Monday, July 4, 2011

နှစ်ပေါင်း ၂ဝ ကျော်က ဆန်းအသည်းနှလုံး

ဆရာကြီးတွေ၊ ကျမ်းမှတ်စုတွေ၊ လက်တွေ့အသုံးပြုနေသူတွေနဲ့ ဆရာအားလုံးဆီက ရဖူးခဲ့တဲ့၊ ရခဲ့တဲ့ အသိတရားတွေ အားလုံးကို ချွင်းချက်မရှိ ပေးလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့်လည်း ဒီစာအုပ်ကို အသည်းနှလုံးကို ပေးအပ်ဘိသကဲ့သို့ အားလုံးပေးလိုက်တဲ့အတွက် ဆန်းအသည်းနှလုံးလို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်
တခါတုန်းက နက္ခတ်ပညာနဲ့ ပက်သက်လို့ ကျွန်တော့်ကို အခြေခံကျကျ အရှေ့တိုင်း၊ အနောက်တိုင်းနဲ့ ကေပီစနစ်ပါ မကျန် သင်ကြားပြသပေးခဲ့တဲ့ ကံကူ လက်လှည့် ငယ်ဆရာက ပြောပါတယ်။

"ဆရာဒဂုန်တို့ ဝေဒအဖွဲ့တွေကို ဒို့မြို့ဆီ ဖိတ်ခဲ့တုန်းကပေါ့။ ဆရာဒဂုန်က ငါတို့ ရှေ့မှာပဲ ပရိတ်သတ်တွေကို ဟောပြတဲ့ ဟောကွက်တွေက တော်တော်လေးကို မှန်တယ်။ ဥပမာ ဘုရားစင်မှာ ဘယ်ဘက်က ပန်းအိုးက ပဲ့နေတယ်၊ အင်းချပ်က ဘယ်လိုထားတယ် အဲလို အသေးစိတ်တွေက အစမှန်တယ်။ အဲဒါ ဘာနည်းနဲ့ ဟောလဲလို့ ငါတို့တွေက မေးတယ်။ ဒီတော့ ဆရာဒဂုန်က ဒါ လက်ဆန်းနည်းနဲ့ ဟောတာ။ ဒီနည်းကို သူ အသက် ၆ဝ ပြည့်ရင် စာအုပ်အဖြစ် ရေးသား ထုတ်ဝေပေးပါ့မယ် လို့ ပြောသွားတယ်။"


အဲဒီတုန်းက ဆရာပြောတဲ့ စကားကို ကျွန်တော် သေသေချာချာ မှတ်ထားခဲ့ပါတယ်။ ဆယ်ကျော်သက် အရွယ်တည်းကလည်း ဆရာဒဂုန် ထုတ်သမျှ စာအုပ် အတော်များများကို ကျွန်တော် ဝယ်ယူသိမ်းဆည်း ဖတ်ရှုခဲ့ပါတယ်။ ဗေဒင်ကျမ်းထဲမှာ ဆိုရင် မြန်မာ့ရိုးရာနဲ့ အစပြုတဲ့ လက်ဆန်းကျမ်းတွေ အားလုံး၊ လက်ရိုးမှာ ဆိုရင် စနေဂြိုဟ်အစ စီးပွားရေးဗေဒင်အဆုံး၊ လက္ခဏာမှာဆိုရင်လည်း လက်ဝါးပြင်ပေါ်က ရာဇဝတ်မှုများ ဆိုတဲ့ စာအုပ်ပါမကျန်၊ နောက်ဆုံး ဇီဝသံသရာစနစ်နဲ့ ဗေဒင်ဟောပြောနည်းပါ အပါအဝင် အကုန် ဝယ်ဖတ် ခဲ့ပါတယ်။ ဆရာဒဂုန်အသက် ဘယ်လောက်ရှိလဲ မသိနိုင်တဲ့ ကျွန်တော့်အနေနဲ့ သူ့ဆီက ထွက်သမျှ ကျမ်းတွေ အကုန်လုံးနီးပါး ဝယ်ယူအားပေး ဖတ်ရှုဖြစ်တာဟာ သူ အသက် ၆ဝ မှာ ထုတ်မယ် ဆိုတဲ့ လက်ဆန်းစာအုပ်များ ပါလာလေမလား မျှော်တာလည်း ဖြစ်သလို ကိုယ်ဝါသနာပါတဲ့ ဗေဒင်ကျမ်း တွေကို လျှောက်ဖတ်ကြည့်ချင်တဲ့ စိတ်ကြောင့်လည်း ဖြစ်ပါတယ်။


ဒီကြားထဲမှာ ကျွန်တော် အနှစ်သက်ဆုံး မြန်မာ့ဆန်းကျမ်းနဲ့ ပက်သက်တဲ့ ကျမ်းစာအုပ်တွေ ရှာဖွေ ဖတ်ရှုရာမှာ ဆရာဒဂုန်ရဲ့ ဂဏသုဒ္ဓိဝိမလဆန်းနဲ့ မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်ပညာဆိုတဲ့ စာအုပ်တွေကို တွေ့ရပါတယ်။ ဒီစာအုပ်နှစ်အုပ်မှာ သတိထားမိတဲ့ စာကြောင်းတစ်ကြောင်း ရှိပါတယ်။ ဒါကတော့ ဆန်းအသည်းနှလုံး ဖြစ်ပါတယ်။ ဆန်းကျမ်းဗေဒင်ရဲ့ အနှစ်သာရတွေကို ထည့်သွင်း မြှုပ်နှံထားမယ့် ဒီစာအုပ်ကို ဆရာဒဂုန်က တချိန်ချိန် ထုတ်ဝေမယ်လို့ လက်တို့ အသိပေး ထားပါတယ်။ ကျွန်တော့် စိတ်ထင် ဒီဆန်းအသည်းနှလုံးဟာ ဆရာဒဂုန်ပြောဖူးတဲ့ အသက် ၆ဝ ပြည့်အဖြစ် ထုတ်ဝေမယ့် လက်ဆန်းကျမ်း များလားလို့ တွေးခဲ့ပါတယ်။


