Saturday, June 25, 2011

စာတွေ့ ငါတွေ့ ဖုန်းရွှေ

အဲဒီမှာပဲ ကျွန်တော့်ရဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ် ဥာဉ်က ခေါင်းထောင်လာပြီး ဖုန်းရွှေဆိုပါလား အမည်ရတဲ့ စာစုကို ဘလော့ဂ်ပေါ်မှာ မိတ်ဆက် ရေးသား လိုက်ပါတယ်။

မနှစ်က ဒီလိုအချိန်လောက်မှာ ကျွန်တော်ဟာ ကိုအောင့်ဘလော့ဂ်ပေါ်က လင့်ခ်တစ်ခုက တစ်ဆင့် တရုတ်ရိုးရာ ဖုန်းရွှေပညာ ဆိုတဲ့ စာစုဆီကို ရောက်သွား ပါတယ်။ အဲဒီမှာပဲ ကျွန်တော့်ရဲ့ ဟိုစပ်စပ်၊ ဒီစပ်စပ် ဥာဉ်က ခေါင်းထောင်လာပြီး ဖုန်းရွှေဆိုပါလား အမည်ရတဲ့ စာစုကို ဘလော့ဂ်ပေါ်မှာ မိတ်ဆက် ရေးသား လိုက်ပါတယ်။ နောက်တော့ ကိုယ်တိုင် စူးစမ်း လေ့လာခဲ့တဲ့ ဖုန်းရွှေနည်းဗျူဟာတွေနဲ့ ပက်သက်ပြီး လက်တွေ့နယ်ပယ်ထဲက ဖုန်းရွှေ ဆိုတဲ့ စာစုကို နောက်ဆက်တွဲ ရေးခဲ့ပါတယ်။ အခုတော့ စာတွေ့ရော ငါတွေ့မှာပါ တိုက်ဆိုင်ထိမိတဲ့ ဖုန်းရွှေ ဇာတ်လမ်းတွေကို ရေးချလိုက်ပါတယ်။

ဆည်းလည်းသံ


မနက်လင်းပြီ နေရောင်လေး ပွင့်လာပြီဟေ့ ဆိုတာနဲ့ သူဟာ အိမ်မကြီးအဝင်မှာ ချိတ်ဆွဲထားတဲ့ ရွှေရောင်၊ ငွေရောင် ဆည်းလည်းလေးတွေရဲ့ အောက်က ကြိုးနီစလေးကို ဆွဲလှုပ်ရင်း ပါးစပ်က ပွစိပွစိ လုပ်လေ့ ရှိပါတယ်။ သတ္တုချင်း ထိခတ်ရာက ထွက်ပေါ်လာတဲ့ အသံသာ ဆည်းလည်းသံလေးတွေက မနက်ခင်း လေပြေထဲမှာ ကြည်နူးစရာ ဖြစ်နေတယ်။

ကျွန်တော်ကလည်း သူလုပ်သမျှကို မျက်ခြေမပြတ် စပ်စုလေ့ ရှိပါတယ်။ သူဆိုတာက ကျွန်တော့် ချစ်သူငယ်ချင်း တရုတ်ကလေးရဲ့ ပါပါးပဲ ဖြစ်ပါတယ်။ သူ ဆွဲလှုပ်တဲ့ ကြိုးနီစလေးမှာ တရုတ်ဒင်္ဂါးတွေ တွယ်ချိတ် ထားတာ တွေ့ရပြီး သူနူတ်က ရွတ်တဲ့ ပွစိပွစိကိုတော့ ဘာမှန်း ကျွန်တော် မသိပါဘူး။

ဒါနဲ့ပဲ ဘာတွေများ ရွတ်ဖတ်တာလဲ ဦးလေးရယ်လို့ မေးလိုက်တော့ သံမ္ဗုဒ္ဓေတဲ့။ ကောင်းရော။ တရုတ် ဖုန်းရွှေနည်းနဲ့ သံမ္ဗုဒ္ဓေဂါထာတော်နဲ့ ရောသမမွှေထားတာ။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲပေါ့။ ဘာပဲပြောပြော တရုတ်တို့ စီးပွားရေး ဒီရေအလား တိုးပွားလာတာ ကိုယ်တွေ့မျက်မြင်မို့ ဆည်းလည်းသံလေး တွေကို အထင်သေးလို့ မရဘူးဆိုတာ မှတ်သားမိပါတယ်။ တိုက်ဆိုင်လို့ ဆက်ပြောရရင် ကမ္ဘာ့နံပါတ်နှစ် စီးပွားရေး အင်အားကြီးအဖြစ် ဂျပန်ကို ကျော်ဖြတ်လာတာလည်း ငွေချူသံတွေ သုံးတတ်တဲ့ တရုတ်နဂါးကြီးပဲ ဖြစ်နေပါတယ်။

အိမ်ပေါက်ဝက ပန်းအိုး

တကယ်လို့ စာဖတ်သူအနေနဲ့ အိမ်တစ်အိမ်ရဲ့ ရှေ့ဝင်ပေါက်၊ တံခါးဝအနားမှာ၊ ဘေးတစ်ဖက်တစ်ချက်မှာ အိမ် (အခန်း) နဲ့ ထိမိနေတဲ့ ဆူးပါတဲ့အပင်တွေ၊ ခြောက်သွေ့ ညိုးရော်နေတဲ့ ပန်းအိုးကြီးတွေ မြင်မိမယ် ဆိုရင် အဲဒီမြင်ကွင်းကလည်း ခဏတဖြုတ် မဟုတ်ဘဲ ရက်လရှည်ကြာ ဖြစ်နေရင် အိမ်ရှင် မိသားစုတွေကို သတိထားကြည့်လိုက်ပါ။ သူတို့မှာ ပူပင်သောက ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီလို့ မှတ်ယူနိုင်ပါတယ်။

မယုံဘူးဟေ့ ဆိုရင် ဆူးပင်တွေ၊ အပင်ခြောက်တွေ ကိုယ့်အခန်းဝ၊ အိမ်ဝမှာ နံရံ၊ တံခါးတွေနဲ့ ကပ်ပြီး လနဲ့ချီ ပစ်ထားကြည့်ပါဦး။ ပြီးရင် ကျွန်တော့်ကို ပြန်ပြောပါ။ နောက်တာ မဟုတ်ဘူးနော်။ ကျွန်တော် သိတဲ့ မိသားစုတစ်စုကတော့ အဲဒီလို ခြောက်သယောင်းနေတဲ့ ပန်းအိုးတွေကို အိမ်အဝင်ဝမှာ ဒီတိုင်း ပစ်ထား ဖူးတယ်။ ဘာဖြစ်သလဲ ဆိုတာတော့ ပြန်မပြော ချင်တော့ပါဘူး။ လက်တွေ့ကျကျ စမ်းသပ်ကြည့်ကြပါလို့။

ဆန့်ကျင်ဘက် ပြန်လှန်ရရင် အိမ်ရှေ့တံခါးမကြီး၊ ဝင်ပေါက်နားကို သန့်ရှင်းသပ်ယပ်အောင် ထားမယ်၊ အဖုအထစ် မရှိ ပြေပြစ်နေမယ် ဆိုရင် ဒီမိသားစု အိမ်ဂေဟာက မင်္ဂလာအပေါင်း ပြည့်စုံနေမယ်လို့ ဖုန်းရွှေကျမ်းမှာ ဖော်ပြထားပါတယ်။ ဆိုင်ရှေ့၊ အိမ်ရှေ့တွေကို ပြောင်လက်နေအောင် တံမျက်လှည်း၊ ရေဖြန်း၊ သန့်ရှင်းရေး လုပ်တတ်တဲ့ ပေါက်ဖောက်ကြီးတွေကို မြင်ယောင်မိပါတယ်။ တချို့သော မြန်မာ တွေလည်း အပါအဝင်။

