါင် ဖြစ်ပါတယ်။ ကြော်ငြာတာ မဟုတ်ပါဘူး။ အစားကောင်းလေး စားရလို့ ခင်ရာဆွေမျိုးဟဲ့ ဆိုပြီး လက်ယပ် ခေါ်လိုက်တာပါ။

1 comment:

Numan said...

ကိုရမ်းဂမ်းရေ။
တနင်္ဂနွေ အစ- စနေ အဆုံး ၇-နေ့အတွက်- စတိ ယတြာ ဖြစ်တဲ့-
အပ်-တောင်း၊ ကျောင်း-အိပ်၊ စိတ်-လက်မီးကင်၊ ရိပ်-လျှင် မှန်ကြည့်၊ ပြင်-ထွက် ပြေးဝင်၊ သီး-လျှင်စား၊ စနေ-ရန်စကား ဆိုတာလည်း ကြားဘူးပါတယ်။ အဆက်ပြတ်နေတာ ကြာပြီဖြစ်လို့- သိရှိထားသူများ ဖြည့်စွက်ပေးစေလိုပါတယ်။

နျူမာန် (မိုးတား)