Monday, July 11, 2011

မဟာဘုတ်ကို ခလုတ်တိုက်သူများ

တခါတုန်းကပဲ ပြောကြပါဦးစို့။ ကိုယ့်ကိုကိုယ် စွယ်စုံရပုဂ္ဂိုလ်ကြီးလို့ သွေးနားထင်ပေါက်နေတဲ့ ငနဲတစ်ဗွေက မဟာဘုတ်ဟာ အိယောင်ဝါး ဗေဒင်သာ ဖြစ်ကြောင်း၊ ဆော့ဝဲလ်နဲ့သာ ထည့်တွက်ရင် ဘာအဟောမှ လောက်လောက်လားလား မထွက်တဲ့ ဗေဒင်လက်နှီးစုတ်သာ ဖြစ်ကြောင်း၊ တစ်နှစ်ထဲမှာ နေ့နံတူရင် အဟောတွေ အကုန်တူနေမှာ ဖြစ်ကြောင်း၊

တခါတုန်းက ဆိုပါစို့။ နေ့ခင်းနေ့လယ် ပျင်းပျင်းရှိတာနဲ့ ဂစ်တာလေး ကောက်ဆွဲပြီး ထိုင်နေကျ ဘော်ဒါရဲ့ လက်ဖက်ရည်ဆိုင်မှာ လူသူကင်းရှင်းတုန်း သီချင်းလေး ဘာလေး ဟစ်မယ် ကြံပါတယ်။ ဘေးနားက စားပွဲဝိုင်းက လေသံကျယ်ကျယ်ကြီးက ပူနောင်ပူနောင် ဆိုတဲ့ ကျွန်တော့် ဂစ်တာ ကြိုးညှိသံကို လွှမ်းသွား ပါတယ်။ ဘာတဲ့။ မဟာဘုတ်က ဘာမှ မခက်ဘူး။ မြန်မာခုနှစ်ကိုတည် ၇ နဲ့စား၊ ဟောသလို အကွက်လေး တွေထဲ ထည့်သွား၊ ပြီးရင် သူ့ပုံသေအဟောနဲ့ ပစ်ဟောလိုက်တဲ့။ အသံကတော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်အသံပါ။ ဘေးနားက မျက်လုံး အပြူးသားနဲ့ ငေးနေတာ ကလည်း သူ့လို ငတိမလေးတွေပါပဲ။ အော် သူတို့တွေလည်း မဟာဘုတ်နဲ့ ဆရာလုပ် (အဲ . ဆရာမကြီးတွေ) လုပ်ချင်ကြမပေါ့လို့ ခပ်ချဉ်ချဉ်လေး ပြုံးမိပါတယ်။

တခါတုန်းကပဲ ဆိုကြပါဦးစို့။ ကျွန်တော်နဲ့ သက်တူရွယ်တူ အသိ ဘဲတစ်ဗွေနဲ့ ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ဆုံမိပါတယ်။ သူကလည်း ဂဠုန်၊ ကျွန်တော်ကလည်း ဆရာစံဂိုဏ်းဝင် ဆိုတော့ တနင်္ဂနွေထောင့်မှာပဲ ခြေပစ်လက်ပစ် ထိုင်ရင်း စကားစမြည် ပွားကြသည်ပေါ့။ သူက တွေးတွေးဆဆ (အမှန်က ဆရာကြီးဂိုက် ဖမ်းပြီး) ပြောတယ်။ ကျုပ်တို့ တနင်္ဂနွေတွေများ တယ်လည်း ကံမကောင်းကြပါဘူး။ အထူးသဖြင့် တစ်ကြွင်းဖွားတွေပေါ့ဗျာ။ အသက် (၆) နှစ်ထိ ဘင်္ဂမှာ ဂြိုဟ်အိပ်၊ အဲကနေ (၂၁) နှစ်ထိက တနင်္လာပုတိမှာ ဂြိုဟ်အိပ်၊ အင်္ဂါဝင်တော့လည်း အပြင်ရန်ကျလို့ မသက်သာ၊ ဒီနောက်ကျ သက်လတ်ပိုင်းတစ်လျှောက်လုံး ဘုမ္မိမရဏ ဗုဒ္ဓဟူးမှာ ဂြိုဟ်အိပ်တယ်။ ဘယ်မှာ ကြီးပွားတော့မလဲဗျာတဲ့။ သူပြောမှ တနင်္ဂနွေသား တစ်ကြွင်းဖွားတွေကို ကိုယ့်မှာ မျက်ရည်လည်အောင် သနားမိတယ်။ အော် သူပြောတဲ့ တစ်ကြွင်းဖွား တနင်္ဂနွေသားကြီး တစ်ယောက် မြန်မာပြည်စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲ ဖြစ်နေတာ လက်ဆွဲ ခေါ်ပြ ချင်မိပါတယ်။

တခါတုန်းကပဲ ပြောကြပါဦးစို့။ ကိုယ့်ကိုကိုယ် စွယ်စုံရပုဂ္ဂိုလ်ကြီးလို့ သွေးနားထင်ပေါက်နေတဲ့ ငနဲတစ်ဗွေက မဟာဘုတ်ဟာ အိယောင်ဝါး ဗေဒင်သာ ဖြစ်ကြောင်း၊ ဆော့ဝဲလ်နဲ့သာ ထည့်တွက်ရင် ဘာအဟောမှ လောက်လောက်လားလား မထွက်တဲ့ ဗေဒင်လက်နှီးစုတ်သာ ဖြစ်ကြောင်း၊ တစ်နှစ်ထဲမှာ နေ့နံတူရင် အဟောတွေ အကုန်တူနေမှာ ဖြစ်ကြောင်း၊ စသဖြင့် သူသိသူတတ်၊ ငါနှင့်ငါသာ ငါဆရာဆိုပြီး လေကျယ် ပြပါတယ်။ ခက်တာက အဲဒီဘဲနားမှာ ကျွန်တော်ကလည်း မရှိ။ ရှိရင်လည်း တွေ့တာနဲ့ ကောက်ပဲ ရိုက်မိ မလား၊ လည်ပင်းပဲ ထညှစ်မိမလား။ ထစ်ခနဲဆို သွေးဆူတတ်တဲ့ ကိုယ့်စိတ်ကို ပြန်ဆုံးမပြီး ဆယ်ရေနှူးလို့ ပြုတ်မနူးတဲ့ စွယ်စုံရ ငနဲသားကို မသိချင်ယောင် ဆောင်နေခဲ့ရတယ်။

ကဲ ..ဘယ်လိုလုပ်ကြမလဲ ကိုယ့်လူတို့ရေ။ မဟာဘုတ်ကို ကိန်းခန်းသေးတယ် ဆိုပြီး နည်းသိရင် ကလေးတောင် စိတ်တွက် တွက်လို့ရတဲ့ ကိန်းခန်းကို ဆော့ဝဲလ်နဲ့ စုတ်ပြတ်အောင် လုပ်တဲ့သူက လုပ်၊ ပုံသေအဟောတွေ ဘောင်ထဲ ထည့်သွင်းပြီး တစ်လုံးသိ တစ်မယ်သိနဲ့ ဗေထိ မြည်အောင် ချိုမိုင်မိုင် ကချင်သူက ကကြ။ မဟာဘုတ်မှာ ဘာ့ကြောင့် ဘင်္ဂက စပြီး ကိန်းခန်း ချတယ်၊ ဘာ့ကြောင့် ဒီလို ကိန်းစဉ်လေးနဲ့ လင်္ကာတည်ဆောက်ပြီး လှည့်ပတ်သွားတယ်၊ ဌာနတွေ နောက်ကွယ်မှာ ဘယ်လို နက်ရှိုင်းတဲ့ အကြောင်း အရာတွေ ရှိတယ်၊ မိတ်၊ ရန်၊ ဓာတ်တွေမှာ ဆွဲငင်ရာ ကြိုးတွေ ရှိတယ်။ ဒီတော့ ပြောရရင် မဟာ= ကြီးကျယ်ခမ်းနားသော၊ ဘူတ= ဓာတ်ကြီးလေးပါး အဖွဲ့အစည်းကနေ မဟုတ်ကဟုတ်က ဘွတ်တ ဖြစ်တော့မယ်နဲ့ တူပါတယ်။

အောင်မာ ဟကောင် ရန်းဂန်း မင်းကကော ဘယ်လောက်တတ်လို့ သိလို့ မဟာဘုတ်ကို ခံစစ်မှူး လုပ်နေ ရတာလဲ မေးမလို့လား။ မမေးပါနဲ့။ မဟာဘုတ်ကို ကျွန်တော် မကျွမ်းကျင်ပါ။ မဟာဘုတ်နဲ့ ဆရာ မလုပ်ပါ။ မဟာဘုတ်မှာ ကျွန်တော် ဆရာတင်ရတဲ့ မြန်မာ့ရိုးရာမဟာဘုတ်ဘလော့ဂ်က ဆရာစိုးမိုးထွန်း တို့လို မဟာဘုတ် တစ်မျိုးတည်းကို နှစ်ပေါင်းများစွာ ရင်ချင်းအပ် ရှင်သန် ဖက်တွယ်လာတဲ့သူလည်း မဟုတ်ပါ။ မဟာဘုတ်နဲ့ ခပ်လှမ်းလှမ်းမှာ ခပ်ခွာခွာလေး နေခဲ့ပြီး အခုမှ ပလူးပလဲ မနည်းမှတ်မိအောင် ကြိုးစား ယူနေရသူသာ ဖြစ်ပါတယ်။

မြန်မာဗျည်းအက္ခရာတွေနဲ့ မဟာဘုတ်ခွင်ထဲက ဌာနတွေ၊ ဣဋ္ဌ၊ အနိဋ္ဌ အယူအဆတွေ၊ လျှို့ဝှက်သလောက် လှပတဲ့ မဟာဘုတ်ထဲက ကကြိုးကကွက်တွေ အားလုံးကို မလေးစားရင်နေပါ။ မစဉ်းစားရင်နေပါ။ မဟာဘုတ်ခွင် ဖင်ခုထိုင်ပြီး မဟာဘုတ်ဆိုတာ အာပလာပါ၊ ငှက်ပျောသီး အခွံနွှာတာလောက်တောင် မခက်ပါဘူး ဆိုတဲ့ ရွှေဥာဏ်တော် စူးရောက်သူတွေ မဟာဘုတ်ကို ထပ်ပြီး ခလုတ် မတိုက်ကြပါနဲ့တော့ဗျာ။ အထူးသဖြင့် ပြောရရင် ခင်ဗျားတို့ရဲ့ ပေမမီ၊ ဒေါက်မမီ အရပ်ကလေးတွေနဲ့ မဟာဘုတ်ကို ပခုံးချင်း လာမယှဉ်ပါနဲ့။ ခင်ဗျားတို့ရဲ့ ဖြုတ်ဦးနှောက်နဲ့ ပုံသေအဟောတွေ ဘောင်ရိုက် မထည့်ပါနဲ့တော့လို့ မဟာဘုတ် ရှေးပညာရှင်ကြီးတွေ ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

No comments: