Friday, July 6, 2012

ကိုယ်တွေ့အံ့ဖွယ်ပုဂ္ဂိုလ်များ (၂)

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က မြစ်ဝကျွန်းပေါ်ဒေသတစ်ဝိုက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး အဲဒီတုန်းက အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ဆည်းကပ်ခဲ့ရတဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက်အကြောင်း ကျွန်တော် မှတ်မိ သမျှ ချရေးလိုက်ပါတယ်။

သူ့အကြောင်း သိသမျှတော့ ရေးဦးမယ်လို့ တေးထားခဲ့တာ ကြာပါပြီ။ မနှစ်ကပဲ သူ့အကြောင်း တစ်စွန်း တစ်စကို ဂမ္ဘီရမဂ္ဂဇင်းမှာ ဝထ္ထုတိုတစ်ပုဒ်အဖြစ် ရေးသား တင်ဆက်ထားတာ ဖတ်လိုက်ရပါ သေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က မြစ်ဝကျွန်းပေါ်ဒေသတစ်ဝိုက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး အဲဒီတုန်းက အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ဆည်းကပ်ခဲ့ရတဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက်အကြောင်း ကျွန်တော် မှတ်မိ သမျှ ချရေးလိုက်ပါတယ်။

သူငယ်စဉ်တုန်းက ချောင်းထဲ၊ မြစ်ထဲ တမင်ပဲ ဖြစ်ဖြစ်၊ မတော်တဆပဲ ဖြစ်ဖြစ် လွှတ်ပစ်လိုက်တဲ့ နာရီ၊ ဆွဲကြိုး၊ လက်စွပ်တွေကို ခဏချင်း ရေငုပ် ရှာဖွေနိုင်ခဲ့တယ်။ လူက ကျပ်မပြည့်တဲ့ ပုံစံနဲ့ ကလေးဆိုးကြီးလို ဖြစ်နေတော့ သူများ ညာခိုင်းသမျှလည်း ခံရတယ်။ သူ့အစွမ်းကို သိသူတွေကတော့ ရေထဲကို တိုလီမုတ်စ ပစ္စည်းတွေ ပစ်ချပြီး တမင် ပညာစမ်းလေ့ ရှိကြတယ်။ မသိသေးသူတွေကို လက်တွေ့ပြချင်တာလဲ ပါတာပေါ့။ ဒီလိုနဲ့ သူ ကြီးပြင်းလာခဲ့တယ်။

သူဘယ်တွေ သွားခဲ့တယ်။ ဘာတွေ ကျင့်ကြံအားထုတ်ခဲ့တယ်။ ဘယ်သူတွေနဲ့ ဆုံခဲ့တယ် ဆိုတာတွေ ကိုတော့ သူ့တပည့် သားမြေးတွေကသာ သိနိုင်ပါလိမ့်မယ်။ အခု ကျွန်တော် သိသလောက် မြင်ခဲ့ သလောက် သူ့အစွမ်းတွေကိုပဲ ပြောပြချင်ပါတယ်။

သူနဲ့ ကျွန်တော် ဆုံတော့ ကျွန်တော်က တက္ကသိုလ်ဝင်တန်း ဖြေခါနီး။ ကျူရှင်မှာ ခင်မင်မိတဲ့ အစ်ကိုကြီး တစ်ယောက်က သူတို့ မိသားစုဆီ ဘိုးတော် ကြွလာတယ်တဲ့။ ထောင်ထောင်မောင်းမောင်းနဲ့ ဝဝဖိုင့်ဖိုင့် ၊ ကတုံးဆံပင်ပေါက် ကေနဲ့ပါ။ ဘိုးတော်နာမည်က "ဂျာအေး" တဲ့။ ကောင်းရော။ တခြား ဘိုးတော်တွေက သိဒ္ဓိတွေ၊ မဟိဒ္ဓိတွေ၊ အောင်တွေ၊ ခေါင်တွေ ပါတဲ့ နာမည်အမျိုးမျိုးနဲ့ လုပ်စားနေကြပေမယ့် ဒီဘိုးတော် ကျတော့ ဘယ့်နှယ် ဂျာအေး ဖြစ်နေပါလိမ့် ဆိုတဲ့ အတွေးနဲ့ စိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပဲ ဘိုးတော်ဂျာအေး စံမြန်းရာ အဲဒီအစ်ကိုတွေ အိမ်ကို ရောက်တယ်။ ဘိုးတော်က ထုံးစံအတိုင်း ခေါင်းရင်းမှာပဲ ထိုင်နေတယ်။ ထူးဆန်းတာက တခြား ဘိုးတော်တွေလို စကားကြီးစကားကျယ် မစားရဝခန်းတွေ လျှောက်ပြောမနေဘဲ နားအေးပါးအေး သူ့ဖာသာ ထိုင်နေတာပါပဲ။ ထိုင်နေပုံကလည်း ကလေးကြီး တစ်ယောက်လိုပါ။ အကျီအဖြူနဲ့ ပုဆိုးကွက်တုံးကြီး ဝတ်ထားပေမယ့် စမတ်မကျ ဟန်မထွားဘဲ ဘိုသီဘတ်သီ ဖြစ်နေပါတယ်။ စကားလည်း နည်းလှပါတယ်။ ဘိုးတော်ရဲ့ ထူးခြားမှုကတော့ ထမင်းဟင်း အစားအသောက်ကောင်းမှန်သမျှ အားပါးတရ အုပ်တာပါပဲ။

ဘိုးတော်တွေ အလွန် ခေတ်စားဆဲ ကာလမို့ အိမ်နီးပါးချင်းသာမကဘဲ တခြားလူပေါင်းစုံပါ အဲဒီအိမ်ပေါ် ရောက်နေပါတယ်။ လူတွေကလည်း ဘိုးတော် ဘာလုပ်ပြမလဲပဲ ပြူးပြဲ ငေးမော နေကြပါတယ်။ ဘလိုင်းချည်း ကြည်ညိုသူတွေကတော့ လက်အုပ်လေး တချီချီပေါ့။ ကျွန်တော်ကတော့ အလကားနေ လက်အုပ်ချီလေ့ မရှိတာကြောင့် ဒီဘိုးတော် ဘာလုပ်ပြမလဲ ဆိုတာကိုပဲ စိုက်ကြည့်နေမိပါတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ ကျူရှင်အတူ တက်နေကျ အစ်ကိုကြီးကို ဘိုးတော်က ဟေ့ စနေသား ခဏ လာဦးကွ ဆိုပြီး ခေါ်တယ်။ ပြီးတော့ မင်းအတွက် လက်ဆောင်ပေးမယ် ဆိုပြီး လေထဲကို လက်ဝှေ့ယမ်း လိုက်ပါတယ်။ ဝှေ့လိုက်တဲ့ လက်ကို ဆုပ်ထားပြီး တအောင့်အကြာမှာ ဖြေပြလိုက်တော့ စိန်ကွပ်ထားတဲ့ လက်စွပ်တစ်ကွင်း ပေါ်ထွက်လာပါတယ်။ ဝိုင်းကြည့်နေတဲ့ လူတွေလည်း ဟယ်ခနဲ ဟင်ခနဲ ဖြစ်ကုန် တာပေါ့။ ကျွန်တော်လည်း မျက်လုံး အဝိုင်းသား ဖြစ်သွားပါတယ်။ သူ့ဟာက ရှင်းလွန်းတာကိုး။ လေထဲကို လက်တစ်ချက် ဝှေ့ပြတယ်။ စတည်းက ဘာမှ မရှိတဲ့ လက်ဖဝါးထဲကို လက်စွပ်တစ်ကွင်း ရောက်လာတယ်။ ရှင်းပါတယ်။

အစ်ကိုကြီးနဲ့ သူ့မိဘတွေ ပြောပြချက်အရ လက်စွပ်ဟာ ရွှေအစစ် ဖြစ်ပြီး စိန်ကတော့ အရည်အသွေး သင့်ပါသတဲ့။ သူ့လိုပဲ ဘိုးတော်ရဲ့ တခြားတပည့်တွေလည်း အဲသလို လက်စွပ်တွေ ရံဖန်ရံခါ ရတတ် ပါသတဲ့။ သိုက်ထဲကနေ ယူပေးတာလို့လည်း ပြောဆိုကြပါတယ်။ ကျွန်တော့် မျက်စိထဲ ဘိုးတော်ဂျာအေး လုပ်သွားပုံက ရှင်းလွန်းပေမယ့် မသင်္ကာတော့ ဖြစ်နေပါသေးတယ်။ မျက်လှည့်လား၊ မျက်လှည့်ဆိုရင် ဘာလို့ အစစ်တွေ ပေးတာလဲ။ နောက်မှ အချီကြီး ရိုက်ချင်လို့လားနဲ့ စပယ်ရှယ်ကို စဉ်းစားခန်း ဝင်မိ ပါတယ်။

နောက်တော့ ကျွန်တော့်ရဲ့ ကျူရှင်ဆရာကလည်း ဂမ္ဘီရဝါသနာရှင် ဖြစ်တဲ့အလျောက် ဘိုးတော်ဂျာအေးကို အိမ်ခေါ် ပင့်ပါတယ်။ ဘိုးတော်ကလည်း ကြွလာပါတယ်။ ဒီတစ်ခါတော့ တပည့်တပန်းတွေ အုံလိုက် ကျင်းလိုက် ပါမလာဘဲ တစ်ယောက်တည်း ဆိုက်ကားစီး ထွက်လာပါတယ်။ ကျွန်တော်တို့ မြို့ထဲမှာ ဘိုးတော်ကို လိုက်ပို့ချင်တဲ့ ဆိုက်ကားဆရာတွေ တန်းစီနေတာပါပဲ။ တခြား မဟုတ်ပါဘူး ဘိုးတော် တက်စီး သွားတဲ့ ဆိုက်ကားဟာ လာဘ်ပွင့်တယ်၊ ကံကောင်းတယ်လို့ ယူဆကြလို့ပါပဲ။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ ကျူရှင်ဆရာ၊ ဘိုးတော်နေထိုင်တဲ့ အိမ်က အစ်ကိုကြီးတို့ဟာ ဘိုးတော်ဂျာအေးနဲ့အတူ ခရီးတစ်ခု ထွက်ကြပါတယ်။ ဘုရားဖူးခရီးလို့ ကျွန်တော် မှတ်မိပါတယ်။ အဲဒီခရီးစဉ်က အပြန်မှာ ကျွန်တော့် ဆရာသမားရဲ့ ဘိုးတော်ဂျာအေးအပေါ် ယုံကြည်လေးစားမှုကတော့ အံ့မခန်း တိုးတက်လာခဲ့ပါတယ်။

သူက ပြောပြပါတယ်။ "ဇလွန်ဘက်ကို ဒို့တွေ ရောက်တော့ ဘိုးတော်ဂျာအေးက ငါ့ကို အသာလေး လှမ်းခေါ်တယ် ဘုရားစေတီတွေ ကြားမှာ သူနဲ့ငါ သွားလာနေရင်း ခင်ဗျား ကိုးကွယ်ဖို့ ဘုရားတစ်ဆူ ပေးမယ် ဆိုပြီး လမ်းလျှောက်နေရင်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်တာ လက်ထဲမှာ ငါးလက်မအရွယ် ဘုရားဆင်းတုလေး ပါလာတယ်" တဲ့။ ပြောပြောဆိုဆိုနဲ့ ဆရာက သူရလာတဲ့ ဘုရားဆင်းတုလေးကို ပြပါတယ်။ ထူးခြားတဲ့ သစ်တစ်မျိုးနဲ့ ထုပြီး သစ်စေးရည် သုတ်ထားတဲ့ သာမန်လက်ရာ ဘုရားတစ်ဆူပါ။ ဘိုးတော်က သိုက်ထဲကနေ ယူပေးတာလို့လည်း ဆရာသမားက ပြောပါတယ်။

ဘိုးတော်ဂျာအေးနဲ့ ရင်းရင်းနှီးနှီး ပတ်သက်သူ တော်တော်များများဟာ အဲသလိုပဲ သိုက်ထဲက ဆိုတဲ့ လက်စွပ်တွေ၊ ဘုရားဆင်းတုတွေ ရရှိကြပါတယ်။ အဲသလို ယူပေးတဲ့အခါတိုင်း ဘိုးတော်ဂျာအေးဟာ လက်ကို လေထဲ တစ်ချက် ဝှေ့လိုက်ရုံနဲ့ ပါလာတာကတော့ သူ့အစွမ်းပါပဲ။ လက်စွပ်လို သေးသေးမွှားမွှားက မျက်လှည့်အနေနဲ့ ပြနိုင်ပေမယ့် ဘုရားဆင်းတုတွေ တောက်လျှောက် ယူယူပြတာကတော့ နည်းနည်း သဘာဝလွန်မလား စဉ်းစားမိပါတယ်။

ခုနေများ ဘိုးတော်ဂျာအေးနဲ့ ပြန်ဆုံရင် ကျွန်တော့်လဲ သိုက်ထဲကနေ Tablet တစ်လုံးလောက် ယူပေးဦးဗျ ဆိုပြီး တောင်းဖြစ်မလားပဲ။ ခုတော့ မဖြစ်နိုင်တော့ပါဘူး။ ဘိုးတော်ဂျာအေးဟာ လွန်ခဲ့တဲ့ ရှစ်နှစ် နာမည် အကြီးဆုံး ဘုန်းတန်ခိုးအတက်ဆုံး ကာလမှာပဲ တပည့်အပေါင်းအပါတွေနဲ့ ခရီးသွားနေတုန်းမှာ ရုတ်တရက် ဦးနှောက် သွေးကြော ပြတ်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ နောက်ဆုံး ကြားသိရပါတယ်။ သူပြောပြောနေကျ သိုက်ကပဲ သူ့ကို ပြန်ခေါ်သွားသလား၊ အစားအသောက် ကြမ်းလွန်းလို့ပဲ ဥတုအာဟာရ မကိုက်ညီလို့ အရွယ်ကောင်းမှာ လွင့်ကြွေသွားသလားဆိုတာ သူပဲ သိနိုင်ပါလိမ့်မယ်။

ကျွန်တော် မနှစ်က ရေးခဲ့တဲ့  ကိုယ်တွေ့အံ့ဖွယ်ပုဂ္ဂိုလ်များ (၁) ကိုလည်း စိတ်ဝင်စားသူများ လှည့်ဖတ်သွား နိုင်ပါတယ်။

3 comments:

nilar said...

I like it ,Thank you for share.

မင်းညို said...

အဲဒီလိုဘိုးတော်တစ်ယောက် မန္တလေးအနီးတ၀ိုက်မှာ အခုရှိတယ်ဗျ...မင်းကွန်းဦးဇင်းတစ်ပါးကို သူ့တပည့် သူဌေးတွေ ကျောင်းဆောက်လှူသွားတာ အတော်ဟုတ်တယ်

မင်းညို said...

အဲဒီလိုပုဂ္ဂိုလ်ဆန်းတစ်ယောက် ဦးစီးပြီး လှူသွားတဲ့ ရွာက ဦးဇင်းလေးကျောင်းကိုရောက်သွားတော့ အဲဒီလိုဘိုးတော်အကြောင်းသိခဲ့ရတယ်...သွားတွေ့မလားလို့...ဗျာ..မန္တလေးနားမှာပဲအဲဒီဘိုးတော်နေတယ်