Monday, June 4, 2012

နေကို ဖြတ်သော ဗီးနပ်စ်ဂြိုဟ်


လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ဗီးနပ်စ် (သောကြာ) ဂြိုဟ်ဟာ နေနဲ့ ကမ္ဘာကြားကို ရောက်ရှိ ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ နက္ခတ်ဗေဒင်ကို ဝါသနာကြီးကြီးနဲ့ လေ့လာနေချိန်။ ကျွန်တော့်ရဲ့ နက္ခတ်ဗေဒင် မိတ်ဆွေကြီး တစ်ဦးက နေကို ဖြတ်သန်းမယ့် သောကြာကို ဟောသလို နိမိတ် သဘော ကောက်ယူ ဟောပြောပြခဲ့ဖူးပါတယ်။


နေဆိုတာက တနင်္ဂနွေကွာ၊ ဒို့ မျှော်လင့်တဲ့ အောင်ဆန်းစုကြည် ၊ တနင်္ဂနွေအမည်ရှင်ပေါ့၊ သောကြာ ကတော့ သိတဲ့အတိုင်း သောကြာနံ ပုဂ္ဂိုလ်ကြီးပေါ့ကွာ၊ နေဆိုတာ ပူပြင်း လောင်ကျွမ်းတဲ့ ဓာတ်ကွ၊ သောကြာက အဲဒီနေကို ဖြတ်မယ် ဆိုတော့ သောကြာနံ ပျက်ပြုန်းမယ့် နိမိတ်လို့ ယူဆတယ်။
ဟောကိန်းကတော့ ပရိတ်ကြီး သိတော်မူတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဖြစ်စေချင်တဲ့ ဆန္ဒစွဲတွေ ကြီးစိုး ကပ်ပါနေတဲ့အပြင် ဇာတာခွင်အပေါ် ကောက်ချက်ချရာမှာ နေကို သောကြာ ဖြတ်တဲ့ တစ်ချက်တည်းကို လက်ဆန်းလိုလို အယူတော်မင်္ဂလာလိုလို ဆွဲယူ ဟောပြောခဲ့တဲ့အတွက် အမှား ဖြစ်သွားတယ်လို့ ယူဆပါတယ်။

၂ဝဝ၄ ခုနှစ်က နေနဲ့ ကမ္ဘာကြား ရောက်ခဲ့တဲ့ သောကြာဟာ ဒီနှစ် ၂ဝ၁၂၊ ဇွန်လ ၅-၆ ရက်တွေမှာလည်း တစ်ကျော့ပြန် ရောက်ရှိလာပြန်ပါပြီ။


တကယ်တော့ သောကြာ နေကို ဖြတ်တဲ့ မြင်ကွင်းမျိုး ကမ္ဘာကနေ မြင်ရဖို့ ဆိုတာ နှစ်စဉ် နေကြတ် လကြတ်တွေလို လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ တစ်ခါ ဖြစ်ဖို့ ရာစုနှစ် တစ်ခုမက စောင့်ဆိုင်းရပြီး တစ်ကြိမ် ဖြစ်ပြီဆိုရင်လည်း ၈ နှစ်ခြား ဆက်တိုက် ဖြစ်ပွားလေ့ ရှိပါတယ်။ နက္ခတ္ထဗေဒ မှတ်တမ်းတွေအရ နေနဲ့ ကမ္ဘာကြား သောကြာ ဖြတ်သန်းမှုဟာ အနီးစပ်ဆုံးကာလ ပြောရရင် ၁၈၇၄-၁၈၈၂ နဲ့ ၂ဝဝ၄-၂ဝ၁၂ တွေပဲ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ဒီလို ပြန်ဖြစ်ဖို့ ၂၁၁၇ ခုနှစ်ကို ထပ်စောင့်ရမှာပါ။


