Saturday, August 20, 2011

စနေနဂါး ပြောစကား


လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်က အကြိမ်ကြိမ် ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ကို မကြာခင်ရက်ပိုင်းကပဲ ပြန်ဖတ် ဖြစ်ပါတယ်။ စာတစ်ကြောင်းချင်းကိုလည်း အလွတ်ရလုနီးပါး ပြန်ဖတ်ပါတယ်။ ဖတ်ရင်းနဲ့ ဒီစာအုပ်ထဲ ကနေ ဝေမျှချင်တာလေးတွေ ရှိလာလို့ ဒီစာမျက်နှာကနေ ပြန်ဝေမျှလိုက်ပါတယ်။

ဒီစာအုပ်ကို ၁၇-၈ ရှစ်ဂဏန်းတွေ ထပ်တဲ့ရက်မှာ ပြန်စဖတ်ပါတယ်။ ပြီးတဲ့နေ့က ဒီနေ့ စနေနေ့ ဖြစ်ပါတယ်။ ဒီစာအုပ်နာမည်က "စနေမောင်မောင်" ဆိုရင်တော့ စနေတွေ ထပ်ဆင့် ရိုက်ပြီး တိုက်ဆိုင် လိုက်တာများလို့ မပြောကြေးပေါ့ဗျာ။

"အဲဒီဆေးကို မှော်သေရှင်ဆေးရယ်လို့ ခေါ်တယ်။ သူ့ကို ဖော်တဲ့ အခါမှာ ဘုရင့်သံလျက်ရိုး၊ ကနက်ကဒါန်ထီးရိုး၊ မိဖုရားခေါင်ကြီး ပန်တဲ့ပန်း၊ မင်းသွေး စတဲ့ ရှားပါးတဲ့ ဆေးအမယ်တွေ ပါတယ်၊ ဒါကို ကြည့်ရုံနဲ့ ဒီဆေးရယ်၊ အဲဒီဆေးနဲ့ ထိုးထားတဲ့ စမရယ်ဟာ ဘယ်လိုသတ္တိထူးတွေ ရှိမယ်ဆိုတာ ခန့်မှန်း နိုင်ပါတယ်။"

"စိတ်ညို့တဲ့ လူကိုပဲ ဖြစ်ဖြစ်၊ ဟန့်အောင် အဟန့်သွင်းတဲ့ လူကိုပဲ ဖြစ်ဖြစ်၊ သူပြောတဲ့ စကားကို စိတ်ထဲ ကနေ လိုက်ပြီး အတူတူပြောနေရင် စိတ်ညို့လို့လဲ မရဘူး။ အဟန့်သွင်းလို့လဲ မရဘူး။"

"တီကောင်ဆိုတာ စနေနံ၊ ဒင်ကြီးလဲ စနေနံပဲ၊ တိုင်ကို ပတ်တာလဲ တိုင်က စနေနံ၊ (၇) ပတ် ဆိုတာလဲ စနေနံပဲ၊ တိုင်မှာ ထုံးနဲ့ ရေးတယ်၊ ထုံးလဲ စနေနံပဲ၊ ရေးတဲ့ဂဏန်းက သုည၊ သုညလဲ စနေနံပဲ။ သုညကို တင်းပုတ်နဲ့ ထုတယ်၊ တင်းပုတ်လဲ စနေနံပဲ ထုတာလဲ စနေနံပဲ၊ မဟုတ်မှ လွဲရော အလွန် ထက်မြတ်တဲ့ နတ်ကို ဖြစ်စေ၊ ဓာတ်ကို ဖြစ်စေ ဆုံးမနေတာဗျ၊ နတ်ကလဲ စနေနံ၊ ဓာတ်ကလဲ စနေနံပဲ။"

"သပ္ပါယ်ကြည်ညိုဖွယ်ရာ အဆင်းရှိသော မြတ်စွာဘုရားကိုတော့ နိဗ္ဗာန် ဆုတောင်းဖို့ ရှိခိုးတယ်။ ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ အဆင်းရှိသော ဘုရားလို့ ခေါ်တဲ့ ဘီလူးရုပ်ကိုတော့ ယတြာချေတဲ့အခါ၊ အခက်အခဲကြုံတဲ့အခါ ရှိခိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားဟာ လောကီကိစ္စနဲ့ မပက်သက်ဘူးရယ်လို့ ကျုပ်က ကြားဖူးထားတယ်။ ဒီတော့ လောကီကိစ္စတွေအတွက် မြတ်စွာဘုရားကို တိုင်တည် ရတာ မလုပ်သင့်၊ မလုပ်အပ်ဘူးလို့ ထင်တယ်။ ဒီတော့ လောကီကိစ္စတွေ အတွက်ကိုတော့ ဘုရားနားမှာ ရှိတဲ့ ဘီလူးကိုပဲ ရှိခိုးတိုင်တည်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျုပ်မှာ ရုပ်လှသော ဘုရားနဲ့ ရုပ်ဆိုးသော ဘုရားရယ်လို့ ဘုရားနှစ်မျိုးနှစ်စား ရှိပါတယ်။"

"ခြူးပန်းလိုပဲ အရေးကြီးတဲ့ ဗိသုကာလက်ရာတစ်ခုကတော့ ကြိုးလို့ ခေါ်တယ်။ ကြိုးဆယ်မျိုး ရှိတယ်။ အဲဒီဆယ်မျိုးထဲမှာ လောကီပညာနဲ့ ပက်သက်နေတဲ့ မှော်ဆိုတဲ့ စကားတွေ ပါနေတယ်၊ မှော်ဘီး၊ မှော်ပတ်၊ ပြီးတော့ ဘုရင်တွေ ထိုင်တဲ့ ပလ္လင်အပေါ်ဘက်က ကျွဲချိုလို ချွန်ချွန်ကြီး နှစ်ခုကိုလဲ မှော်တန်လို့ ခေါ်တယ်။ ဒါ့ကြောင့် ရှေးဟောင်းပုဂံဘုရားတွေရဲ့ ဗိသုကာလက်ရာတွေထဲမှာ လောကီပညာတွေဟာ တစ်နည်း တစ်ဖုံ ပါနေတယ်လို့ ဆိုချင်တယ်။"

"ငှက်တွေမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိနေတတ်တယ်။ ဥပမာတစ်ခု ပြောမယ်၊ ရွှေပြည်စိုးငှက် သုံးနှစ်လုံးလုံး နေတဲ့ အပင်ကို ရအောင်ရှာပြီး အဲဒီငှက် မစင်စွန့်တဲ့ နေရာကို တူးမယ်ဆိုရင် ရွှေအိုး တွေ့လိမ့်မယ် လို့တောင် ဥတုဘောဇနကျမ်းမှာ ယောအတွင်းဝန်ဦးဘိုးလှိုင်ဟာ အတိအလင်း ရေးသား ဖော်ပြ ထားတာကို တွေ့ရတယ်။"

"လောကီလမ်းမှာ ငှက်ပျောသီးနဲ့ ကန်တော့ပွဲထိုးတယ် ဆိုတာကိုက ငှက်ဆိုတဲ့ စကားလုံး ပါနေတယ် မဟုတ်လား၊ ဒီအချက်ကို အလေးအနက် ထားပြီး စဉ်းစားရမလို ဖြစ်နေတယ်၊ ပြီးတော့ လောကီပညာ တွေမှာ ကျီးမနိုးခင် လုပ်ရတဲ့ အစီအရင်တွေလဲ ရှိသေးတယ်ဗျ၊ ကျီးဆိုတာလဲ ငှက်မျိုးထဲကပဲ မဟုတ်လား။ ဂဠုန်ငှက်ကို ပန်းချီရေးတဲ့အခါမှာ ဖြစ်ဖြစ်၊ ပန်းပုထုတဲ့ အခါမှာ ဖြစ်ဖြစ် နတ်ဝတ် တန်ဆာ တစ်စုံ ဝတ်ပြီး သံလျက်ကိုင်ထားတဲ့ ပုံမျိုးထုကြ၊ ရေးကြတယ် မဟုတ်လား။"

