Saturday, August 13, 2011

တော်လှန်ပုန်ကန်သော ဂြိုဟ်များ

ပြီးတာတွေက ပြီးပါစေပေါ့။ ဖြစ်နေတာတွေလည်း အချိန်တန် ပြီးသွားမယ်။ နောက်ဘာဖြစ်မလဲပဲ ချိန်ဆ ကြည့်ရအောင် ဆိုရင်တော့ လာမယ့် သြဂုတ်လကုန်ပိုင်း၊ စက်တင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာ နောက်ဆုံး ရက်တွေမှာ မျက်ခုံးပင့်ကြည့်ရလောက်တဲ့ ကမ္ဘာ့ရေးရာတွေ ဖြစ်ပွားလာမယ်လို့ ခန့်မှန်း နိုင်ပါတယ်။
ဒီ (၂ဝ၁၁) ခုနှစ်ကတော့ ကျွန်တော်တို့ လူငယ်သက်တမ်းပိုင်းနဲ့ ကြည့်ရင် ကြုံတောင့်ကြုံခဲ တော်လှန်ရေး ခေတ်လို့ ဆိုရလောက်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ဟိုနေရာက ထကြွလိုက်၊ ဒီနေရာက သပိတ်မှောက် လိုက်နဲ့ သွေးမြေကျတဲ့ ၊ မီးလောင် စတေးခံတဲ့၊ အာဏာရှင်ကို ဗုန်းဗုန်းလဲစေတဲ့၊ အုပ်ချုပ်သူတွေ ခွေးလို ဝက်လို ပြေးခဲ့ရတဲ့ လူထုတော်လှန်ရေးတွေကို ခေတ်ပေါ်မီဒီယာမျိုးစုံကနေ မျက်ဝါး ထင်ထင်ကို မြင်နေရ ပါတယ်။

တူနီးရှား၊ အီဂျစ်မှာ အာဏာရှင်ကို အောင်ပွဲခံလိုက်လို့ ဆီးရီးယား၊ ဘာရိန်း၊ ယီမင်နဲ့ လစ်ဗျားနိုင်ငံ တွေမှာလည်း အုပ်ချုပ်သူ မင်းအစိုးရကို မြေလှန်ပစ်မယ့် ပြည်သူ့ဆန္ဒပြပွဲတွေ တခမ်းတနား ပေါ်ပေါက် လာတာလည်း အားလုံး အမြင်ပါပဲ။ ဒီကြားထဲ ဂရိ၊ အိုင်ယာလန်၊ စပိန်လို ဥရောပနိုင်ငံ တွေမှာလည်း အစိုးရတွေရဲ့ ချွေတာရေး ကြွေးကြော်သံတွေကြောင့် အများပြည်သူတွေ မကျေမနပ် ပေါက်ကွဲခဲ့ကြတာ တွေ့ရ ပြန်ပါတယ်။ နောက်ဆုံးဖြစ်ရပ်ကတော့ အသေးအမွှားကနေ ကြီးကြီးမားမားအထိ စနက်တင်ပေး လိုက်တဲ့ လန်ဒန် အဓိကရုဏ်းပွဲပါပဲ။


ဒီလို တော်လှန်ရေးတွေ ၊ အုံကြွမှုတွေ ဘာ့ကြောင့်များ ပေါ်ပေါက်လာသလဲ။ ဒီနှစ်ကျမှ ဘာလို့များ ဆက်တိုက် ဆင့်ကဲ ဖြစ်နေသလဲ။ ငါ့ဝမ်းပူဆာ မနေသာလို့ ဆိုမလား၊ သူများယောင်လို့ တောင်မှန်း မြောက်မှန်း မသိဘဲ လက်သီးထောင်တာလား။ ရူးကြောင်မူးကြောင်နဲ့ ခွေးဟောင်သံကြားတိုင် ထဆဲမိတာ မျိုးလား။ ကျွန်တော်တို့ ဗေင်ဝါသနာရှင်တွေလည်း တော်လှန်ရေးတွေရဲ့ နောက်ကွယ်က ခန်းစည်း လိုက်ကာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လှပ်ကြည့် ဖြစ်ကြပါတယ်။


