Sunday, June 12, 2011

အမှတ်တရ အပိုင်းအစများ

ဖမ်းဆုပ်လို့ မမိ၊ စမ်းသပ်လို့ မထိတွေ့နိုင်တော့တဲ့ အတိတ်တချိန်မှာ ကျွန်တော်တို့ လွယ်အိတ်လေး တွေက အနာဂတ်တွေကို သယ်ပိုးရင်း ကျွန်တော်တို့ နှလုံးသားတွေကို ဝါသနာပါရာ ပညာရပ်တွေနဲ့ ရင်းနှီးကျွမ်းဝင် စေခဲ့ဖူးပါတယ်။ တခါကပေါ့။

တခါက မြို့အဝင် တာလမ်းမကြီးတစ်နေရာမှာ ဆယ်ကျော်သက် ကောင်လေး ၃ ယောက် တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ ဒီ ၃ ယောက်ထဲက ကောင်လေး တစ်ယောက်က ကွမ်းယာထုပ်တစ်ထုပ်ကို လက်နှစ်ဖက်နဲ့ ကျကျနန ကိုင်၊ ပါးစပ်နားတေ့ပြီး ပွစိပွစိနဲ့ ရွတ်ဖတ်နေတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ဘေးနားကနေ စိတ်ဝင်တစားနဲ့ ငေးကြည့်နေပါတယ်။ "ဥုမ် အာကာသေ .အာကာသေ.. ဒေဝတာ..ဒေဝတာ.." အစချီတဲ့ ကွမ်းမန်းဂါထာနဲ့ ကွမ်းယာထုပ်ကို မန်းမှုတ်နေတာ ဖြစ်ပါတယ်။ တအောင့်လောက် ကြာတော့ ဂါထာမန်းတဲ့ ကောင်လေးက ကွမ်းယာထုပ်ကို  ကျန်နှစ်ယောက်ကို ပေးလိုက် ပါတယ်။ ရင်ကော့ ပြီးတော့လည်း ပြောလိုက်တယ်။

"စိတ်ချ. ဒီကွမ်းယာ စားပြီး မင်းတို့ ကြိုက်တဲ့ ကောင်မလေးတွေကို ရည်းစားစကား သွားပြောချေ. အဆင်ပြေစေရမယ်။"

တခါက ကျောင်းခန်းထဲမှာ အင်္ကျီအိတ်ကပ်ထဲ အရွက်တွေ ၊ အညွှန့်တွေ ထိုးထိုးထောင်ထောင်နဲ့ ထည့်လာ တတ်တဲ့ ကောင်လေး ၂ ယောက် ရှိတယ်။ သူတို့ အိတ်ကပ်ထဲမှာ တခြား ကျောင်းသားတွေလို မုန့်ဖိုး၊ စာရွက်၊ ဘော့ပင်၊ မုန့်ထုပ် တစ်ခုမှ မဟုတ်တဲ့ အညွှန့်အခက်တွေ ၊ အရွက်တွေနဲ့ပေါ့။ တခြား ကျောင်းသူ ကျောင်းသားတွေက အထူးအဆန်း လက်ညိုးဝိုင်းထိုး အတင်းတုပ်ကြပေမဲ့ သူတို့ နှစ်ယောက် ကတော့ အထက် ဆောင်ပန်း၊ အောက်နင်းကြမ်း၊ သူ့ကို နိုင်လို ဆကိုခို ဆိုတဲ့ လင်္ကာတွေ ရွတ်ဆိုပြီး ကိုယ်ထင် ကုတင် ရွှေနန်းကြီး လုပ်နေကြတာပေါ့။ ကံနိမ့်တဲ့ တနေ့ကျတော့ ကျောင်းအုပ် ဆရာမကြီးက အဲဒီ ကောင်လေး နှစ်ယောက်ကို ထိပ်တိုက် ခေါ်တွေ့တယ်။ အိတ်ကပ်ထဲ အရွက်အခက်တွေ ပြည့်နေတဲ့ ကောင်လေး နှစ်ယောက်ကို ကြိမ်းတယ်။

"နင်တို့တွေ ကျောင်းဝန်းထဲက အပင်တွေ သွားဆိတ်တာ၊ နူတ်တာ မြင်လို့ကတော့ အဘေခံရမယ် မှတ်"

တခါက ကောင်လေးတစ်ယောက်ဟာ ထူးချွန်စာမေးပွဲ ဖြေဖို့ တိုင်းမြို့နယ်ကြီးတစ်ခုကို ရောက်လာပါတယ်။ စာမေးပွဲ ဖြေပြီးတော့ လိုက်ပို့တဲ့ ဆရာ၊ ဆရာမတွေ၊ တခြား ကျောင်းသူ ကျောင်းသားတွေနဲ့အတူ မြို့အနှံ့ လိုက်လည်ပါတယ်။ မြို့ရဲ့ အထင်ရှားဆုံး စေတီတစ်ဆူ အရောက်မှာတော့ ကောင်လေးက တခြားသူတွေလို ဘုရားပေါ်တက် လျှောက်မကြည့်ဘဲ ဘုရားစောင်းတန်းက စာအုပ်ဆိုင်လေးတွေဆီ လိုက်ကြည့်ပါတယ်။ မျက်လုံးကလည်း ဟိုရှာဒီရှာနဲ့။ လူသိမှာလည်း စိုးရိမ်နေပုံပါ။ ဒါနဲ့ စာအုပ် အဟောင်းတွေ ပြထားတဲ့ ဆိုင်လေးရှေ့ သူရောက်သွားတယ်။ ဆိုင်ရှင်ဦးလေးကြီးကို ခပ်တိုးတိုးလေး ကပ်မေး လိုက်တယ်။

"ဟိုလေ.. ဆရာကြီးမြစကြာ ရေးတဲ့ လက်တွေ့ ပယောဂ ကုထုံးကျမ်းနဲ့ အင်းကျမ်းတွေ ရှိလားခင်ဗျ။"

တခါက ဘုရားစင်ရှေ့မှာ အိပ်ပြီး မနက်ကျီးမနိုးခင် အိပ်ရာထ၊ ဘုရား ရှိခိုး၊ ဂါထာမန္တန်တွေ အသံပြဲကြီးနဲ့ အော်ရွတ်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူက ဥုံလို့ ရွတ်ရင် သူများတွေလို မသိမသာ ဥုံသံ မဟုတ်ဘဲ သိသိသာသာ ဥုမ်တာကြောင့် အိမ်က လူတွေလည်း မနက်စောစော နားမချမ်းသာ ဖြစ်ရပါတယ်။ တခါတလေ ဥုံတင်မကဘဲ သြောင်းတွေ၊ အွံတွေ၊ မွံတွေပါ ပါတတ်လို့ အိမ်ကလူတွေလည်း လန့်ဖြန့် သွားတတ်ပါတယ်။ တနေ့ကျတော့ နှစ်အိမ်ကျော်က အဒေါ်ကြီးတစ်ယောက်က အိမ်ကို လာပြောတယ်။

"ဒီအိမ်က ကလေးများ စာတော်တာ် ကြိုးစားတာပဲ။ မနက်အစောကြီး ထထပြီး စာကျက်တယ်နော်။ အိမ်က ဟာမတွေများ ငပျင်းတွေချည်းပဲ။ မနက်ဆိုတော်တော်နဲ့ မထဘူး။ အဲဒါ အခု မနက်စောစော ထ စာကျက်အောင် တုတ်နဲ့ ဆော်နေပေးနေရတယ်။"


တခါက ကောင်လေး ၂ ယောက်ဟာ ကျောင်းခန်းထဲမှာ ဘယ်သူထတယ်၊ ဘယ်သူ ရွတယ်၊ ဘယ်သူက အိမ်သာ သွားဖို့ ခွင့်တိုင်တယ်၊ ဘယ်သူက စာမရလို့ အတီးခံရတယ်၊ ဘယ်ဆရာမကတော့ ဒီနေ့ ငိုက်နေတယ်၊ ဘယ်ဆရာကတော့ မျက်နှာသုန်မှုန်နေတယ်၊ ဘယ်သူတွေ ဘာများ ဖြစ်နေသလဲ အသေးစိတ် စူးစမ်းလေ့လာကြတယ်။ လေ့လာကြရာမှာလည်း နှစ်ယောက်လုံး ကျောင်းစာအုပ်တွေ နောက်ကျောဖက်မှာ ဂဏန်းသင်္ချာတွေကို ထောင်လိုက်၊ ဆင်းလိုက် ဟိုတို့ ဒီတို့ လုပ်ကြတယ်၊ နှစ်ယောက်သား အငြင်းအခုန်ကလည်း ထဖြစ်သေးတယ်။ ဒါနဲ့ တစ်နေ့တော့ ကောင်လေးနှစ်ယောက် အားပါးတရ လက်ဝါးရိုက်ပြီး သီအိုရီတစ်ခု ထုတ်လိုက်တယ်။

"ဒီမယ် ဟေ့ကောင် ဘာမှ ငြင်းမနေနဲ့ ငါတို့ တွေ့ရှိချက်အရဆို အခါတိုင်မှာ စတုရန်းနံသမားတွေက အိမ်သာသွားတယ်၊ အမြစ်နံက လူတွေက ဆူခံထိ၊ ကြိမ်စာ မိတယ်၊ တိုင်ခြေစတုရန်းကတော့ တခါမှ ခြေငြိမ်တယ် မရှိဘူး. ဟောကြည့် စတုရန်းနံက ဟိုကောင်မလေး အိမ်သာပြေးပြီ။"

မိုးစက်တွေ မှုန်မှိုင်းဝေသီတဲ့ အခုလို ကျောင်းဖွင့်ချိန် ရောက်လာလို့ အင်္ကျီဖြူဖြူ၊ ပုဆိုးစိမ်းစိမ်းလေးတွေ မြင်ရတိုင်း ကျွန်တော်တို့ ကျောင်းသားဘဝကို နောက်ပြန်လှည့် ငေးမိတာ သဘာဝကျမယ် ထင်ပါတယ်။ ဖမ်းဆုပ်လို့ မမိ၊ စမ်းသပ်လို့ မထိတွေ့နိုင်တော့တဲ့ အတိတ်တချိန်မှာ ကျွန်တော်တို့ လွယ်အိတ်လေး တွေက အနာဂတ်တွေကို သယ်ပိုးရင်း ကျွန်တော်တို့ နှလုံးသားတွေကို ဝါသနာပါရာ ပညာရပ်တွေနဲ့ ရင်းနှီးကျွမ်းဝင် စေခဲ့ဖူးပါတယ်။ တခါကပေါ့။

2 comments:

ShwunMi- said...

:) memoir of the happy days.

ဟိန်းတင့်ဇော်(ဗလာ) said...

စာလာဖတ်ပါတယ်ဗျာ။ ကျွန်တော်လည်း အရင်တုန်းက အဲလို ပဲဗျ။