"မန္ထန်ဆိုတာ ဒီလို ကူးရုံနဲ့ အစွမ်းမထက်ဘူးဗျ၊ တစ်ယောက်ယောက်က နူတ်တိုက်ချပေးမှ မြန်မြန် အစွမ်းထက်တာ၊ စာအုပ်ထဲမှာ ရေးထားတဲ့ မန္ထန်ဟာ ဒက်မန္ဒြလို့ ခေါ်တယ်၊ မန္တန်အသေပေါ့ဗျာ။ အဲဒီ မန္တန်အသေကို နိုးထလာအောင် အကြိမ်ပေါင်းများစွာ ရွတ်ရတယ်၊ အကောင်းဆုံးကတော့ မန္တန်ကို ဆရာက နူတ်တိုက် သင်ပေးရတယ်၊ ရွတ်တဲ့သူက မန္တန်စောင့်ကို ဖယောင်းတိုင် ပူဇော်ပြီး ရွတ်ရတယ်၊ ရွတ်တဲ့ အခါမှာလဲ ညသန်းခေါင်ကနေ နေ့မွန်းတည့်အတွင်းမှာ ဆိုရင် အရှေ့ဘက်ကို မျက်နှာမူပြီး ရွတ်ရတယ်၊ ကျန်တဲ့အချိန်တွေမှာတော့ မြောက်ဘက်ကို မျက်နှာမူပြီး ရွတ်ရမယ်။"

"ရသေ့ရှစ်သောင်းက များများမ, ဖို့ မလိုပါဘူး။ ရသေ့တစ်ပါးကို ငွေတစ်ကျပ်ပဲ ခင်ဗျားကို မ, စမယ် ဆိုရင်တောင် ရသေ့ရှစ်သောင်းဆိုတော့ ငွေရှစ်သောင်း လောက်တော့ အောက်ထစ်ရလိမ့်မယ်။ အခုလို ခင်ဗျား ဆင်းရဲနေတာ သူတို့က မ, မ လို့ပေါ့ဗျာ။"

"အမှန်ကတော့ အထက်မြက်ဆုံးအရာဟာ သစ္စာ ဖြစ်တယ်ဗျ။ ဒါ့ကြောင့် အနည်းဆုံး ကံ (၂) ပါးလောက် ကိုတော့ ထိန်းရမယ်၊ အဲဒီကံတွေကို လုံခြုံအောင် ထိန်းထား ပြီးရင် လိုအပ်တဲ့အခါမှာ ထိန်းထားတဲ့ ကံများ လုံခြုံကြောင်း သစ္စာပြုရမယ်၊ ခင်ဗျားမှာ ပြုခဲ့တဲ့ ကံက နည်းရင်တော့ နည်းနည်းပဲ ရမယ်ပေါ့၊ ဒါပေမဲ့လို့ ကံကို သစ္စာပြုပြီး ထိန်းတဲ့ သစ္စာရှင်တစ်ဦး သစ္စာဆိုပြီ ဆိုရင်တော့ သမ္ဖါဒေဝ နတ်တွေက ဝိုင်းဝန်း ကူညီကြတဲ့ သဘော ရှိတယ်။"

"ဒုက္ခများများ ရောက်ဖူးတဲ့လူဟာ အတွေ့အကြုံတွေ များများရတယ်၊ ခံနိုင်ရည်လည်း သူများထက် ပိုရှိတယ်၊ လူတော်တစ်ယောက်လို့ အများက ပြောလာပြီဆိုရင် ဒီလူဟာ ပယ်ပယ်နယ်နယ် ဒုက္ခ ရောက်ဖူး ပြီးသားလို့ မှတ်ပေတော့။ ဒုက္ခဆိုတာ လူတော်တွေရဲ့ လှေခါးထစ်တွေပဲ။"

"မုတ်ဆိတ်မွှေး ရှည်ရှည်ထားပြီး ညှင်းသိုးသိုးနဲ့ တောင်ဝှေးလိုလို၊ ဆေးကြိမ်လုံးလိုလို ကိုင်ထားတဲ့ လူတိုင်းကို ဝိဇ္ဇာ ဖြစ်နေပြီလို့ ထင်ရင် ခင်ဗျားဟာ စဉ်းစားဥာဏ်ကို အသုံးမချတတ်တဲ့ လူညံ့တစ်ယောက်လို့ ဆိုရမယ်။ ဝိဇ္ဇာလမ်းဟာ အူကြောင်ကြောင်လူတွေ၊ လုပ်ချင်သလို လုပ်နေတဲ့ သဘော ဖြစ်နေတယ်။ အမှန်တကယ်က အတွေးအခေါ်ပညာရှင်ကြီးတွေ၊ သင်္ချာပညာရှင်ကြီးတွေ၊ အဘိဓမ္မာ ဆရာကြီးတွေရဲ့ အလုပ်ပဲ။"

"အုန်းသီး ခူးချင်တဲ့အခါမှာ အုန်းပင်တက်သမားဟာ ပညာရှိပါ။ တခြားကိစ္စမှာ သူဟာ ပညာမဲ့ တစ်ယောက် ဖြစ်ချင် ဖြစ်နေမယ်။ အုန်းပင်တက်တဲ့ ကိစ္စမှာတော့ သူဟာ ပဏ္ဍိတပညာရှိ တစ်ဆူ ဖြစ်ပါတယ်။"

တခါတုန်းက ဖတ်ဖူးတဲ့ မဂ္ဂဇင်းတစ်စောင်နဲ့ အင်တာဗျူးမှာတော့ အဘက "စနေမောင်မောင်ဆိုတာ တကယ် မရှိပါဘူး။ နယ်ဘက်တွေမှာ သူတို့ကိုယ် သူတို့ စနေမောင်မောင်ပါ ဆိုပြီး လျှောက်ပြော၊ လိမ်ညာ စားနေကြတာ ကြားတယ်၊ စနေမောင်မောင် တကယ်ရှိတယ်လို့ ထင်နေရင် ကျွန်တော့်ကိုသာ စနေမောင်မောင် အဖြစ် ယူဆနိုင်ပါတယ်။" လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဘဆရာကြီးမင်းသိင်္ခရဲ့ စနေမောင်မောင် ဇာတ်ထုပ်ကနေ လှစ်ဟပြထားတဲ့ အတတ်ပညာတွေ၊ စဉ်းစားဖွယ် အတွေးအခေါ်တွေ ဒီမှာ ခဏ ရပ်နားပါရစေ။

2 comments:

myo2700 said...

thanks you

but i want to know the title or name of the book
or if there is e book , i want to download the book

Younggun said...

စနေမောင်မောင် အမည်နဲ့ပဲ ထုတ်ဝေတဲ့ စာအုပ် ဖြစ်ပါတယ်။ နောက်ထပ် ပြည်တော်ဝင်စနေမောင်မောင်၊ မသွားမီက ရောက်နှင့်သည်၊ ပါပလူမျိုး ကိုးဆယ့်ကိုး၊ မဟူရာ ဆိုတဲ့ စနေမောင်မောင် အဓိက ပါဝင်တဲ့ စာအုပ်တွေလည်း ရှိပါသေးတယ်။ စာအုပ်အဖြစ် ထွက်မလာတဲ့ တစ်အုပ်လဲ ရှိပါတယ်။ ပြန်မလာရင် သေပြီမှတ်..ဆိုတဲ့ စနေမောင်မောင် စာအုပ် ဖြစ်ပါတယ်။