ဒီတော့ ကျွန်တော်တို့ သက်တမ်းမှာ နောက်ဆုံး မြင်ရမယ့် ကြုံတောင့်ကြုံခဲ အဖြစ်အပျက်ဟာ လာမယ့် ဇွန် ၅-၆ ရက်တွေမှာ ပေါ်ပေါက်လာပြီး မြောက်အမေရိက၊ ပစိဖိတ်၊ သြစတြေးလျနဲ့ အရှေ့အာရှ ဒေသတွေ ကနေ မျက်မြင်ဒိဌ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဒီနေ့ ဇွန် ၄ ရက်ဟာ လကြတ်မယ့် နေ့လည်း ဖြစ်နေပြန်တော့ ဒီတစ်ခါ သောကြာ နေကို ဖြတ်သန်းမှုဟာ ထူးကဲ ဆန်းပြားနေမလား တွေးတောမိပါတယ်။


ကမ္ဘာနဲ့ နေကြားကို သောကြာ ဖြတ်တာကတော့ ဟုတ်ပါပြီ၊ မိုးမရွာရင် တိမ်မထူရင် အခွင့်သင့်ရင် ကြည့်လိုက်ပါမယ်၊ အခွင့် မသင့်ရင်လည်း အွန်လိုင်းကနေ သူများ ရိုက်ကူးထားတာကို ကြည့်လိုက်ပါမယ်၊

သိချင်တာက ဗေဒင်အရ သောကြာ နေကို ဖြတ်သန်းတာကြောင့် ဘာတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ကျွန်တော် အပါအဝင် လူအများ သိချင်ကြမှာပါ။ ဒါနဲ့ ပတ်သက်လို့ နက္ခတ်ဗေဒင်ပညာရှင်တွေကလည်း ဟောကိန်းတွေ သူ့နည်းသူ့ဟန်နဲ့ ထုတ်ကြမှာပါ။ ကျွန်တော် ဖတ်မှတ်မိသလောက် သူတို့ ဟောကိန်း တွေကတော့...

အီဂျစ်စာတွေရဲ့ သင်္ကေတမှာ သောကြာဟာ The ankh ဆိုတဲ့ အသက်ဓာတ်ကို ပေးအပ်သူ ဖြစ်ပါတယ်၊ အာသာ ဆန္ဒ၊ လက်ခံ ရရှိမှုတွေကို ညွှန်းပါတယ်၊ နေဆိုတဲ့ တနင်္ဂနွေကတော့ မရှိမဖြစ် ရုပ်၊ နာမ် တည်မြဲစေမှု ပါဝါကို ကိုယ်စားပြုပါတယ်။ ဒီဂြိုဟ်နှစ်လုံး ပေါင်းစပ်မှုဟာ ယေဘုယျအားဖြင့် ချစ်ခြင်း မေတ္တာတရားကို ပြင်းပြင်းပျပျ လိုအပ်လာခြင်း၊ သာယာအေးချမ်းမှုကို လိုချင် တောင့်တလာခြင်းလို့ ဆိုပါတယ်။

ဒါပေမယ့် သတိထားရမှာက နေကို ဖြတ်မယ့် သောကြာဟာ ပုံမှန် မဟုတ်ဘဲ နောက်ပြန် Retrograde သွားနေတဲ့ ဂြိုဟ် ဖြစ်တဲ့အတွက် ကံစီမံရာ နာခံရမယ့် သဘောကို ပြဆိုနေပါတယ်။ နားလည်မှု တည်ဆောက်ရ ခက်ခဲပြီး အချင်းချင်းကြားမှာ လွဲမှားတဲ့ သံသယတွေ၊ အယုံအကြည် နည်းပါးမှုတွေ ဖြစ်တည်လာနိုင်တာပါပဲ။ ဒါတင်မကဘဲ သောကြာနဲ့ နေကို ထောင့်မှန်အမြင်နဲ့ မြင်ထားမယ့် အင်္ဂါ စစ်နတ်ဘုရားဂြိုဟ်ကြောင့်လည်း ချစ်ခြင်းကနေ အမုန်းတရားဆီ အလွယ်တကူ လှည့်ပြောင်းသွားစေ တတ်ပါတယ်။

အချစ်နဲ့ အမုန်းကြားမှာ ခါးသီးစွာ ပေါ်ပေါက်လာမယ့် ပဋိပက္ခတွေကို ကြုံဆုံရတတ်ပြီး များသော အားဖြင့်တော့ မေထုန်ရာသီ၊ ကန်ရာသီ၊ ဓနုရာသီ၊ မိန်ရာသီဖွားတွေမှာ အဓိက ဖြစ်ပျက်လာနိုင်ပါတယ်။ ဒါပေမယ့် မိဿ၊ သိဟ်၊ တူ၊ ကုမ်ရာသီဖွားတွေကတော့ ဘယ်လို ပြဿနာတွေ ဖြစ်ဖြစ် ကျော်လွှား ဖောက်ထွက်နိုင်မှာ ဖြစ်ပါတယ်။

ဖြစ်ချင်တော့ သောကြာရဲ့ ဖြစ်တောင့်ဖြစ်ခဲ နေကို ဖြတ်သန်းမှုဟာ မာယာပြက္ခဒိန်ပါ ကမ္ဘာပျက်ကိန်း ခေတ်စားနေတဲ့ ၂ဝ၁၂ ဒီနှစ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေပါတယ်။ မာယာအယူအဆရ ပြက္ခဒိန် လည်း အဆုံးသတ်တာ ကမ္ဘာပျက်တာ မဟုတ်ပေမယ့် ရုပ်ပိုင်း မဟုတ်တဲ့ နမ်ပိုင်း အတွေးခေါ် ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

ဂြိုဟ်တွေရဲ့ သွားလာလည်ပတ်ပုံအရ သောကြာဂြိုဟ် နေနဲ့ ကမ္ဘာကြား ဖြတ်သန်းချိန် ရာသီဟာ နှစ်ခုပဲ ရှိပါတယ်။ ဒါကတော့ မေထုန်နဲ့ ဓနုရာသီခွင်တွေ ဖြစ်ပြီး အခု ဇွန်လမှာတော့ မေထုန်ရာသီထဲ ဖြတ်သန်းမယ့် အလှည့်ပါ။ သဘောက နတ်ဘုရားတွေနဲ့ လူသားတွေကြားက စေတမန်နတ်သား ဗုဒ္ဓဟူးပိုင် ရာသီမို့လို့ ဆက်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးပိုင်းမှာ ထူးကဲတဲ့ အဖြစ်အပျက်တွေ ပေါ်လာနိုင် ပါတယ်။ အလှည့် အပြောင်းကြီးတွေ ဖြစ်လာဖွယ် ရှိပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာ ဟောကိန်းတစ်ခု ဖြစ်ပါတယ်။

ကိုင်းးး တွေ့သမျှ မြင်သမျှ ဟောကိန်းတွေ၊ အယူအဆတွေ ပြန်တင်ပြနေလို့ကတော့ ဆုံးမယ် မထင်ဘူး။ အနောက်တိုင်း ရာသီခွင်မှာ မေထုန်ရာသီ ရောက်နေပေမယ့် အရှေ့တိုင်းမှာက ပြိဿမှာပဲ တည်နေတဲ့ သောကြာဟာ သူများတွေအတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်တော့ နှလုံးသား အကြည်ဓာတ်ကို ဖန်ဆင်း ပေးနေတာ အသေချာပါပဲ။ သောကြာ နေကို ဖြတ်အပြီး၊ နောက်ပြန်သွားရာက အတည့်ပြန်ချိန် အဲဒီ အကြည်ဓာတ်ကလေး ခန်းခြောက်သွားမှာကိုလည်း စိုးရိမ်တကြီးနဲ့ ဆုပ်ကိုင်ထားမိပါရဲ့။

1 comment:

Mandalar.Net said...

မခန်းချောက်သွားစေချင်ရင် ရေလေးစွတ်ထားလိုက်လေ ကိုရန်းဂန်း