ဂဏန်းဗေဒင် လေ့လာလိုက်စားဖူးသူဆိုရင် (၄) ဂဏန်းဟေ့ ဆိုတာနဲ့ အစဉ်အလာကို ချိုးဖောက်မယ့်သူ၊ အသစ်ကို တောင့်တသူ၊ တော်လှန်ပုန်ကန်သူ ဆိုတဲ့ အဓိကဝေါဟာရတွေကို သွားတွေးမိမှာပါ။ ဟုတ်ပါတယ်။ ဒီလို အပြောင်းအလဲတွေ၊ အသစ်ဖန်တီးမှုတွေ၊ တော်လှန်ပုန်ကန်မှုတွေကို (၄) ဂဏန်းရဲ့ ကြိုးကိုင်ဂြိုဟ် ဖြစ်တဲ့ ယူရေးနပ်စ်က ဇာတ်ညွှန်းရေးသားပေးလေ့ ရှိပါတယ်။ ယူရေးနပ်စ်လိုပဲ ဘောက်ဖတ်ကနေ လိပ်ပြာဖြစ်အောင် ဖန်ဆင်းပေးလေ့ ရှိတဲ့ ဖျက်ဆီး၊ တီထွင် ပေးလေ့ ရှိတဲ့ ပလူတို ကလည်း တော်လှန်ရေးသမိုင်းမှာ ချန်လှပ်ထားလို့ မရပြန်ပါဘူး။

ဒီလို အသွင်ပြောင်းလဲရေး သဘောတူ ဂြိုဟ်နှစ်လုံးရဲ့ Square 90 Degree အမြင်အယှဉ်က ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ တော်လှန်ရေးဖြစ်စဉ် တွေကို စနက်တံ မီးရှို့ပေးလိုက်တယ်လို့ အနောက်တိုင်း နက္ခတ်ပညာရှင်တွေက (အဖြစ်အပျက်တွေ မတိုင်ခင်တည်းက) ကြိုမြင်၊ ကြိုဟော ခဲ့ကြပါတယ်။

ဒီနှစ်ဆန်းပိုင်းလောက်တည်းက နက္ခတ်ဗေဒင်ဆိုင်ရာ အင်တာနက်စာမျက်နှာတွေ ပေါ်မှာ (သာယနစနစ် အရ) မိဿရာသီထဲ ရောက်လာတဲ့ ယူရေးနပ်စ်နဲ့ မကာရရာသီထဲက ပလူတို ဂြိုဟ်နှစ်လုံးဟာ လေးထောင့် အမြင်အယှဉ်ကို အံသာအတိအကျနီးပါးနဲ့ ချိတ်ဆက်လာပါတယ်။ Square ဆိုတဲ့ လေးထောင့်အမြင်ဟာ ဂြိုဟ်မြင်ယှဉ်မှု သီအိုရီအရ စိန်ခေါ်မှု၊ စမ်းသပ်မှုတွေနဲ့ အကျပ်အတည်း တွေကို ရည်ညွှန်းပါတယ်။


လတ်တလော လန်ဒန်က စတင်တဲ့ အဓိကရုဏ်းကို ကြည့်ရင် ယူရေးနပ်စ်နဲ့ ပလူတို သူတို့ဖာသာ လေးထောင့်မြင်ယှဉ်နေတဲ့ ကြားကို နောက်ဆုံး စနက်တံ ဖြုတ်ပေးနေကျ (လက်နက်၊ဖောက်ခွဲရေးဂြိုဟ်) အင်္ဂါက သြဂုတ် လဆန်းမှာ ကရကဋ်ရာသီကို ခြေစလှမ်းပြီး Opposition အမြင်နဲ့ ချိတ်ဆက် ပေးလိုက်တဲ့ အတွက် မင်းမဲ့စရိုက်ဆန်ဆန် လုယက်၊ ရမ်းကားမှုတွေ ပေါ်ပေါက် လာရပါတယ်။ ဒီမတိုင်ခင် အရင်လ တွေမှာလည်း အခါအားလျော်စွာပဲ ယူရေးနပ်စ်နဲ့ ပူးလိုက်၊ ပလူတိုကို မြင်ယှဉ်လိုက်နဲ့ အတို့ အထောင် လုပ်ပေးခဲ့ပါတယ်။