အခုတော့ ကျွန်တော်အပါအဝင် ဆရာဒဂုန်ရဲ့ စာဖတ်ပရိတ်သတ် ဗေဒင်ဆရာတွေ တမျှော်တည်း မျှော်ခဲ့ကြတဲ့ ဆန်းအသည်းနှလုံး ထွက်လာပါပြီ။


ဒီနေ့ ပညာရွှေတောင်စာအုပ်တိုက်ကို ရောက်သွားတော့ ထုံးစံအတိုင်း ဗေဒင်စာအုပ်တွေ ထားတတ်တဲ့ စာအုပ်စင်တန်းဘက် လျှောက်တယ်။ ဟိုကြည့် ဒီကြည့်နဲ့ လုပ်နေတုန်း အဲဒီကဝန်ထမ်းတစ်ယောက်က ဆန်းအသည်းနှလုံးက ကုန်သွားပြန်ပလားလို့ မေးသံကြား ရတယ်။ ဟုတ်တယ် အရမ်း ရောင်းကောင်းတယ် အသစ် ထပ်မှာရဦးမယ်လို့ ပြန်ဖြေသံလည်း ကြားရတယ်။ ကျွန်တော့် မျက်လုံးတွေ ဝင်းခနဲ၊ လက်ခနဲ ဖြစ်သွားမလား၊ ကျွန်တော့် လက်ဖျားခြေဖျားတွေ တုန်သွား မလား မသိပါဘူး။ ကျွန်တော် သိတဲ့အချိန်မှာ စာပေလောကမှာ ရှိတဲ့ ဗေဒင်ကျမ်းတွေ ထားရာ စာအုပ်စင် တန်းဘက် ရောက်နေပါပြီ။ ၅ဝဝဝ ကျပ်လို့ ရေးထားတဲ့ ဆန်းအသည်းနှလုံးကို ဝယ်ယူဖို့ ကျွန်တော် လက်မတွန့်ခဲ့ပါဘူး။ ဆန်းကျမ်းစာအုပ်တွေထဲမှာ ဒီလောက် ထူထူထဲထဲနဲ့ စုံစုံလင်လင် ရှိတာ ဒါပထမဆုံး ဖြစ်မှာပါ။


ဆရာဒဂုန်ဟာ ဒီစာအုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်တည်းက ကြော်ငြာလာခဲ့ပေမဲ့ အခုမှသာ စာအုပ်အဖြစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်လို့ သူ့စာအုပ် အဖွင့်မှာ ဆိုထားပါတယ်။


"ဆရာကြီးတွေ၊ ကျမ်းမှတ်စုတွေ၊ လက်တွေ့အသုံးပြုနေသူတွေနဲ့ ဆရာအားလုံးဆီက ရဖူးခဲ့တဲ့၊ ရခဲ့တဲ့ အသိတရားတွေ အားလုံးကို ချွင်းချက်မရှိ ပေးလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့်လည်း ဒီစာအုပ်ကို အသည်းနှလုံးကို ပေးအပ်ဘိသကဲ့သို့ အားလုံးပေးလိုက်တဲ့အတွက် ဆန်းအသည်းနှလုံးလို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်" လို့ ဆရာဒဂုန်က အဖွင့်အမှာ ပြောထားပါတယ်။


ဆန်းဆိုမှဆန်း ဆိုတဲ့ ဆန်းကျမ်း ဝါသနာရှင်တွေ၊ ဆန်းကျမ်းဗေဒင်ဆရာတွေ၊ ဆန်းခရေဇီတွေ အားလုံး လက်ကိုင်ပြု လေ့လာသင့်တဲ့ စာအုပ်၊ တစ်မျက်နှာဖတ်၊ တစ်ခုတတ်သိသွားမယ့် စာအု့ပ်လို့ ကျွန်တော် ယူဆပါတယ်။ စာအုပ်ရှေ့ပိုင်းမှာ ဖော်ပြထားတဲ့ ရှေးဆန်းဆရာကြီးတွေ ဓာတ်ပုံနဲ့ သမိုင်းကြောင်းကို ဖတ်ရ တာနဲ့တင် ကျွန်တော် ကြည်နူးဝမ်းသာမဆုံး ဖြစ်ရပါတယ်။ မြင်ဆရာ၊ ကြားဆရာတွေအဖြစ် ဦးချ မိပါတယ်။ ကဲ ကျွန်တော်တော့ ဆန်းအသည်းနှလုံးကို ဖွင့်ဖတ်လိုက်ပါပြီ။

2 comments:

sai koko said...

ဆရာ ဒဂုန် ဗေဒင်စာအုပ် မှန်သမျ ဝယ်ဖတ်ချင်တယ် မလေးရှားကနေ ဘယ်လိုမှာရမလဲ

My Astro View said...

www.myanmarbook.com ကနေ မှာလို့ ရမယ် ထင်ပါတယ်။ အဲဒီကို ဆက်သွယ်ကြည့်စေချင်ပါတယ်။ အဆင်ပြေပါစေ. ဆရာ့စာအုပ်တွေကို သိမ်ဖြူလမ်းက သူ့အိမ်မှာ အစုံအလင် ရနိုင်ပါလိမ့်မယ်။