Tuesday, August 23, 2011

ဗေဒင်ပညာရှင်များအသင်း ဖွဲ့မယ်တဲ့

ဗေဒင်ပညာနဲ့ အသက်မွေးနေတဲ့ ဗေဒင်ပညာရှင်တွေ စုစည်းပြီး (Myanmar Astro Research School-MARS) ကို ဒီလကုန်မှာ ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း အခုတစ်ပတ်ထုတ် Eleven Media သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အသင်းဝင်အဖြစ် သတ်မှတ်ထားချက်က ဗေဒင်ပညာရပ်တွေကို တတ်ထားရုံနဲ့တင် မက၊ လက်တွေ့ အပြင်မှာလည်း ဒီပညာရပ်နဲ့ပဲ Professional အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေ ဖြစ်ရမယ်လို့ အသင်း ထူထောင်ဖို့ စီစဉ်နေတဲ့ ဆရာဇေယျာမိုး(ဝေဒဗိမာန်) က ပြောပါတယ်။ အသင်း ကနေ အခမဲ့ ဗေဒင်ဟောပြောမှု၊ ဗေဒင်ပညာရပ်ဆိုင်ရာစာပေဟောပြောပွဲများ၊ အခမဲ့ပညာဒါန ဗေဒင် သင်တန်းများ၊ ပညာရပ်ဆိုင်ရာသုတေသန လုပ်ငန်းများကို အဓိက ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ဆရာဇေယျာမိုးနဲ့ ပက်သက်တဲ့ ဗေဒင်သင်တန်းတွေ၊ အခမဲ့ဟောပြောမှု အစီအစဉ်တွေအကြောင်း အရင်က ဒီဘလော့ဂ်မှာ ရေးသားခဲ့ဖူးပါတယ်။ ဒါကလည်း Eleven သတင်းမှာ တွေ့မိလို့သာ တစ်ဆင့် အသိပေးတာပါ။ ပက်သက်မှုကတော့ ဘာမှ မရှိပါဘူး။ အသင်းကို ဘယ်လိုမြင်လဲဆိုရင်လည်း ဘယ်လိုမှ မမြင်ပါဘူး။ စေတနာမှန်ရင် အောင်မြင်ကြမှာပါ။ အဲလိုပဲ ရိုးရိုးသားသား ယူဆတယ်။ဒီအသင်းအဖွဲ့သာ ပေါ်လာရင် မြန်မာနိုင်ငံဝေဒသုတေသန၊ မြန်မာနိုင်ငံနက္ခတ်ဗေဒင်ပညာရှင်များအဖွဲ့၊ နဒီသင်တန်း အစရှိတဲ့ ဗေဒင်သင်တန်းကျောင်းတွေအပြင် မြန်မာ့ဗေဒင်ပညာအသင်းတစ်ခု ထပ်တိုးလာတော့မယ်လို့ မျှော်လင့်ရမှာပါ။

အရင်ကလည်း ဦးဇေယျာမိုးတို့ကပဲ (Myanmar Veda Scholastic Association) ဆိုပြီးတော့ အဖွဲ့ဖွဲ့ပြီး ဗေဒင်ဝါသနာရှင်တွေကို ရွှေတိဂုံဘုရားက သမဝါယမဓမ္မာရုံမှာ သင်တန်းပေးကြတယ်လို့ ဒီဘလော့ဂ်မှာပဲ သတင်းအဖြစ် ဖော်ပြခဲ့ဖူး ပါတယ်။အခုမှ နာမည်ပြောင်းပြီး ပြန်ဖွင့်တာလား၊ အဖွဲ့အစည်းကို ကျစ်ကျစ် လစ်လစ် ဖြစ်အောင် ပြန်မွမ်းမံတာလား မသိရပါဘူး။

သူ့စည်းကမ်းချက်တွေထဲမှာ ဗေဒင် ပညာနဲ့ အသက်မွေးသူတွေသာ ပါဝင်ရမယ်လို့ ဆိုထားတာကြောင့် ရန်းဂန်းတို့လို ဗေဒင်ဆြာ မဟုတ်ဘဲ လေ့လာစူးစမ်း သုတေသနလုပ်နေသူတွေ မပါနိုင် တော့ဘူးပေါ့ (ပါလည်း မပါချင်ပါဘူး၊ အဖွဲ့ဆိုတဲ့ အသံကြားတိုင်း လူတွင်ကျယ်လုပ်၊ ဟန်ကိုယ်ဖို့ အကြွားသန်တဲ့ ဗေဒင် ဆရာကြီးတွေကို သတိရမိလို့ပါ)ဘာပဲဖြစ်ဖြစ်ပေါ့လေ ဗေဒင်ပညာရပ်ကို ဒီထက် ကျယ်ပြန့် လာအောင် ကြိုးပမ်းလာတဲ့အတွက် ဒီသတင်းကို ကြိုဆိုရမှာပါ။

နည်းနည်းလောက် အောင်မြင်လာ၊ လူကြိုက်များလာတာနဲ့ ဘဝလေဟပ်ပြီး အောက်ခြေလွတ်၊ ခြေကြွ၊ ဖင်မြောက် သွားတဲ့ ၊ ခွာတင်မက ပါးစပ်ပါ ပြဲကုန်တဲ့၊ အစိတ်စိတ် အမွှာမွှာ လမ်းခွဲကြလေတဲ့ ခပ်ပေါပေါ ခပ်ကြောင်ကြောင် အဖွဲ့ကြီး မဖြစ်ပါစေနဲ့လို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

1 comment:

ကိုအောင်(ပျူနိုင်ငံ) said...

ညီလေးရေ ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...