Saturday, February 11, 2012

အိုင်ထဲမြရွှေငွေ ဆိုသည်မှာ

ကိုယ်တိုင် အလုပ်ထဲ ကျွံကျနစ်ဝင်နေတဲ့အတွက် ဗေဒင်အကြောင်းအရာတွေကို ကျောဘက် ခေါက်ထားခဲ့တာ ကြာပါပြီ။ စာမရေးသားဖြစ်တဲ့ အချိန်တွေမှာ ရှားရှားပါးပါး ရေးသား ပေးပို့ထားတဲ့ တန်ဖိုးရှိ ဆောင်းပါး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ သာမန် စာဖတ်သူတွေအနေနဲ့ ခေါင်းကုပ် နားဝေစရာ ဖြစ်သွားနိုင်ပေမယ့် လက်ဆန်းဗေဒင်ကို နက်နက်ကလေး နှိုက်ထားသူအဖို့ ထူးခြားတဲ့ အသိတစ်ခုကို ထွန်းညှိပေး ပါလိမ့်မယ်။ ဆောင်းပါး ပေးပို့တဲ့ ဆရာဇေယျာမောင်ကို ကျေးဇူးအထူး တင်ရှိပါတယ်။

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရှင်တို့သည် အင်္ဂ၀ိဇ္ဇာပညာရပ်ကို သင်ယူလေ့လာကြရသည်။ အင်္ဂ၀ိဇ္ဇာ ကျမ်းပေါင်းများစွာ ရှိသော်လည်း မ,တလုံးကြေဆရာတော် ခင်ကြီးဖျော်၏ အင်္ဂ၀ိဇ္ဇာကျမ်းရင်းကြီးက ပင်စည်ကျမ်း ဖြစ်ပြီး အခြားသော အင်္ဂ၀ိဇ္ဇာကျမ်းများက ပင်စည်ကို ဝေေ၀ဆာဆာဖြစ်အောင် ချဲ့ထွင် ဖွင့်ဆိုထားသော ကိုင်းခွဲကိုင်းလက်ကျမ်းများသာ ဖြစ်သည်။ အင်္ဂ၀ိဇ္ဇာကျမ်းရင်းတွင် လကာင်္(၄၀) ရှိပြီး မြန်မာ၊ ပါဠိ၊ ဗေဒင် ဝေါဟာရများဖြင့် ပေါင်းစပ်ဖွဲ့ ဆိုထားသည်ကို တွေ့ရသည်။

လကာင်္အမှတ် (၂) နှင့် (၃)တွင် အင်္ဂ၀ိဇ္ဇာတိုင်များ ဖွဲ့ စည်း တည်ဆောက်ပုံကို ဖွဲ့ဆို သီကုံးထားသည်။ (၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်း ဆောင်မြူး၊ ပျော်ကြူးဧလှည့်နိုင်၊ သာလှိုင် ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့စံ ။ လကာင်္အမှတ်(၂)သည် ဖွဲ့စည်းပုံ အပြည့် ၅တိုင် ဖြစ်ပြီး ဂဏန်းဖြင့် ဖလှယ်လိုက်ပါက အောက်ပါအတိုင်း ဖြစ်သွားပေလိမ့်မည်။

အိုင်ထဲမြရွှေငွေ (၁ ၀ ၅ ၄ ၂) ဤနေရာတွင် ၄သည် ရာဟုဖြစ်သည်။

ကြံပါလူ့အသွေ (၂ ၅ ၄ ၁ ၆) ဤနေရာတွင် ၄သည် ဗုဒ္ဓဟူး ဖြစ်သည်။

ဆင်ရန်သူနဲ့ဝေး (၃ ၄ ၆ ၀ ၄) ဤနေရာတွင် ပထမ ၄သည် ရာဟု၊ ဒုတိယ ၄သည် ဗုဒ္ဓဟူး ဖြစ်သည်။

လေသဲကျွန်းဆောင်မြူး (၄ ၆ ၂ ၃ ၅) ဤနေရာတွင် ၄သည်ဗုဒ္ဓဟူး ဖြစ်သည်။

ပျော်ကြူးဧလှည့်နိုင် (၅ ၂ ၁ ၄ ၀) ဤနေရာတွင် ၄သည်ဗုဒ္ဓဟူး ဖြစ်သည်။

သာလှိုင်ဆင်ကြလန်း (၆ ၄ ၃ ၂ ၄) ဤနေရာတွင် ပထမ ၄သည် ဗုဒ္ဓဟူး၊ ဒုတိယ ၄သည် ရာဟု ဖြစ်သည်။

နန်းအောင်ရွှေမြို့စံ (၀ ၁ ၄ ၅ ၃) ဤနေရာတွင် ၄ သည် ရာဟု ဖြစ်သည်။

လကာင်္အမှတ် (၃) သည် အမှတ်(၂)အား မည်သို့မည်ပုံ ဖွဲ့စည်း တည်ဆောက်ထားကြောင်း ရှင်းပြထားခြင်း ဖြစ်သည်။ (၃) လိုရာဂြိုဟ်ရင်းကပ် ၊ ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ် မိတ်ကိုစီး၊ မိတ်ကြီး ဓာတ်ကိုမံ။ လက်ဆန်းဗေဒင် မိတ်ရန်ဓါတ်လင်္ကာ ဖြစ်သော စာခြောက်တန်းကို နားလည်မှသာ ဤဖွဲ့ စည်းပုံကို နားလည်နိုင်ပေမည်။

တနင်္ဂနွေ အိုင်ထဲမြရွှေငွေ (၁ ၀  ၅ ၄ ၂ ) ကို ဥပမာပေးပါမည်။

လိုရာဂြိုဟ်ရင်းကပ် ဆိုသည်မှာ မူလဂြိုဟ်ရင်း အိုင်(၁)

ဓါတ်မှန်ကိုထုတ် ဆိုသည်မှာ အိုင်(၁) ၏ ဓါတ်ဂြိုဟ် ဖြစ်သော ထဲ(၀) အန္တော

မိတ်လည်းအုပ် ဆိုသည်မှာ အိုင်(၁) ၏ မိတ်ဂြိုဟ် ဖြစ်သော မြ(၅)  အောင်ပ

ဓါတ်ထုတ်မိတ်ကိုစီး ဆိုသည်မှာ ထဲ(၀) ၏ မိတ်ဂြိုလ် ဖြစ်သော ရွှေ(၄) တော်ရင်း

မိတ်ကြီး ဓါတ်ကိုမံ ဆိုသည်မှာ မြ(၅) ၏ ဓါတ်ဂြိုလ် ဖြစ်သော ငွေ(၂) ဂဗ္ဘေ

စာဖတ်သူသည် လက်ဆန်းဗေဒင်နှင့် ရင်းနှီးသူ ဖြစ်ပါက ဤနေရာထိ စာများသည် အသစ်အဆန်း မဟုတ်၊ ကျမ်းရင်းပါ ရှင်းလင်းချက်များကို ပြန်လည် ရေးသားထားခြင်းသာ ဖြစ်ကြောင်း သတိထားမိပေလိမ့်မည်။

ဤဆောင်းပါး၏ ရည်ရွယ်ချက်ကို စတင်ရေးပြပါမည်။ ဖွဲ့စည်းပုံ အပြည့် ၅ တိုင်သည် လွန်စွာ ကျယ်ဝန်း နက်ရှိုင်း လှသောကြောင့် လူသာမန်များ ဥာဏ်မမှီနိုင်ဟု ဆရာတော်ခင်ကြီးဖျော် ယူဆထားပါသည်။ ထို့ကြောင့် ၅တိုင်ကို ချုပ်၍ ၃တိုင် အဖြစ် လက်တွေ့ သုံးစွဲရန် ထားခဲ့ပါသည်။ ၃တိုင်လင်္ကာမှာ အမျှကြင် (၁၅၂)၊ ခင်လှသွေ (၂၄၆)၊ စေသ၀န် (၃၆၄)၊ လွန်ကြာမြင့် (၄၂၅)၊ မင်းအီနောင် (၅၁၀)၊ သောင်စလမ်း (၆၃၄)၊ နန်းလုံးဆွေ(၀၄၃) ဖြစ်ပါသည်။

၃တိုင် ဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် ၅တိုင် ဖွဲ့စည်းပုံ၏ ပထမ၊ တတိယ၊ ပဉ္စမ သုံးတိုင်ကို ထုတ်နှုတ် ထားကြောင်း တွေ့ ပါလိမ့်မည်။ မူလ၊ မူလ၏ မိတ်၊ မိတ်၏ ဓါတ် ဖွဲ့ စည်းပုံ ဖြစ်ပါသည်။

အဘယ်ကြောင့် ဒုတိယနှင့် စတုတ္ထကို ၅တိုင် ဖွဲ့စည်းပုံမှ ထုတ်ပစ်ခဲ့ပါသနည်း၊ ထို ဒုတိယနှင့် စတုတ္ထကို မည်သည့် နေရာတွင် သုံးရန် လမ်းညွှန်ခဲ့သနည်း။ လက်ဆန်းဗေဒင်အပေါ် ရူးသွပ်စွာ လိုက်စားသူတချို့ ကတော့ သုံးစွဲနည်းကို သိထားပါလိမ့်မည်။ မသိထားသူများအတွက် စေတနာဖြင့် သိသလောက် ရှင်းပြ ပေးပါမည်။

