Sunday, July 17, 2011

ဘာပဲဖြစ်ဖြစ် (၂၈)

အသက် (၂၈) ပြည့်မြောက်တဲ့ အထိမ်းအမှတ်နဲ့ ထွေရာလေးပါး၊ တောင်တောင်အီအီ၊ ဟိုဟိုဒီဒီတွေ မရေးဖြစ်တော့ဘဲ အရင်ရေးသားဖူးတဲ့ စာစုတွေထဲက ကိုယ့်နှလုံးသားမှာ သံပူကပ် ထားတဲ့ လမ်းစဉ် တစ်ခုအကြောင်းကို တခုတ်တရ ပြန်တင်ဆက်လိုက်ပါတယ်။

ဂဏန်းဗေဒင်အရဆိုရင် ၂ က တနင်္လာ၊ ၈ က စနေ၊ ဒီဂဏန်းနှစ်လုံး တွဲဖက်ထားတဲ့ (၂၈) ဟာ နူးညံ့ ပျော့ပျောင်းသလောက် အတွေးတွေ ကွန့်မြူးဆန်းသစ်စေတဲ့ တနင်္လာနဲ့ လေးနက်တည်ကြည်သလောက် ခိုင်မာမြဲမြံတဲ့ စနေတို့ ပေါင်းစပ်ထားတယ်လို့ ယူဆတွေးချင့်မိပါတယ်။

အသက် (၂၈) ပြည့်မြောက်တဲ့ အထိမ်းအမှတ်နဲ့ ထွေရာလေးပါး၊ တောင်တောင်အီအီ၊ ဟိုဟိုဒီဒီတွေ မရေးဖြစ်တော့ဘဲ အရင်ရေးသားဖူးတဲ့ စာစုတွေထဲက ကိုယ့်နှလုံးသားမှာ သံပူကပ် ထားတဲ့ လမ်းစဉ် တစ်ခုအကြောင်းကို တခုတ်တရ ပြန်တင်ဆက်လိုက်ပါတယ်။

မြန်မာပြည်မှာ မနုသီဟလို့ နာမည်တပ်ပြီး အီဂျစ်မှာတော့ Sphinx အဖြစ် လူသိများတဲ့ ရုပ်တုရဲ့ သွန်သင်ချက်တွေ ဖြစ်ပါတယ်။ ဒီရုပ်တုဟာ လူဦးခေါင်း (အများအားဖြင့် မိန်းမဦးခေါင်း) ၊ ခြင်္သေ့ရဲ့ ခြေ၊ လက်တွေ၊ နွားသိုးကိုယ်ခန္ဓာနဲ့ ဖီးနစ်ငှက်ရဲ့ တောင်ပံတွေ ပေါင်းစပ်ထားတဲ့ သတ္တဝါ တစ်ကောင်ကို ပုံဖော် ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ပုံကို ဂန္ဓာရီပညာရှင်တွေက အချက်လေးချက် ဖော်ထုတ်ပြီး နားလည်ထားကြပါတယ်။  အဲဒါတွေ ကတော့.....

(1) To Know
(2) To Dare
(3) To Will
(4) To Keep Silent
တွေပဲ ဖြစ်ပါတယ်။

နံပါတ်တစ် သိခြင်းကို လူ့ဦးခေါင်းက သရုပ်ဆောင်ပြီး နံပါတ်နှစ် ရဲဝံ့ခြင်းကို ခြင်္သေ့ရဲ့ လက်သည်းတွေက ဖော်ပြပါတယ်။ နံပါတ်သုံး စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ သံန္နိဌာန်ချ ထားတာကို နွားသိုးရဲ့ ကိုယ်ခန္ဓာက ဖော်ညွှန်းနေပြီး နောက်ဆုံးအချက် နံပါတ်လေး ဆိတ်ဆိတ်နေတာကိုတော့ ဒဏ္ဍာရီဆန်လှတဲ့ ဖီးနစ်ငှက် တောင်ပံတွေနဲ့ ညွှန်းဆို ထားပါတယ်။


(1) To Know


ပညာလက်သင်တွေဟာ ပထမဆုံး သိအောင် ကြိုးစားရပါမယ်။ ဆရာကောင်းဆီက၊ စာပေကျမ်းဂန် တွေဆီက ကြားရာမြင်ရာကို မျက်စိကျယ်ကျယ်ထား သင်ယူ မှတ်သား ဆည်းပူးရပါမယ်။ ဒါဟာ သဘော တရားပိုင်းကို ကျေညက်ခြင်းလို့ ဆိုထားပါတယ်။


(2) To Dare


ပညာသင်သူဟာ သိပြီးတာနဲ့တင် မကျေနပ်ရပါဘူး။ ဒီကျင့်စဉ်အတိုင်း တသဝေမတိမ်း လိုက်နာကျင့်ကြံရဲဖို့ ( ပါဠိအခေါ် ဝီရိယ) ဆိုတဲ့ ရဲရင့်ခြင်း ရှိရပါမယ်။


(3) To Will


ကျင့်ကြံဖို့ သတ္တိတွေ ရှိတယ် ထားဦး။ မလျှော့တဲ့ လုံ့လနဲ့ အားထုတ်ဖို့၊ ဆုတ်နစ်မှု မရှိတဲ့ စိတ်ဓာတ်နဲ့ ခိုင်မြဲဖို့ စိတ်ပိုင်းဖြတ်မှုလည်း ရှိဖို့ လိုပြန်ပါတယ်။  ဂန္ဓာရီပညာမှာတော့ ဒါကို အဓိဋ္ဌာန်အဖြစ် သတ်မှတ် ကြပါတယ်။


(4) To Keep Silent


Sphinx ရဲ့ နောက်ဆုံး သွန်သင်ချက်ကတော့ အရေးကြီးပါတယ်။ ဒါကတော့ ဆိတ်ဆိတ်နေခြင်း ဖြစ်ပါတယ်။ ရှေးမြန်မာစကားပုံမှာ ဆိတ်ဆိတ်နေ ထောင်တန် ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ဝန်းကျင်မှာ ဂန္ဓာရီပညာနဲ့ မဆိုင်တဲ့သူ၊ ဥာဏ်မမီသူ၊ နကန်းတစ်လုံးတောင် မသိသူတွေ မနည်းမနော ရှိနိုင်ပါတယ်။ သူတို့တွေက ကိုယ့်ကျင့်စဉ်ကို ပြက်ရယ်လည်း ပြုနိုင်သလို၊ ပျက်စီးအောင်လည်း ဝေဖန် နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံး အချက်အနေနဲ့ ဆိတ်ဆိတ် နေခြင်းကသာ ကိုယ့်အဆင့်အတန်းကို ဖော်ပြ သွားပါတော့တယ်။

နောက်ဆုံးအချက် ဆိတ်ဆိတ်နေတတ်ဖို့နဲ့ ပက်သက်ပြီး ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပိုဒ်ကို သွားသတိရမိတယ်။

အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။

ဆရာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပညာစွဲ၊ အစွဲတွေ ထူပြောလွန်းတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ တိတ်ဆိတ်စွာပဲ ပျံသန်း သွားမယ်။ မသင်မီက တတ်နှင့်သူဆိုရင် မသွားမီက ရောက်နှင့်မှာပါ။ ကိုယ့်တောင်ပံကို ဖြန့်ရင်း တိတ်ဆိတ်စွာ...

8 comments:

ShwunMi- said...

ခုမွေးနေ့မှာရော နောက်မွေးနေ့တွေမှာပါ အစစအဆင်ပြေချောမွေ့အောင်မြင်ပါစေ.. ကိုရန်းဂန်း။

တေးအေးရိပ် said...

Happy Birthday!

အသွားမတော် တစ်လှမ်းတဲ့.. တောင်ပံလည်းဝင့်.. လေးသံလဲစွင့် ..

nilar said...

Happy birthday .

ကိုအောင်(ပျူနိုင်ငံ) said...

မွေးနေ့မှာ အပျော်ရွှင်ဆုံး ဖြစ်ပါစေ ...

aye said...

လာလည်သွားပါတယ် ဆရာတို့ဝက်ဆိုဒ်ကို အမြဲရောက်ပါတယ်

ကျနော်လဲဖုန်းရွှေအကြောင်းလေးရေးဖို့စာအုပ်တွေဖတ်နေတာနဲက မရေးဖြစ်ခဲ့ပါ

အခု စပြီးရေးဖို့ ဘလော့တစ်ခုဖွင့်လိုက်တယ်

ကျနော်နားလည်သလောက်တော့ဘာသာပြန်သွားပါတယ်

ကျနော်လေ့လာထားသလောက်ပို့တင်သွားမယ် ဆရာ



Jian Jun Oo

http://fengshuioo.blogspot.com

gausethee said...

မွေးနေ့တုန်းက ဝင်မဖတ်လိုက်၇ဘူး အခုမှပဲ ဖတ်၇တော့တယ် ...ဆိတ်ဆိတ်နေတတ်ဖို့ .... :)

ဟိန်းတင့်ဇော်(ဗလာ) said...

ပျော်ရွှင်ဖွယ်မွေးနေ့ လေး ဖြစ်ပါစေဗျာ။ ဆုတောင်းပေးလိုက်ပါတယ်။ ခင်မင်လေးစားစွာဖြင့်
ဟိန်းတင့်ဇော်

aye said...

လာရောက်လေ့လာဖတ်ရှု့သွားပါတယ်