ဒါပေမဲ့ ဒီတော်လှန်ရေးဂြိုဟ်နှစ်လုံးရဲ့ ပဲ့တင်သံဟာ ဒီမှာတင် ရပ်တန့်နေမှာ မဟုတ်ပါဘူး။ လာမယ့် ၂ဝ၁၂-၂ဝ၁၅ ကာလတွေအထိ အကြိမ်ကြိမ် ပဲ့တင်မြည်ဟီး နေမှာ ဆိုတော့ တစ်ကမ္ဘာလုံးရဲ့ မပြီးနိုင်တဲ့ အကျပ်အတည်းတွေကို ဆက်ပြီး အသုံးတော်ခံစေမှာပါပဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၃ဝ-၃၄ ဝန်းကျင်လောက် ကလည်း ယူရေးနပ်စ်-ပလူတို လေးထောင့်အမြင်အယှဉ် ဖြစ်တည်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း တစ်ကမ္ဘာလုံးမှာ မဟာစီးပွားပျက်ကပ်ကြီး ကျရောက်လို့ မွဲတေ ပြာကျခဲ့တာ ဒုတိယကမ္ဘာစစ်မီးကို စလောင်စေမယ့် အာဏာရှင်ဟစ်တလာက ဂျာမဏီရဲ့အဓိပတိကြီး ဖြစ်လာတာ၊  ဒီအမြင်အယှဉ်တွေ လက်ချက် မကင်းဘူးလို့ ယူဆကြပါတယ်။


မျက်မှောက်ကာလကို ကြည့်ရင်လည်း ကမ္ဘာ့ထိပ်သီးဆိုတဲ့ အမေရိကန်မှာ စီးပွားနှစ်ပြန်ကျပလားဟဲ့ ဆိုရလောက်အောင် ဝရုန်းသုန်းကား ဖြစ်နေတာ မြင်တွေ့ရ ပါတယ်။ စတော့နဲ့ ရေနံဈေးတွေ ထိုးကျတယ်၊ ရွှေဈေး စံချိန်တင်တယ်။ အာဖဂန်နဲ့ အီရတ်ဆီက ရတဲ့ ဒဏ်ရာတွေ ကောင်းကောင်း အကင်းမသေ သေးချိန်မှာ လစ်ဗျားနဲ့ ခြေစမ်းနေပြန်တယ်။ ဒီကြားထဲ ဒေါ်လာတန်ဖိုးကို လျှော့ချင်တိုင်း လျှော့ပြီး တရုတ်နဲ့ ငွေကြေးစစ်ပွဲ နွှဲတော့မယောင် လုပ်၊ ဥရောပကလည်း ကြွေးလည်ပင်း ခိုက်နေ၊ တောင်မင်းကို မြောက်မင်း မကယ်နိုင် ဖြစ်ချင်တိုင်း ဖြစ်နေကြတော့တယ်။


ပြီးတာတွေက ပြီးပါစေပေါ့။ ဖြစ်နေတာတွေလည်း အချိန်တန် ပြီးသွားမယ်။ နောက်ဘာဖြစ်မလဲပဲ ချိန်ဆကြည့်ရအောင် ဆိုရင်တော့ လာမယ့် သြဂုတ်လကုန်ပိုင်း၊ စက်တင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာ နောက်ဆုံးရက်တွေမှာ မျက်ခုံးပင့်ကြည့်ရလောက်တဲ့ ကမ္ဘာ့ရေးရာတွေ ဖြစ်ပွားလာမယ်လို့ ခန့်မှန်းနိုင် ပါတယ်။ ကျွန်တော်တို့ နေအဖွဲပအစည်းမှာ အပြာရောင်သန်းနေတဲ့ ယူရေးနပ်စ်နဲ့ လူရာမသွင်းသလို ဂြိုဟ်ရာ အသွင်းမခံရဘဲ ဇာတ်မြုပ်နေရတဲ့ ပလူတိုနဲ့ ခတ်ချင်တိုင်း ခတ်ကြမယ့် ဒီပွဲစဉ်မှာ မြေဇာပင် ကမ္ဘာကြီးက ဘယ်လို အလူးအလိမ့်ခံရမယ်ဆိုတာ စိတ်ညစ်ညစ်နဲ့ ထိုင်ကြည့်ကြပါ စို့ဗျာ။ (လူတတ်ကြီး လုပ်ပြီး ရေးတာ မဟုတ်ပါဘူး။ ဆိုဒ်ပေါင်းစုံဆီက လျှောက်ဖတ်ထား သမျှကို ပြန်ဝေမျှရုံပါပဲ။)

 

No comments: