Thursday, September 22, 2011

အလည်လာမယ့် ကြယ်တံခွန်

မြင်ရခဲတဲ့ မဟာကြယ်တံခွန် အယ်လီနင်ဟာ သာမညောင်ညတော့ မဟုတ်ပေဘူး။ လာမယ့် အောက်တိုဘာလ ညကောင်းကင်ယံမှာ တောက်တောက်ပပ မြင်နေ ရမယ့် ကမ္ဘာမြေဆီ အလည် လာခဲလှတဲ့ ဧည့်သည်တော်ကြီးပဲ ဖြစ်ပါတယ်။

ကြယ်တံခွန် ဆိုတဲ့ အသံကို ကြားရ မြင်ရတိုင်း လွန်ခဲ့တဲ့ ခုနှစ်တန်းကျောင်းသားဘဝ ညတွေကို သွား သတိရမိပါတယ်။ အဲဒီတုန်းက ကိုယ်က ညညဆို ကောင်းကင်တစ်ခွင် ပြဲပြဲစင်အောင် လျှောက်ငေး နေတတ်တဲ့ ဝါသနာကလည်း ပါ၊ ဂြိုဟ်သားတွေ၊ ပန်းကန်ပြားပျံတွေ၊ ကြယ်တာရာတွေ၊ ဂြိုဟ်တုတွေ အကြောင်း ရေးသား ဖော်ပြလေ့ ရှိတဲ့ သုတစွယ်စုံ မဂ္ဂဇင်းကိုလည်း အမြဲဖတ်လေ့ ရှိတာမို့ ၁၉၉၇ ခုနှစ်က အနောက်ဘက် ကောင်းကင်မှာ အမှောင်ထဲ ဓာတ်မီးထိုးထားသလို လင်းနေတဲ့ ဟေးလ်ဘော့ပ် ကြယ်တံခွန်ကို မြင်တွေ့ခဲ့ရဖူးပါတယ်။


အဲဒီတုန်းက ကောင်းကင်မှာ ၁၈ လကြာအထိ စံချိန်တင် တည်ရှိခဲ့တဲ့ ဟေးလ်ဘော့ပ် ကြယ်တံခွန်ဟာ ဆယ်စုနှစ် များစွာထဲမှာ အတောက်ပဆုံး ကြယ်တံခွန် ဖြစ်ခဲ့တဲ့အတွက် မှန်ပြောင်းမလိုဘဲ သာမန် မျက်စိနဲ့တင် ကြည့်မြင်နိုင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် ၁၉၉၄ ခုနှစ်ကတော့ ကိုယ် မမြင်လိုက်ရတဲ့ (စာအုပ်ထဲက ဓာတ်ပုံတွေနဲ့ ကျေနပ်ခဲ့ရတဲ့) အသေခံ ကြယ်တံခွန် တစ်စင်းကိုလည်း လေ့လာ မှတ်သားခဲ့ဖူးပါတယ်။ ရှူးမိတ်ကာအမည်ရ ကြယ်တံခွန်က ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်ကြီးကို ဝင်ဆောင့်ခဲ့တဲ့ ဖြစ်ရပ်ပါ။


နောက်ပိုင်းမှာတော့ ကြယ်တံခွန်တွေနဲ့ ကျွန်တော် မဆုံဆည်း ဖြစ်တော့တာ ဆယ်စုနှမက ကြာမြင့် သွားပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၉ ၊ ဖေဖော်ဝါရီတုန်းကတော့ လူသူကြားထဲ မထင်ရှားဘဲ ကမ္ဘာမြေကို မြင်ကွင်းထဲ ခဏတာ အလည် ရောက်လာခဲ့တဲ့ လူလင်အမည်ရ ကြယ်တံခွန်တစ်စင်းလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာမှ ကြီးကြီးကျယ်ကျယ် အုတ်အော် သောင်းတင်း မဖြစ်ခဲ့ပါဘူး။


အခု လာမယ့် အယ်လီနင် ကြယ်တံခွန်ကတော့ တစ်နှစ်တခါ အလည်လာနေကျ၊ မြင်နေကျ သမာရိုးကျ ကြယ်တံခွန် မဟုတ်ဘဲ မြင်ရခဲတဲ့ အမျိုးအစားပါ။ အယ်လီနင်ဟာ ကမ္ဘာနဲ့ နေကြားကနေ ဖြတ်သန်းမှာမို့ အတွင်းဘက် ကျတဲ့ ဂြိုဟ်တွေရဲ့ ဆွဲငင်အားကြောင့် လမ်းကြောင်းပြောင်းသွားနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။ ဒါပေမဲ့ ၂ဝ၁၂ ဟောကိန်းရဲ့ အကြို သေမင်းတမန်လို့ ခေါ်ဝေါ်ပြီး ကမ္ဘာကို ဝင်ဆောင့်မယ့် ကြယ်တံခွန်လို့ ကောလာဟလ ထွက်နေတာကိုတော့ အမေရိကန်နာဆာအဖွဲ့က ငြင်းပယ်ထားပါတယ်။

အယ်လီနင်လို့ အမည်တွင်ရခြင်းအကြောင်းကတော့ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရုရှား နက္ခတ္တ ဗေဒပညာရှင် လီယွန်နစ်အယ်လီနင်က စတင် တွေ့ရှိခဲ့လို့ ထုံးစံအတိုင်း သူ့နာမည်ကို ကြယ်တံခွန်မှာ ကင်ပွန်းတပ် ပေးလိုက်တာပါ။


အယ်လီနင်က အခုမှ ကမ္ဘာဆီ အလည်လာတာလား။ အရင်က လာခဲ့ဖူးလား ဆိုတော့ ကျွန်တော်တို့ ဘယ်ချောင် ကပ်နေမှန်း မသိရတဲ့ ကျောက်ခေတ်နှောင်းပိုင်း ဘီစီ ၉၈ဝဝ လောက်က တစ်ခေါက် လာဖူးပါသတဲ့။

အဲဒီအချိန်တုန်းက ကျွန်တော်တို့ လူသားတွေဟာ လယ်ယာစိုက်ပျိုးရေး စတင်လာတယ်။ တိရစ္ဆာန်တွေကို မွေးမြူရမှန်း သိလာတယ်။ ရွံ့အိမ်လေးတွေ ဆောက်၊ ရွာစုလေးတွေ တည်နဲ့ ယဉ်ကျေးမှုကို စတင် မြည်းစမ်း လာတဲ့ အခါသမယ ဖြစ်ပါတယ်။ အဲဒီတုန်းက မြေကမ္ဘာကနေ ကောင်းကင်ပေါ် မော့ငေး လိုက်ရင် (အယ်လီနင်) လို့တောင် အမည်မပေးရသေးတဲ့ ကြယ်တံခွန်ကြီးကို မြင်တွေ့ခဲ့ကြမှာပါပဲ။

ကြားဖူးနားဝနဲ့ ဟိုဖတ်ဒီဖတ် လုပ်ဖူးသလောက် ပြောရရင် မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းမှတ်တမ်းတွေမှာ ကြယ်တံခွန် မြင်လို့ ဟိုဒင်းဖြစ်ရ၊ ဒီဒင်းဖြစ်ရ၊ မင်းပြောင်း မင်းလွဲ ဖြစ်ရနဲ့ အမျိုးမျိုး ထူးခြားစွာ ဖြစ်ပျက်ခဲ့ ဖူးပါတယ်။

ကြယ်တံခွန်တွေနဲ့အတူ ဘာသာရေး ခေါင်းဆောင်၊ ဒါမှမဟုတ် လူ့သမိုင်းမှာ သြဇာ အာဏာစက် ပြင်းတဲ့ ခေါင်းဆောင်ကြီးတွေ ပေါ်ပေါက်လာလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ အများ အားဖြင့်တော့ ကြယ်တံခွန်တွေ ပေါ်လာတိုင်း လောကီလူ့ဘုံမှာ ရာသီဥတုနဲ့ တခြား အပြောင်းအလဲကြီး တွေကို ကသောင်းကနင်း ဖြစ်ပျက်စေပါတယ်။ အတိအကျ ပြန်ပြောဖို့ ဆိုရင် စာအုပ်ကြီးတွေ ပြန်လှန်၊ ကျမ်းတွေ ပြန်ကူးရမှာပါ။ တစ်ခုခု ဖြစ်တတ်တယ်လို့သာ အောင့်မေ့ကြဗျာ။

အခု မောင်မင်းကြီးသား အယ်လီနင်ကြယ်တံခွန်ကတော့ ကမ္ဘာသားတွေရဲ့ မြင်ကွင်းထဲ ပေါ်ပေါ်ထင်ထင် ဝင်လာခင် နေအဖွဲ့အစည်းထဲ ချဉ်းနင်းလာတည်းက နေနဲ့ ဆန့်ကျင်ဘက်အမြင် Opposition မြင်ယှဉ်ခဲ့ ရာမှာ တိုက်တိုက် ဆိုင်ဆိုင်ပဲ ဂျပန်ငလျင်နဲ့ ဆူနာမီတွေ ဖြစ်ပွားခဲ့ရတယ်လို့ နက္ခတ်ဗေဒင်ပညာရှင် တွေက တွက်ချက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒါပေမဲ့ပေါ့ဗျာ မီဒီယာသမားတွေ လေသံနဲ့ ပြောရရင် နောက်ဆုံးရ သတင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ဝ ရက်နေ့တုန်းက နေနဲ့အနီးဆုံး ပတ်လမ်းကြောင်းကို ရောက်ရှိလာတဲ့ အယ်လီနင် ကြယ်တံခွန်ဟာ အားအင် ချိနဲ့လာပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားမယ့် ပုံ ပေါ်နေပြီလို့ သိရပါတယ်။


တွေ့ရှိချက်တွေအရ အယ်လီနင်ကြယ်တံခွန်ဟာ သြဂုတ်လကုန် စက်တင်ဘာလဆန်းတည်းက နေနဲ့ နီးလာ လေလေ သူ့ရဲ့ စုဖွဲ့နိုင်စွမ်းအားလည်း လျော့ပါး လာတာ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် အကောင် ကြီးကြိး အမြီးရှည်ရှည် ကြယ်တံခွန်ဘဝကနေ စုတ်တိစုတ်ဖတ် အမြီးပြတ် အမှုန်အမွှား ကြယ်ဘဝကို သက်ဆင်း ရတော့မယ့်ပုံပါ။

အစောပိုင်း ဖော်ပြခဲ့တဲ့ စာစဉ်တွေအရ အယ်လီနင်နဲ့ ကမ္ဘာ အနီးကပ်ဆုံး ချဉ်းကပ်လာမှာ အောက်တို ဘာလလယ်လို့ ဆိုပါတယ်။ အခုလို ပြိုကွဲမယ့် သဏ္ဍာန်ဆောင်လာရင်တော့ ဘယ်ပုံ မြင်ရမယ် မမှန်း တတ်တော့ပါဘူး။

ကဲ ရုပ်ပျက်ဆင်းပျက် ဖြစ်လာတဲ့ ကြယ်တံခွန်ကို နက္ခတ်ဗေဒင်ကဝိတွေ ဘယ်လို ဟောကိန်း ထုတ်လာဦးမလဲ ဆိုတာ ကျွန်တော် သိချင်မိပါတယ်။ ရှေးပညာရှိတွေကလည်း ကြယ်တံခွန်သံ ကြားတာနဲ့ ခုပဲ ကမ္ဘာပျက်တော့ မလိုလို၊ မင်းလောင်း ပေါ်တော့မလိုလို၊ လက်ရှိ သမ္မတက နောက်ဖေးပေါက်ကနေ ဆင်းပေး ရမလိုလို ဘယ်လို ဘယ်ပုံ လေသံပစ်လာမယ်ဆိုတာ သိချင်ပါရဲ့ဗျာ။

ဒါပေမဲ့ အကျိုးတရားတိုင်းမှာ အကြောင်းတရား ရှိနေတာမို့ အယ်လီနင်ကို စတွေ့တဲ့ အချိန် ဇာတာခွင်မှာ ဒီကြယ်တံခွန်ဟာ အင်္ဂါ (God of War) ဂြိုဟ်နဲ့ Square လေးထောင့်အမြင် မြင်ယှဉ်ခဲ့တဲ့ အကျိုးဆက်နဲ့ ကန်ရာသီအစွန်းမှာ ရပ်တည်ခဲ့တဲ့ အကျိုးဆက်တွေကိုတော့ သတိထားမိသူ၊ တတ်ကျွမ်းသူ မှန်သမျှ သဘောပေါက် သိမြင်ကြမှာ အသေချာပါပဲ။

2 comments:

မေသိမ့်သိမ့် ကျော် said...

ကြယ်တံခွန်အကြောင်းလေး လာဖတ်သွားပါတယ်ရှင်။

ချောကလက် said...

၂၀၀၁ လား ၂၀၀၂ လားတော့..မမှတ်မိတော့ပါဖူး
ဒီမှာ..ကြယ်ကြွေတာ ကို.မြင်ဖူးတယ်..တစ်ခါတည်း
တောင်မဟုတ်ဖူးနော်..ခဏဏ ကြွေတာ..နာရီဝက်
လောက်ကြာတယ် တောင်ပေါ်ကနေ.မှန်ပြောင်းတွေ နဲ့ 
စောင့်ကြည့်တဲ့ လူတွေ မှ.အများကြီးပဲ..နှစ်၃၀ မှ
တစ်ခါ.တွေ့ ရတာတဲ့ ..ကြားဖူးတာတော့..ကြယ်
ကြွေတာတွေ့ ရင်.ဆုတောင်းပြည့်တယ်တဲ့ နဒီ ဘာဆု
တောင်းမှန်းတော့ မှတ်မိတော့ပါဖူး ကြယ်တံခွန်တော့
မြင်ဖူးသေးဖူးကော ..စာအမြဲလာဖတ်တယ်နော်
ခင်တဲ့
နဒီမိုးညို