ချွန်မြသော ရှချီ

ကျောင်းသားဘဝက ကျွန်တော့်လိုပဲ ဗေဒင်ကို စိတ်ဝင်စားတဲ့ ( အခုတော့ ဆရာဝန်ကြီးလုပ်နေတဲ့ ) ငယ်သူငယ်ချင်း တစ်ဦး ရှိပါတယ်။ တနေ့ကျ သူက ပြောတယ်။ လက်ညိုးနဲ့ လက်ခလယ်ကို ထောင်ပြီး (ကောင်မလေးတွေ ထောင်စရာ မရှိ ဒါပဲ ထောင်ပြနေတဲ့ ) လက်နှစ်ချောင်းထောင် သဏ္ဍာန်မျိုးနဲ့ လူတစ်ယောက် မျက်လုံးတည့်တည့်ကို မိနစ်ပိုင်းလောက် ချိန်ရွယ်ကြည့်လိုက်တဲ့။ အဲဒီလူဟာ အလိုလိုနေရင်း ဒေါသတွေ ထွက်လာမယ်တဲ့။ ဟုတ်မဟုတ်ကိုတော့ မစမ်းသပ်ဖြစ်သေးပါဘူး။

ဖုန်းရွှေကျမ်းတွေ၊ ဆောင်းပါးတွေ လျှောက်ဖတ်ချိန်ကျမှ တွေ့ရတာက စားပွဲပေါ်မှာ တင်ထားတဲ့ ကပ်ကြေး၊ ဓား၊ စက္ကူဖြတ်စက်၊ ချွန်စက် အဲသလို ထိုးထိုးထောင်ထောင် အချွန်အထက်တွေ ကိုယ့်ဘက် လှည့်နေရင် တရုတ်သံ ရှချီဆိုတဲ့ ပါပဓာတ်တွေ ထွက်လာပြီး စိတ်တိုဒေါသထွက်၊ စိတ်အနှောင့် အယှက်တွေ များလာ တတ်တယ်တဲ့။

ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါ ရေနွေး ကရားအိုးနူတ်သီးဖျားနဲ့ သူများကို ချိန်ကြည့် မယ်လို့ စိတ်ကူးထားပါတယ်။ အော် ပြောဖို့ ကျန်တော့မလို့ပဲ။ အိမ်ကို ဧည့်သည်လာလို့ ရေနွေး၊ လက်ဖက် ရည်ကြမ်းတွေနဲ့ ဧည့်ခံရင် ရေနွေးကရား နူတ်သီးကို ကိုယ့်ဘက် အကြာကြီး လှည့်မထားနဲ့နော်။ ရှင်းမပြ တော့ဘူး သဘောပေါက်မယ် ထင်ပါတယ်။

နံရံပေါ်က လာဘ်ကောင်တွေ

စာရှုသူတွေအနေနဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ ရွှေဆိုင်တွေရဲ့ နံရံမှာ ရွှေရောင်လှေ၊ တရုတ် ငွေတုံးရွှေတုံးပုံ၊ ဒင်္ဂါးပြားပုံတွေကို မကြာခဏ မြင်ဖူးမယ်လို့ ထင်ပါတယ်။ နံရံကပ် ပိုစတာတွေ ရောင်းချတဲ့ ဆိုင်တွေမှာလည်း ဒီလို နိမိတ်ကောင်းဆောင်တဲ့ တရုတ်လက်ရာ ပန်းချီကားတွေကို မြင်တွေ့ ရပါတယ်။

ကျွန်တော့် အသိတစ်ယောက်ဆိုရင် ပိုစတာ၊ ပန်းချီကားတင် အားမရဘဲ နှစ်ပေလောက်ရှိမယ့် ရှေးဟောင်း လက်ရာ ရွှေလှေကြီးကို ဧည့်ခန်းမှာ ချိတ်ဆွဲ ထားပါတယ်။ သူ့အဆိုအရ ရွှေရွက်လှေနဲ့ လာဘ်ခေါ်မယ်ပေါ့။ ရွက်လှေပုံ၊ ရွှေတုံးငွေတုံး ဒင်္ဂါးပုံတွေက သိပ်မထူးဆန်းလှပေမဲ့ ရေကန်ထဲက ငန်းဖိုငန်းမ နှစ်ကောင်တွဲ ပျော်မြူးနေပုံနဲ့ သစ်ကိုင်းပေါ်မှာ လင်းယုန်ငှက်တစ်ကောင် နားနေပုံတွေကိုတော့ ကျွန်တော် စိတ်ဝင်စား မိပါတယ်။ ဒီအကောင်ပလောင်တွေက အဓိပ္ပာယ်မဲ့ လျှောက်ဆွဲထားတာ မဟုတ်လောက်ဘူး လို့လည်း တွေးမိပါတယ်။

ငန်းနှစ်ကောင် ရေကန်ထဲ ငြိမ့်ငြိမ့်လေး ကူးခတ်နေပုံက ချစ်သူစုံတွဲတွေ တစ်သက်သာ ခိုင်မြဲစေမယ့် နိမိတ်ဆောင် ဓာတ်ပန်းချီ ဖြစ်ပြီး ထင်းရှူးပင်ပေါ် နားနေတဲ့ လင်းယုန်ငှက်ကြီးကတော့ သက်ကြီး ရွယ်အိုတွေ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်ရစေမယ့် အဆောင်ကောင်း ဖြစ်တယ်လို့ နောက်ပိုင်းမှာ လေ့လာ သိရှိရပါတယ်။ တခါ ကျွန်တော် ရေးဖူးတဲ့ ဂန္ဓာရီဆန်ဆန် ပျံသန်းသော ငှက်များ ထဲမှာ ဒီအကြောင်း အသေးစိတ် ပါပါလိမ့်မယ်။

လောလောဆယ် ကျွန်တော့် မော်နီတာမျက်နှာပြင်မှာတော့ စိမ်းလန်း စီးဆင်းနေတဲ့ ရေတံခွန်ကြီးကို တင်ထားပါတယ်။ ဖုန်းရွှေဓာတ်သဘောအရ တစ်ခုခု အကျိုးမျှော်တာထက် မျက်စိကို ငြိမ်းချမ်း အားပြည့် စေလို့ပါပဲ။

ကဲဗျာ ကျွန်တော်ရဲ့ စာတွေ့ ငါတွေ့ ဖုန်းရွှေတချို့ကိုတော့ အများသူငါ ဗဟုသုတ အဖြစ် ရေးသား တင်ဆက် လိုက်ပါပြီ။ အရင်ဖုန်းရွှေဆောင်းပါးတွေတုန်းက ရေးခဲ့သလို ကျွန်တော်ဟာ ဖုန်းရွှေပညာရှင် မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ တစ်ခုနှစ်ခုကိုပဲ လက်တွေ့ကျကျ လိုက်စူးစမ်းနေတဲ့ ဝါသနာရှင်သက်သက်သာ ဖြစ်ပါတယ်။ ဒီစာစုမှာ အမှားပါရင် ဖြစ်ဖြစ်၊ ဟိုကျန်ဒီကျန် ကျန်ခဲ့ရင် ဖြစ်ဖြစ် ပညာရှိထုံး နှလုံးမူပြီး မေတ္တာရှေ့ထား ဝင်ရောက် ပြင်ဆင် ဖြည့်ဆည်းပေးကြပါလို့။

1 comment:

gausethee said...

တိုက်ဆိုင်မှုလားမသိပေမယ့် အိမ်ေ၇ှ့မှာ ပစ်ထားမိတဲ့ ပန်းအိုးအခြောက်၇ှိခဲ့တုန်းကတော့ တော်တော်အိမ်ပူခဲ့ပါတယ်
နောက်ဆို၇င်တော့ သတိ ၇ှိ၇ှိနေ၇မှာပေါ့လေ