Monday, October 10, 2011

ကျွန်တော် သိတဲ့ အဓိပတိ

ဘာ့ကြောင့်လဲ ဆိုတော့ တက်ကျမ်း ဖတ်သူ တော်တော်များများ၊ ကျွန်တော့်အမြင် ၈၅ ရာခိုင်နှုန်း လောက်ဟာ သူတို့ ဖတ်ထားတဲ့ တက်ကျမ်းထဲက ကျင့်စဉ်တွေနဲ့ လားလားမှ မဆိုင်တဲ့ ဆန့်ကျင်ဘက် အာပလာလမ်းကြောင်းကိုပဲ လျှောက်နေကြတာ မြင်တွေ့ရလို့ ဖြစ်ပါတယ်။

အရှိအတိုင်း ပြောရရင်တော့ ကျွန်တော်ဟာ တက်ကျမ်းတွေ၊ တက်ကျမ်းဆန်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်တွေကို စိတ်ဝင်တစား ရှိလှသူ မဟုတ်ပါဘူး။ အောင်မြင်ရေးတွေ၊ ကြီးပွား ချမ်းသာရေးတွေ၊ လူပေါ်လူဇော် လူတွင်ကျယ် လုပ်နည်းတွေ ညွှန်ပြထားတဲ့ စာအုပ်တွေဆိုရင် တော်တော်လေး အမြင်ကပ် တတ်တဲ့ ဥာဉ်လေးပါ ရှိနေပါတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ တက်ကျမ်း ဖတ်သူ တော်တော်များများ၊ ကျွန်တော့်အမြင် ၈၅ ရာခိုင်နှုန်း လောက်ဟာ သူတို့ ဖတ်ထားတဲ့ တက်ကျမ်းထဲက ကျင့်စဉ်တွေနဲ့ လားလားမှ မဆိုင်တဲ့ ဆန့်ကျင်ဘက် အာပလာ လမ်းကြောင်းကိုပဲ လျှောက်နေကြတာ မြင်တွေ့ရလို့ ဖြစ်ပါတယ်။

တက်ကျမ်းတွေ မဖတ်ဘူးဟေ့ ဆိုပေမဲ့လို့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ အဓိပတိတရား (၄) ပါးကိုတော့ ကျွန်တော် အထူးကြည်ညိုစွာနဲ့ ကျင့်ကြံဖြစ်အောင် ကြိုးစားပါတယ်။ အားလုံးလည်း သိပြီး ဖြစ်မှာပါ။ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ ဆိုတဲ့ တရားတွေပါပဲ။ ဒီ (၄) ချက်ကို ကောင်းကောင်း သဘောပေါက် နားလည်ထားရင် နောက်ပြီး ဗုဒ္ဓ ဟောကြားထားတဲ့ (၃၈) ဖြာ မင်္ဂလာတရားတော်တွေကို နှလုံးသွင်း ကျင့်သုံးနေမယ် ဆိုရင် ခေတ်ပေါ်၊ ကာလပေါ် ဘာညာဗျူဟာတွေ၊ အခင်းအကျင်းတွေ၊ နည်းလမ်းတွေ မလိုအပ်တော့ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။ မိတ်ဆွေအနေနဲ့လည်း ဒီအချက်မှာ ကျွန်တော်နဲ့ လွတ်လွတ်လပ်လပ် ကွဲလွဲနိုင်ပါတယ်။

အခုတလော အသက် (၃ဝ) နား ချဉ်းကပ်လာတဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စုနဲ့ လုပ်ဖော်ကိုင်ဖက် လူငယ်ပိုင်းတွေထဲမှာ အခုမှ အိပ်မက်က လန့်နိုးသလိုမျိုး ၊ တချို့လည်း သူများတွေ ကြည့်၊ အားကျတဲ့ လေသံမျိုးတွေနဲ့ အောင်မြင်ချင်လိုက်တာ၊ ငါတော့ အချိန်သိပ်မရတော့ဘူး၊ လုပ်မှ ဖြစ်တော့မယ် ဆိုတဲ့ အသံတွေ ထွက်လာနေပါတယ်။ သူတို့တွေကို ကျွန်တော် လက်ခံ ကျင့်သုံးတဲ့ အဓိပတိတရား သွားဟောလို့ နားပေါက်မယ် မထင်ပါဘူး။ ဒါနဲ့ သူတို့အတွက်ရော. မိတ်ဆွေတို့ ထဲက ကြီးပွားတိုးတက် ချင်သူတွေ အတွက်ပါ နည်းလမ်းတစ်ခု မျှဝေလိုက်ပါတယ်။

