Tuesday, June 14, 2011

လကြတ်တဲ့အခါ

ခေါင်းပေါ်တက် လကြတ်ခံရသလို ဖြစ်နေမယ့် ဗြိစ္ဆာရာသီဖွားတွေအဖို့ လပိုင်းအတွင်းမှာ စိတ်ညစ်စရာ ကြီးကြီးမားမား ပေါ်ပေါက်လာနိုင်ပြီး စိတ်ရောလူပါ မထောင်နိုင်အောင် ဖလက်ပြတာမျိုး ဖြစ်လာနိုင်ပါတယ်။

မနက်ဖြန် ဇွန်လ ၁၅ ရက်နေ့ သန်းခေါင်ကျော်၊ ၁၆ ရက်နေ့အဝင်၊ ည ၁၂ နာရီကျော်ကနေ မနက် ၄ နာရီကျော် အထိမှာ အပြည့်အဝ လကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ရမှာပါ။

လကြတ်တာက ဟုတ်ပါပြီ။ ခုရက်ပိုင်းကျမှ မိုးကလည်း သည်းနေလို့ ညကြီးသန်းခေါင် လကြတ်တာကို ထကြည်ဖို့ကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ဒီဇွန်လ လကြတ်တာကို မမြင်လိုက်ရလည်း ကိစ္စ မရှိပါဘူး။ ဒီဇင်ဘာ ၁ဝ ရက်နေ့ ညနေပိုင်းကျရင်လည်း လအပြည့်အဝ ကြတ်တာကို ထပ်မြင်ရဦးမှာပါ။ ကဲ. ကျွန်တော်တို့ နေထိုင်ရာ ဒီကမ္ဘာနဲ့ အနီးဆုံး ဘော်ဒါဖြစ်တဲ့ လမင်းကတော့ ငပုပ်ဖမ်းလို့ အမှောင်ဖုံး ပါတော့မယ်။ လကြတ်တဲ့ ဖြစ်စဉ်နောက်မှာ ဘယ်သူတွေ ဘာဖြစ်မလဲ၊ ဘယ်လို အဖြစ်အပျက်တွေ ပေါ်ပေါက်လာမလဲ။ နှစ်တိုင်းနှစ်တိုင်း ကောင်းကင်ပေါ်မှာ သူ့ဖာသာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ နေနဲ့လက ဟောဒီကမ္ဘာပေါ်ကို ဘယ်လိုများ အကျိုးသက်ရောက်စေမလဲ။

ရှေးကျမ်းတွေမှာ ဖော်ပြထားတာကတော့ နေကြတ်လကြတ်တာကို ပြတ်ပြတ်သားသား မြင်ရတဲ့ နိုင်ငံမှာသာ နေလကြတ်တဲ့ ဖြစ်စဉ်ရဲ့ အကျိုး သက်ရောက်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။ လူတစ်ဦးချင်း ဆိုရင်လည်း ဇာတာအလိုက် နေလကြတ်ချိန် အစီးအနင်း အနေအထားကို အကဲဖြတ်ပြီးမှ ဟောပြောတယ် လို့ ဆိုပါတယ်။

တချို့လောကီမှော်ပညာကျမ်းတွေမှာ ဖော်ပြတာကတော့ နေ၊ လကြတ်ချိန်တွေမှာ နမောတေ အစချီတဲ့ ဂါထာကို ရွတ်ဖတ် ပူဇော်ပြီး လွတ်မြောက်မှု ဟိတ်ဓာတ်ကို ရယူတယ်လို့ ဆိုထားပါတယ်။ နောင်တချိန် အကျဉ်းကျ၊ အချုပ်အနှောင်ခံရချိန်မျိုး ကျရင် ဒီနမောတေဂါထာကို ပြန်နှိုးပြီး ကျင့်ကြံအားထုတ် လိုက်တာနဲ့ အနှောင်အဖွဲ့က လွတ်မြောက်စေတယ်လို့ သင်ကြားခဲ့ရဖူးပါတယ်။ တချို့ကလည်း လကြတ်ချိန် ဆံပင် ဖားလျား ချထားရင် ရူးသွပ်တတ်တယ်လို့ ဆိုပြန်ပါတယ်။

ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ၂ဝဝ၈၊ မတ်လဆန်းလောက်တုန်းက မနက်စောစော လကြတ်တာကို အိပ်ရာက လူးလဲထပြီး ငေးကြည့်ဖူးပါတယ်။ အဲဒီ ၂ဝဝ၈ တုန်းက ဇန်နဝါရီ ၄ ရက်နေ့မှာ SunSpot တွေ နေပေါ်မှာ အကွက်လိုက်ထခဲ့သလို မတ်လဆန်းမှာလည်း လကြတ်တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက် သိပ်မကြာခင် မေလမှာပဲ မြန်မာ့သမိုင်းက အဆိုးဝါးဆုံး နာဂစ်မုန်တိုင်းကြီးနဲ့ တရုတ်ပြည်က စီချွမ် ငလျင်ကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ဆိုပါရစေ။

အခု ဇွန် ၁၆ ရက် မနက်စောစော လကြတ်မယ့် ဖြစ်စဉ်က ဗြိစ္ဆာရာသီခွင်မှာ ကျရောက်ပြီး လကြတ် နေချိန်မှာ  ဇေဌနဲ့ မူလနက္ခတ်တွေအပေါ်  ဖြတ်သန်းနေမှာ ဖြစ်ပါတယ်။ လကြတ်ချိန်မှာ ဗြိစ္ဆာရာသီက လကို ပြိဿရာသီက သောကြာဂြိုဟ်က တိကျတဲ့ ခုနှစ်တန့်အမြင်နဲ့ မြင်ယှဉ်နေမှာ ဖြစ်ပါတယ်။ လကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာနဲ့အတူ အာဖရိက၊ တောင်အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ အာရှဒေသတွေမှာ မြင်တွေ့ရဖို့ ရှိပြီး ဖိလစ်ပိုင်မှာတော့ မနက်ခင်း နေမထွက်ခင် အချိန်လေးမှာပဲ လကြတ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ခေါင်းပေါ်တက် လကြတ်ခံရသလို ဖြစ်နေမယ့် ဗြိစ္ဆာရာသီဖွားတွေအဖို့ လပိုင်းအတွင်းမှာ စိတ်ညစ်စရာ ကြီးကြီးမားမား ပေါ်ပေါက်လာနိုင်ပြီး စိတ်ရောလူပါ မထောင်နိုင်အောင် ဖလက်ပြတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို စိတ်ပိုင်းနာကျင်မှုတွေကနေ ဖောက်ထွက်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ်ကိုလည်း ရောက်လာမယ်လို့ ခန့်မှန်းပါတယ်။ တခြားရာသီတွေအနေနဲ့ ကရကဋ်၊ သိဟ်၊ တူ၊ ကုမ်၊ မိန်တွေက လကြတ်ပြီးနောက်မှာ စိတ်ချမ်းသာစရာတွေ ကြုံရမယ်၊ မိဿ၊ ပြိဿ၊ မေထုန်၊ ကန်၊ မကာရ၊ ဓနုတွေ ကတော့ အကောင်းရော၊ အဆိုးပါ သာမန်အနေအထား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော် မှန်းတာ မဟုတ်ပါဘူး၊ တခြားဆရာတွေ ဟောကိန်းကို တစ်ဆင့် ပြန်ပြောတာပါ။ ကျွန်တော်ကတော့ ရာသီဖွား ဟောကိန်းကို ဘယ်တုန်းကမှ အလေးအနက် မရှိခဲ့ဖူးပါ။ စိတ်ဝင်စားသူ၊ ယုံကြည်သူများ အတွက်သာ ရည်ရွယ်တာ ဖြစ်ပါတယ်။

လကြတ်တဲ့ ဖြစ်စဉ်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်၊ အင်း.. အခု နောက်ပေါ် ဝေါဟာရနဲ့ ပြောရရင် ပြည်တောင်စု သမ္မတ မြန်မာနိုင်ငံတော်လည်း ဘယ်လိုဘယ်ပုံ အကြောင်းဆက် ဖြစ်ပျက်လာမယ် ဆိုတာကို သိချင်လိုက်တာဗျာ။ အော်.. ဟုတ်သားပဲ။ မေ့နေလိုက်တာ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဗြိစ္ဆာရာသီလဂ် ဆိုတော့ အခု လကြတ်မယ့် ရာသီခွင်နဲ့ တစ်ထပ်တည်း ကျနေပါရောလား။ ကိုင်း ကိုယ့်လူတို့ရေ ... စိတ်ဝင်စားစရာပဲနော်။ ကွန်တော်တို့ အတူတူ စောင့်ကြည့်ကြပါစို့။

No comments: