Friday, September 9, 2011

အရိပ်က ပြောတဲ့ ဂမ္ဘီရ

မိတ်ဆွေတို့ထဲမှာလည်း အရိပ်နဲ့ ပက်သက်လို့ ထူးခြားတဲ့ ဖြစ်ရပ်များ၊ အတွေ့အကြုံများ၊ လေ့လာ မှတ်သား ဖူးသည်များ ရှိရင် လက်ဆင့်ကမ်း အသိချင်း ဖလှယ် သွားကြပါဦး။

ငယ်ငယ်တုန်းက မိဘဘိုးဘွားတွေနဲ့အတူ ဘုန်းကြီးကျောင်းတွေ သွားဖြစ်၊ ရောက်ဖြစ်တဲ့အခါ လူကြီး တွေက ဘုန်းကြီးသံဃာအရိပ်ကို မနင်းမိအောင် သတိထားခိုင်းပါတယ်။ အခုထိလည်း ရဟန်း  သံဃာတွေ အရိပ်ကို တတ်နိုင်သလောက် မနင်းဖြစ်အောင် ရှောင်ကျဉ်ပါတယ်။ ရတနာသုံးပါးဆိုတဲ့ အသိ နဲ့ရော ဂမ္ဘီ္ဘရရှုထောင့် အရပါ လေးနက်တဲ့သဘောကို ဆောင်နေတဲ့အတွက် မနင်းဖြစ်အောင် သတိ ထားတာ ဖြစ်ပါတယ်။


ဟိုးတုန်းက ဥရောပအရှေ့ပိုင်းဒေသတွေမှာ (မြန်မာပြည်မှာလည်း ကြားဖူးတဲ့) အဆောက်အအုံကြီးတွေ ဆောက်တိုင်း လူကို စတေးပစ်တဲ့ ဓလေ့ထွန်းကား ခဲ့ပါတယ်။ အဲလို စတေးမှ အဆောက်အဦ ဆောက်တာ အောင်မြင်တယ်၊ စတေးခံရသူရဲ့ ဝိညာဉ် (ကျွန်တော့်အထင် အောက်ဘုံသား) ဟာ အဆောက်အအုံကို သူ့လို ကံနိမ့်သူ ထပ်မပေါ်လာခင် ကာလတစ်ခုအထိ စောင့်ရှောက်ရတယ်လို့ ဆိုပါတယ်။


ဒါပေမဲ့ ခေတ်ကာလ ရွေ့လျော လာတဲ့အခါ လူကို စတေးဖို့ မဖြစ်နိုင်တော့တဲ့အတွက် လူတစ်ယောက် ယောက်ရဲ့ အရိပ်ကို ကြိုးနဲ့ တိတ်တိတ်လေး တိုင်းတာပြီး အဲဒီကြိုးကို အုတ်မြစ်ချတဲ့အခါ အောက်မှာ မြှုပ်ပြီးမှ အဆောက်အအုံ ဆောက်ကြပါတယ်။ တချို့ကတော့ အဲဒီ ကံဆိုးသူမောင်ရှင်ကို အဆောက် အအုံ ရှိရာကို မလိမ့်တစ်ပတ်နဲ့ ခေါ်လာပြီး အုတ်မြစ်ချမယ့် နေရာကို သူ့အရိပ်ကျအောင် နေရောင် အောက်မှာ ရပ်ခိုင်းတာမျိုးလည်း ရှိရဲ့။


ဘယ်နည်းနဲ့ပဲလုပ်လုပ် အရိပ်စတေးခံရသူဟာ (၁၂) လအတွင်း သေဆုံးပြီး သူ့ဝိညာဉ်ကို မြေကြီးထဲ ချုပ်မိသလို ဖြစ်သွားစေပါတယ်။ ဒီတော့မှ မြေစောင့် ဘုမ္မစိုးတွေက ကျေနပ်ပြီး အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းကြီး အောင်မြင်တယ်လို့ အစွဲအလမ်း ထားကြပါတယ်။ အခုမျက်မှောက် ခေတ်မှာတော့ ဒီအစွဲတွေ ရှိ၊ မရှိ မသိရပါဘူး။
အနောက်တိုင်းရုပ်ရှင်တချို့မှာတော့ အရိပ်နဲ့ ပက်သက်လို့ သရဲတစ္ဆေ ဇာတ်ကားတွေမှာ ထည့်သွင်း အသုံးပြုတာ တွေ့ရပါတယ်။ ဥပမာ (ဇာတ်လမ်းနာမည် မမှတ်မိ တော့တဲ့) ရုပ်ရှင်မှာဆိုရင် အကောင်အထည် မရှိတဲ့ အရိပ်တွေကပဲ လူစင်စစ်တွေကို ဖမ်းဆီးသတ်ဖြတ် သွားတာကို ရိုက်ကူးပြထားပါတယ်။

နောက်တစ်ခု လေ့လာဖူးတာက လက်ဝှေ့ပွဲမှာ တစ်ဖက်လူရဲ့ ဦးခေါင်းအရိပ်ကို ဖနောင့်နဲ့ ဆောင့်နင်းပြီး အဟန့်လုပ်တာပါပဲ။ နောက်တစ်နည်းက ကျွန်တော်တို့ လူသိများ ထင်ရှားတဲ့ အင်္ဂဝိဇ္ဇာပညာမှာ သုံးပါတယ်။ မွေးနံနဝင်းပေါ်ချိန်မှာ ကိုယ်မကျေနပ်သူရဲ့ အရိပ်ကို နင်းပြီး မန္တန်ရွတ်တဲ့ နည်းပါ။ ပြီးတော့ မိုးပေါ်ပျံနေတဲ့ လင်းတ(လဒ) အရိပ်ကို ဖော့နဲ့ ထိအောင် ပေါက်နိုင်ရင် ပျံနေတဲ့ လင်းတက အောက်ပြုတ် ကျတယ်လို့ မှတ်သားဖူးပါတယ်။ လေ့လာကြည့်ရင် အရိပ်နဲ့ ဂမ္ဘီရပညာရဲ့ ဆက်စပ်မှု လမ်းကြောင်း တစ်ခုကို ဖျတ်ခနဲ သတိထားမိကြမှာပါ။ ဘာပဲဖြစ်ဖြစ် လူရဲ့ အရိပ်ဟာ လူနဲ့အနီးစပ်ဆုံး ဖြစ်တာမို့ လူနည်းတူပဲ ထပ်တူ ထပ်မျှ သဘောထားနိုင်တယ်လို့ ရှေးပညာရှင်တွေက ယူဆခဲ့ကြပုံ ရပါတယ်။


ဒါ့ကြောင့်လည်း ရှေးမြန်မာကြီးတွေ၊ ကျွန်တော်တို့ ဘိုးဘွားတွေက သာမန်လူတွေထက် မြင့်မြတ်တဲ့ ဘုရားသားတော် ရဟန်းသံဃာများ အရိပ်ကို မနင်းမိအောင် သတိထားခိုင်းတာ ဖြစ်မယ်လို့ တွေးကြည့် မိပါတယ်။ ဒီသဘောကို ဓာတ်ကူးမှော်ပညာလို့လည်း သမုတ်ကြပါတယ်။ နဂိုတည်းက ဗုဒ္ဓဘာသာ ဝင်တွေပီပီ သံဃ်ာတော်တွေကို ကြည်ညို၇င်းစွဲနဲ့ ရှေးဂမ္ဘီရသဘောတရားတွေ ပေါင်းစပ် သွားတယ် လို့လည်း ကောက်ချက်ဆွဲကြည့်နိုင်ပါတယ်။


မိတ်ဆွေတို့ထဲမှာလည်း အရိပ်နဲ့ ပက်သက်လို့ ထူးခြားတဲ့ ဖြစ်ရပ်များ၊ အတွေ့အကြုံများ၊ လေ့လာ မှတ်သားဖူးသည်များ ရှိရင် လက်ဆင့်ကမ်း အသိချင်း ဖလှယ် သွားကြပါဦး။


2 comments:

မေသိမ့်သိမ့် ကျော် said...

အရိပ်နဲ့ပတ်သက်ပြီး မဟော်သဓာဇာတ်တော်ထဲမှာလည်း ဖတ်ဖူးပါတယ်။ မဟော်သဓာဟာ စွန်ရဲ့အရိပ်ကို နင်းပြီး အော်ဟစ်တာ စသည်ဖြင့်ပေါ့...။ ရဟန်းတော်တွေရဲ့ အရိပ်အပြင် မိဘဆရာသမားအရိပ်တော့ မနင်းမိအောင် အထူးဂရုစိုက်ပါတယ်။ အမေအဖေတွေက ငယ်တုန်းကတည်းက မနင်းရဘူးပြောထားလို့ မနင်းတော့တာပါ။ တခြား ဘာမှ သိလို့ရယ်တော့မဟုတ်ပါဘူ။ ဗဟုသုတတွေမျှဝေပေးတာ ကျေးဇူးပါ။

ခင်တဲ့
မေသိမ့်

aung thet said...

မေသိမ့် ကွန်မန့်ကိုထောက်ခံပါတယ်။အဲဒီအကြောင်းအရာလည်းထပ်ဖြည့်ပေးပါ ပို့စ်ထဲမှာ။
လေးစားလျှက်-
အဂ္ဂ(ခေတ္တ-အမေရိက)