ဒီအောင်မြင်ရေး ကျင့်စဉ်ကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဘဆရာကြီးမင်းသိင်္ခက ညွှန်ပြခဲ့တာပါ။ (ဆရာကြီး မင်းသိင်္ခနှင့် ဒေါက်တာဒဂုန်၊ ဆရာဒဂုန်နှင့် ဒေါက်တာမင်းသိင်္ခ) ဆိုတဲ့ စာအုပ်ကနေ ကူးယူ ဖော်ပြပါတယ်။ ဒီထဲမှာ ဥပမာအဖြစ် အောင်မြင်တဲ့ ဗေဒင်ဆရာ ဖြစ်ရေးကို လမ်းညွှန်ထားပေမဲ့ ကိုယ်နဲ့ ဆိုင်ရာ အလိုက်လည်း ကျင့်သုံးနိုင်ပါတယ်။ ဘယ်သူပေးတဲ့ နည်းဆိုတာထက် ဘယ်လောက် ကောင်းတဲ့ နည်း ဆိုတာ တကယ်ကျင့်သုံးတဲ့အခါ သိလာမှာပါ။

ကျွန်တော် စကားလုံး ငါးလုံး ပြောမယ်။ အဲဒီ စကားငါးလုံးက T-O-C-E-S ဆိုတာပဲ။ အလွယ်မှတ်လို့ ရအောင် အတိုကောက်လေးတွေပါ။ T ဆိုတာက Tempt of Reference ၊ ဆိုကြပါစို့။

လောကကြီးမှာ ကိုယ်က ဗေဒင်ဆရာတစ်ယောက် အဖြစ်နဲ့ အောင်မြင်ချင်တယ်၊ ဒါဖြင့် လောကကြီးမှာ အောင်မြင်တဲ့ ဗေဒင်ဆရာမျိုးရော တကယ်ရှိလားလို့ အထောက်အထားကို ရှာရမယ်၊ မြန်မာနိုင်ငံ မှာလည်း အောင်မြင် ကျော်ကြားတဲ့ ဗေဒင်ဆရာတွေ ရှိတယ်၊ ကမ္ဘာမှာလည်း တကယ် ရှိတယ်၊ အဲဒါ ဆိုရင်တော့ လူသားထဲက ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။ ဒါဟာ စိတ်ကူးယဉ်ကိစ္စ မဟုတ်ဘူး။

ဒီလို မဟုတ်ဘဲနဲ့ ကိုယ်ဖြစ်ချင်တာက ပေ-၂ဝ လောက် မြင့်အောင် ခုန်မယ် ဆိုပြီး ရည်ရွယ်ထားတယ်၊ ဒါဆိုရင် ကိုယ်က လေ့လာရမယ်၊ ပေ -၂ဝ အမြင့်ကို ဘာမှ မပါဘဲနဲ့ ဒီအတိုင်း ခုန်နိုင်တဲ့လူ လောကမှာ ရှိသလား၊ တွေ့ဖူးသလားလို့ လေ့လာရမယ်၊ ကမ္ဘာမှာရော ရှိသလား၊ မြန်မာမှာရော ရှိသလားဆိုတာ လေ့လာရမယ်၊ တွေ့လည်း မတွေ့ဖူးဘူး၊ ရှိလည်း မရှိဘူး ဆိုရင်တော့ ဒါကို မကြိုးစားနဲ့၊ မဖြစ်နိုင်ဘူး။ ဒါကတော့ ကိုယ်ရည်ရွယ်တဲ့ ကိုယ်လုပ်မယ့် အလုပ်ဟာ တကယ် ဖြစ်နိုင်၊ မဖြစ်နိုင်ကို စပြီး စဉ်းစား ရမှာပေါ့။

နောက်တစ်ဆင့်က Object of Aim ၊ ကိုယ်အောင်မြင်ချင်တာဟာ ဘယ်အတိုင်းအတာထိ အောင်မြင် ချင်တယ် ဆိုတာကို သတ်မှတ်ရမယ်၊ နာမည်တွေ ကြီးချင်တယ်၊ ဘယ်နှုန်းအထိ ကြီးချင်တာလဲ၊ တစ်တိုင်းပြည်လုံး လူဦးရေသန်း ၄ဝ လုံး ကိုယ့်ကိုသိအောင် လုပ်မှာလား၊ ဗေဒင်ဆရာ တစ်ယောက် အောင်မြင် တာကို ငွေနဲ့ တိုင်းတာမယ် ဆိုရင်လည်း ငွေတွေ ဘယ်လောက်ထိ ချမ်းသာအောင် လုပ်မှာလဲ၊ အဲဒီ အောင်မြင်မှု အတိုင်းအတာကိုလည်း သတ်မှတ်ရမှာပေါ့။

နောက်တစ်ဆင့်ကတော့ Collecting the Reference တဲ့။ အဲဒါ အထောက်အထားတွေ ရှာရမှာကို ပြောတာ၊ အောင်မြင်ကျော်ကြားသွားတဲ့ ဗေဒင်ဆရာ တစ်ယောက်ဟာ ဘာတွေ လုပ်ခဲ့သလဲ၊ ဘယ်လို လုပ်ခဲ့သလဲ ဆိုတာ ရနိုင်သမျှ စုဆောင်းရှာဖွေရမယ်၊ အဲဒီလို အောင်မြင်သူတွေ လုပ်ခဲ့တဲ့ နည်းလမ်း တွေကို စုဆောင်း ရှာဖွေပြီး ကိုယ်နဲ့ အကိုက်ညီဆုံး နည်းလမ်းကို ရွေးရမယ်။

နောက်တစ်ခုကတော့ အဲဒီလိုလုပ်ဖို့အတွက် စွမ်းရည် စိုက်ထုတ်ဖို့ ဆိုတာလည်း လိုတယ်၊ အဲဒါက Efficiency ပေါ့။ အောင်မြင်အောင် ကြိုးစားနိုင်ဖို့အတွက် ကိုယ့်မှာ လုံလောက်တဲ့ အရည်အချင်းတွေ၊ စွမ်းရည်တွေလည်း ရှိရမယ်၊ ဥပမာဆိုပါတော့ ကိုယ်က မျက်စိမကောင်းဘူး၊ နားလည်း မကောင်းဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး၊ ဇွဲလည်း မကောင်းဘူး ဆိုရင် အောင်မြင်အောင် လုပ်ဖို့ အခက်အခဲ ဖြစ်နိုင်တာပေါ့။

နောက်ဆုံး S ဆိုတာက Straight Forward တဲ့။ ကိုယ့်မှာ လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ်၊ ဇွဲလည်း ရှိတယ် ဆိုရင် တည့်တည့် သွားတော့တဲ့၊ ကိုယ့်လမ်းကြောင်း ကနေ သွေဖီသွားတာတွေ၊ တွန့်ဆုတ် တာတွေ၊ နောက်ကြောင်း ပြန်လှည့်တာမျိုးတွေ မလုပ်ဘဲ စိုက်လိုက်မတ်တပ် တည့်တည့်သာ သွားပေ တော့တဲ့။ အဲဒီ (၅) လုံးနဲ့ အောင်မြင်တဲ့ ဗေဒင်ဆရာတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ကျွန်တော် လက်ကိုင်ပြုထားတဲ့ အဓိပတိတရားတွေကိုတော့ ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ ရှင်းပြ လောက်အောင်လည်း ကျွန်တော့်မှာ စကားလုံးတွေ များများစားစား မရှိပါဘူး။ အတိုချုပ်ရရင် အလျှံညီးညီး တောက်လောက်နေတဲ့ ဆန္ဒကို ရှေ့ဆောင်ပြီး နောက်ကနေ ဝီရိယ၊ စိတ္တနဲ့ ဝီမံသတွေ စိုက်ထုတ်သွားရင် ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေ တနေ့နေ့ ဖြစ်လာမယ်လို့ ရဲရဲကြီး ပြောလိုက် ပါတယ်ဗျာ။

3 comments:

မေသိမ့်သိမ့် ကျော် said...

တက်ကျမ်းတွေကို သိပ်မကြိုက်တာတော့ တူတယ်။ ဒါပေမယ့် တက်ကျမ်းကလည်း လိုအပ်ပါတယ်။ ဒီပို့စ် လေးဖတ်ပြီး တကယ်ကို အားရှိသွားတယ်။ ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာတယ်။

ခင်တဲ့
မေသိမ့်

eveningstar said...

"လောကကြီးမှာ ကိုယ်က ဗေဒင်ဆရာတစ်ယောက် အဖြစ်နဲ့ အောင်မြင်ချင်တယ်၊ ဒါဖြင့် လောကကြီးမှာ အောင်မြင်တဲ့ ဗေဒင်ဆရာမျိုးရော တကယ်ရှိလားလို့ အထောက်အထားကို ရှာရမယ်၊ မြန်မာနိုင်ငံ မှာလည်း အောင်မြင် ကျော်ကြားတဲ့ ဗေဒင်ဆရာတွေ ရှိတယ်၊ ကမ္ဘာမှာလည်း တကယ် ရှိတယ်၊ အဲဒါ ဆိုရင်တော့ လူသားထဲက ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ။ ဒါဟာ စိတ်ကူးယဉ်ကိစ္စ မဟုတ်ဘူး။"

ဒါကြီးကိုတော့ သဘောမတူပါဘူး.. အထူးသဖြင့် နောက်ဆုံးစာကြောင်းပါပဲ.. စိတ်ကူးယဉ်ကိစ္စဆိုရင် မလုပ်ရတော့ဘူးလားဗျာ.. သူများတွေ မဖြစ်သေးတာနဲ့ ငါလည်း မဖြစ်နိုင်တော့ဘူးလို့ တွေးစရာ မလိုဘူးထင်ပါတယ်.. နောက်ဆုံးအပိုဒ်မှာပါတဲ့အတိုင်း ကိုယ့်ဆန္ဒရှိတယ်ဆိုရင် အလျှံညီးညီးတောက်နေတယ်ဆိုရင် ဘယ်သူဖြစ်ခဲ့ဖြစ်ခဲ့ မဖြစ်ခဲ့မဖြစ်ခဲ့ ကျန်တဲ့ အဓိပတိသုံးပါးစိုက်ထုတ်ခဲ့ရင် ဖြစ်ဖြစ် မဖြစ်ဖြစ် ကြိုးစားရကြိုး စိုက်ထုတ်ရကြိုး နောက်ဆုံး လူဖြစ်ရကြိုး နပ်မယ်လို့ ထင်မိကြောင်းပါဗျာ.. (ဟီးဟီး မြောက်ပေးလိုက်တာ.. အချွန်နဲ့မတာ ခေါ်တယ်)

Younggun said...

အစဉ်အလာအရ မဖြစ်နိုင်ဘူးဆိုရင် မလုပ်နဲ့ ဆိုတာ . ဟုတ်မှာပါ။ ဥပမာ ရှေးဘုရားအစဉ်အဆက် ဖြစ်ဖူးတာ ရှိလို့ ဘုရားဖြစ်ဖို့ ကျင့်ကြံအားထုတ်သလိုမျိုးပေါ့။ ဆရာကြီးခြံမှာတုန်းက ရှင်းပြဖူးတယ် ဥပမာ ကိုယ်က ခြေနှစ်ချောင်း ပြတ်နေပါတယ်ဆိုမှ ကမ္ဘာကျော် ဘောလုံးသမား ဖြစ်ချင်တယ်ဆိုရင် ဒါဟာ ကြောင်တောင်တောင် တက်ကျမ်းက မြှောက်ပေးလိုက်တဲ့ Nothing is Impossible ဖြစ်ပါတယ်။ တခါ ပြောပါသေးတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုရင် ညာဘက်တံတောင်ဆစ်ကို ညာဘက် လက်ညိုးနဲ့ပဲ ကုတ်ကြည့်ပါတဲ့ .။ ကျွန်တော်တော့ ကျကျမ်းတွေကို ပိုသဘောကျတယ်ဗျာ။