ကျွန်ုပ်သည် ဖွဲ့စည်းပုံ အပြည့် ၅တိုင်ကို နှစ်ပိုင်း ခွဲကြည့်ပါသည်။ ထိုအခါ ၅တိုင်သည် ၆တိုင် ဖြစ်လာ ပါသည်။ ၆တိုင် ဖြစ်လာသည့်အတွက် ၁တိုင် ပိုလာသည် မဟုတ်ပါ။ မူလဂြိုဟ်ရင်းကို နှစ်ခါပြန် အသုံးပြု ခြင်းသာ ဖြစ်ပါသည်။ အုပ်စု(က)နှင့်အုပ်စု(ခ)ဟု ဆိုပါစို့ ။ တနင်္ဂနွေ အိုင်ထဲမြရွှေငွေ (၁ ၀  ၅ ၄ ၂) ကို ဥပမာ ပေးပါမည်။ မှတ်သားရ လွယ်ကူစေရန် တစ်လုံးကျော် ကောက်ယူကြည့်ပါ။

အုပ်စု(က) ပထမ၊ တတိယ၊ ပဉ္စမ (၁ ၅ ၂ ) အိုင်မြငွေ

အမျှကြင် အစချီသည့် လကာင်္၊ ၃တိုင် ဖွဲ့စည်းပုံ ဖြစ်ပြီး အခါတိုင် ဟောပြောရာတွင် သုံးပါသည်။

အုပ်စု(ခ) ပထမ၊ ဒုတိယ၊ စတုတ္ထ (၁ ၀ ၄ ) အိုင်ထဲရွှေ

သုံးစွဲနည်း မဖော်ပြထားသော်လည်း ဆန်းဗေဒင်ပညာ၏ ၄လပိုင်း ဒသာတိုင် ခွဲခန်းတွင် သုံးပါသည်။

ကျွန်ုပ်၏ အယူအဆအရ ဒုတိယနှင့် တတိယတို့သည် အုပ်စု(က) နှင့် (ခ)အကြား သုံးစွဲပုံ မတူရခြင်း၏ အဓိက အကြောင်းတရား။ ဒုတိယသည် မူလဂြိုလ်၏ ဓါတ်ဂြိုလ် ဖြစ်သောကြောင့် ဓါတ်တို့ မည်သည် ကြာရှည်သည့် သဘော ခိုင်မြဲသည့် သဘောတို့ကြောင့် ကာလရှည်အတွက် အသုံးပြုပါသည်။ တတိယသည် မူလဂြိုလ်၏ မိတ်ဂြိုလ်သဘောကြောင့် တိုတောင်းသည့်သဘော မခိုင်မြဲသည့် သဘောကြောင့် ကာလတိုအတွက် အသုံးပြုပါသည်။

မှတ်သားရလွယ်ကူစေရန် အောက်ပါအတိုင်း ခရားဇောက်တိုင် ချသလို အလယ်ဂြိုဟ်မှ ချကြည့်ပါ။

၎ ရွှေ (စတုတ္ထ)
ဝ ထဲ (ဒုတိယ)
၁ အိုင် (ပထမ၊ ပထမ)
၅ မြ (တတိယ)
၂ ငွေ (ပဉ္စမ)

ဤဆောင်းပါးတွင် ဖွဲ့ စည်းပုံအပြည့်  ၅တိုင်ဟု ရေးသားထားသော်လည်း စာဖတ်သူများ မျက်စိလည်မည် စိုး၍ လိုရာဂြိုဟ်ရင်း ကပ်သဘောဖြင့် မူလဂြိုဟ် ၁ လုံးစီကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။

လက်ဆန်းဗေဒင်ဖြင့် ဟောပြောမည်ဆိုပါက ၅တိုင် ဖွဲ့စည်းပုံကို နားလည်ရပါမည်။ ၃တိုင်စီကို အုပ်စုနှစ်ခု ခွဲ၍ တိုင်မှန် နေရာမှန် သုံးစွဲတတ်ရပါမည်။ ဓါတ်၊ မိတ်တို့၏ အပြန်အလှန် ဆွဲငင်အားပြုမှုတို့ကို ချင့်ချိန် တတ်ရပါမည်။ အင်္ဂ၀ိဇ္ဇာတွင် ဖြစ်စေ၊ ဆန်းဗေဒင်တွင် ဖြစ်စေ၊ မဟာဘုတ်တွင် ဖြစ်စေ ၅တိုင် ဖွဲ့စည်းပုံကို ထည့်သွင်း အသုံးချတတ်အောင် လေ့လာသင့်သည်ဟု အကြံပေးလိုက်ရပါသည်။
ဆရာဇေယျာမောင်

No comments: