Sunday, July 24, 2011

တကျော့ပြန်လာမယ့် မြန်မာပြည်ငလျင်များ

ကွေးသော လက်မဆန့်မီ မဟုတ်ဘဲ အဲဒီ ငလျင်တစ်ပတ်လည် ကာလအထိ ကျွန်တော်တို့ အသက်ရှိ၊ အသက် ရှည်နေဦးမယ် ဆိုရင်၊ ကျွန်တော်တို့ ကလည်း အဲဒီငလျင်ကိစ္စကို မေ့မေ့လျော့လျော့ နေခဲ့မိ ရင်တော့ ကြည့်လို့ မကောင်းတဲ့ပွဲတွေ ဖြစ်လာနိုင်ပါတယ်။


အခုတစ်ပတ်ထုတ် (The Voice Weekly) ဂျာနယ်မှာ မြန်မာပြည်ငလျင်တွေနဲ့ ပက်သက်လို့ သတိထားဖွယ် သတင်းတစ်ပုဒ်ကို ဖော်ပြထားပါတယ်။
ဖြူးမြို့နယ်၏ တောင်ဘက် ၃၅ ကီလိုမီတာ အကွာအဝေးရှိ တောင်သုံးလုံးဒေသအနီး စစ်ကိုင်းပြတ်ရွေ့ကြောကို မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ငလျင်ပညာရှင် ဦးစိုးသူရထွန်းက နိုင်ငံခြားပညာရှင်များနှင့် ပူးတွဲပြီး သုတေသန ပြုလုပ်ခဲ့ရာ အဆိုပါပြတ်ရွေ့ပိုင်းသည် နှစ် ၁ဝဝ လျှင် တစ်ကြိမ် ငလျင် တစ်ကျော့ပြန်၍ လှုပ်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလက ဖြူးမြို့တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ကြောင်း၊ နှစ် ၁ဝဝ လျှင် တစ်ကြိမ် ငလျင် တစ်ကျော့ပြန်လာနိုင်ခြင်းကြောင့် လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ငလျင် လှုပ်ခတ်နိုင်ခြေ ရှိကြောင်း ဦးစိုးသူရထွန်း ပြုလုပ်ခဲ့သော သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

အခြားသော အွန်လိုင်းသတင်းအဟောင်းတွေမှာလည်း ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ၇.၂ ရစ်ခ်ျစတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေကြောင်း၊ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ် နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေးသော်လည်းငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာ နေကြောင်း၊ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည်သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင် များက သတ်မှတ် ထားသဖြင့် အသေးစိတ်လေ့လာမှုကို ၂၀၀၂ - ၂၀၀၃ နှင့် ၂၀၀၈ - ၂၀၀၉ ခုနှစ်တို့တွင် ပြုလုပ် ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆို သည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ဦးစိုးသူရထွန်းရဲ့ ပြောဆိုချက်တွေကိုလည်း  တွေ့ရပါတယ်။

ကျွန်တော်ရန်းဂန်းဆီမှာ ရှိတဲ့ ငလျင်သုတေသန စာတမ်းတစ်စောင်မှာတော့ ၁၉၃ဝ၊ မေလ ၅ ရက်နေ့တုန်း ကလည်း ပဲခူးမြို့မှာ သမိုင်းတွင်တဲ့ အင်အား ၇.၃ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခဲ့တယ်၊ ငလျင် ဏ်ကြောင့် လူထောင်ဂဏန်း သေကြေ၊ တိုက်တာအိုးအိမ်တွေ ပျက်စီးပြီး ပဲခူးရွှေမော်ဓော စေတီတော်ကြီးလည်း ပြိုကျခဲ့ရတယ်လို့ လို့ ဆိုပါတယ်။ ဆက်တိုက်ပဲ ရန်ကုန်မှာလည်း ငလျင်လှုပ်တာ ရွှေတိဂုံစေတီတော်ကြီးရဲ့ စိန်ဖူးတော် မြေခပြီး ထီးတော် အထက်ပိုင်း ပျက်စီး သွားတယ်လို့ ဒီမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီတိုင်းသာဆိုရင် နောက်လာမယ့် (၂ဝ၃ဝ) ပြည့်နှစ်ဝန်းကျင်က စတင်လို့ ကျွန်တော်တို့ မြန်မာပြည်၊ အထူးသဖြင့် အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသအတွက် မျက်ခုံးလှုပ်ရမယ့် နေ့ရက်တွေကို စောင့်ကြိုရ တော့မယ်လို့ ယူဆရပါတယ်။ အခုမှ (၂ဝ၁၁) ပဲ ရှိသေးတယ် အေးဆေးပေါ့ ဆိုရင်လည်း အပူတပြင်း စကားဆိုစရာ မရှိပါဘူး။ ကွေးသော လက်မဆန့်မီ မဟုတ်ဘဲ အဲဒီ ငလျင်တစ်ပတ်လည် ကာလအထိ ကျွန်တော်တို့ အသက်ရှိ၊ အသက်ရှည်နေဦးမယ် ဆိုရင်၊ ကျွန်တော်တို့ ကလည်း အဲဒီငလျင် ကိစ္စကို မေ့မေ့ လျော့လျော့ နေခဲ့မိရင်တော့ ကြည့်လို့ မကောင်းတဲ့ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာပြည်မှာ လတ်တလော ခေတ်စားနေတာက နေကြတ်၊ လကြတ်တာ၊ ဂြိုဟ်လေးဘာလေး ပူးတာနဲ့ ဟိုမှာ ငလျင်လှုပ်မယ်၊ ဒီမှာ မီးတောင်ပေါက်မယ် ဆိုတဲ့ ယေဘုယျ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဟောကိန်းတွေပါပဲ။ ဂျာနယ်တွေကလည်း ဒါကိုပဲ ဖောင်ဖြည့်သတင်း ရေးနေကြသလား အောင့်မေ့ ရပါတယ်။ သူတို့ ဖွချက်ကြောင့်လည်း ညနေ ၆ နာရီကျ ငလျင်လှုပ်မယ် အိမ်အောက် ဆင်းနေကြ ဆိုတဲ့ ကောလာဟလတွေ၊ ည ၈ နာရီမှာ ငလျင်လှုပ်မယ်ဟဲ့ ရှောင်ကြ ရှားကြ ဆိုတဲ့ ပေါက်ကရတွေ၊ ဘယ်က ကြားလဲ မေးရင် MRTV4 ကပဲ ကြေငြာသွားသလိုလို၊ ဘယ်ဆရာတော်ကြီးကပဲ ဟောသလိုနဲ့ အသေချာ မေးစစ်ကြည့်မှ ဂျာနယ်မှာ တွေ့တာတဲ့။ တကယ်တမ်း ဂျာနယ်မှာ ပါတာကလည်း သူတို့ ပြောသလို မဟုတ်ဘဲ ဂြိုဟ်တွေ ပူးမယ့် အချိန်ကိုပဲ တွက်ချက် ဖော်ပြထားတာပါ။ ဒါကိုပဲ ငလျင် လှုပ်မယ့် အချိန်လို အသံလွှင့်လိုက်တော့ အကုန် လန့်ဖြန့်ကုန်ကြတာပါပဲ။

ကောင်းပြီ ငလျင်အကြောင်းကို ကြက်သီးထလောက်အောင် မြည်းစမ်းအပြီးမှာ ငလျင်ကို ဗေဒင်နည်းနဲ့ တွက်လို့ ရမလားလို့ မေးမြန်းစရာ ရှိပါတယ်။ မြန်မာ့ လက်ဆန်းဗေဒင်ပညာရပ်မှာ အသီတိကျမ်းအရ ငလျင် လှုပ်မယ့်နှစ်၊ လ၊ ရက်ကနေ အချိန်နာရီအထိ တွက်ချက်နိုင်တဲ့ ပေါင်းနုတ်မြှောက်စား ကိန်းခန်းတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စိတ်မဝင်စားမိလို့ တခါမှ စမ်းသပ် သုတေသန မလုပ်ဖူးပါ။ ဒါပေမဲ့ ပိုစိတ်ထက်သန်တဲ့ နက္ခတ်ဗေဒင်မှာတော့ ငလျင်ကို ကျကျနန တွက်ချက် ဟောကိန်းထုတ်ပုံတွေ မြင်တွေ့ရ ပါတယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ဒီဘလော့ဂ်လေးမှာပဲ အနောက်တိုင်း နက္ခတ်ပညာမှ ငလျင်လှုပ်ခြင်း ဆိုင်ရာ ဥပဒေသများ ဆိုတဲ့ စာစုလေးတစ်ခု ရေးခဲ့ဖူးပါတယ်။

အဲဒီတုန်းက ဟိန္နူနက္ခတ်ပညာနဲ့ သရောဒယနည်းလာ ငလျင်အယူအဆတွေကို ရှည်လျား၊ နက်ရှိုင်းလွန်းလို့ ချန်လှပ်ထားခဲ့ပါတယ်။ လက်တွေ့ကျကျလည်း မဆန်းစစ်ဖူးသေးတဲ့အတွက် သိမ်းဆည်းထားရုံ သက်သက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ဂမ္ဘီရမဂ္ဂဇင်းမှာ အယူတော်မင်္ဂလာ ဦးမင်းအောင်ရဲ့ ငလျင် အကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ရှုခဲ့ရပါတယ်။ ဒီထဲမှာ အနောက်တိုင်း ငလျင်လှုပ်ခြင်း ဥပဒေသတွေ နဲ့အတူ ငလျင်တင်မကဘဲ မိုးသည်း၊ လေထန်၊ မီးလောင်နိုင်တဲ့ သဘာဝဘေးတွေကိုပါ ခန့်မှန်းနိုင်တဲ့ သရောဒယ ကျမ်းလာ သတ္တနာဋီစက်ကိုလည်း ဖော်ပြခဲ့ပါတယ်။ စိတ်ပါဝင်စားသူများ ဒီစက် အယူဆကို ကျွန်တော့်ဆီမှာ တောင်းယူနိုင်ပါတယ်။

တကယ်လို့သာ ငလျင်ပညာရှင်တွေ ယူဆသလို နောင်ဆယ်စုနှစ်များအတွင်းမှာ ငလျင်ကြီးတွေ တကျော့ ပြန်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ ဗေဒင် အသိုင်းအဝိုင်းက ဗေဒင်ပညာရှိ၊ ကဝိအကျော်အမော် တွေလည်း ဥာဏ်ပူဇော်ခ ရတဲ့ လူတွေချည်း ထိုင်ဟောမနေဘဲ လူထောင်သောင်းသိန်းမကကို အသက် အိုးအိမ် စည်းစိမ်တွေ ပျက်ပြုန်းတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ငလျင်လို သဘာဝဘေးတွေကိုလည်း တွက်ချက် ခန့်မှန်းပြီး ကြိုတင်သတိပေး ဟောကိန်းတွေ ထုတ်ကြဖို့ မျှော်လင့်ပါတယ်။

No comments: