Friday, August 24, 2012

ဝဲယာတိုင်များမှ ပြောသော န၀င်းအားများ

မြန်မာပြည်က ထွက်သမျှ ဆန်းကျမ်းတွေထဲမှာ ကျိန်းသေပေါက် မတွေ့နိုင်တဲ့ အယူအဆ တစ်ရပ်ကို ဖော်ထုတ် တင်ပြထားပါတယ်။ မူရင်း ရေးသားသူက ဆရာဇေယျာမောင် ဖြစ်ပြီး ကျွန်တော်က တစ်ဆင့် တင်ပြရုံ ဖြစ်ပါတယ်။ မြန်မာ့ဆန်းကျမ်းဗေဒင်ကို ချစ်မြတ်နိုးသူတိုင်း အလေးအနက်ထား ဖတ်ရှုလေ့လာသင့်ပါတယ်။ ဖတ်ပြီးမှ ဒါ ငါသိပြီးသားပါ ဆိုပြီး လေကျယ်မယ် ဆိုရင်တော့ ပညာရပ်ဆိုင်ရာ အစောင့်အရှောက်တွေက နာရင်းလာအုပ်ပါလိမ့်မယ်။

ဆန်းဗေဒင်ပညာတွင် မူလဇေယျတိုင်နှင့် ကောဇာဇေယျတိုင် နှစ်တိုင်ကြားတွင် ဆန်းကျင်ဂြိုလ်တစ်လုံး ရှိနေသည်။ ထိုဆန်းကျင်ဂြိုဟ်သည် ထူးခြားဆန်းကျယ်စွာ ဆိုးကျိုးကို ပေးတတ်သော်လည်း တစ်ခါတရံ ကောင်းကျိုးကို ပေးတတ်ကြောင်းကို ဆန်းဗေဒင်ဆရာများ သိရှိပြီးဖြစ်သည်။ ထိုဆန်းကျင်ဂြိုလ်သည် ဗေဒင်မေးသူအား မည်သို့ မည်ပုံ ဆိုးကျိုးကောင်းကျိုး ပေးမည်ကို ဆရာများက အထူးသတိထား ကြည့်လေ့ရှိသည်။

လူတစ်ဦး၏ မွေးဖွားချိန်တွင် တည်ရှိနေသော မူလဇေယျတိုင်ကို တစ်နည်းအားဖြင့် မူလနာမက္ခရတိုင်၊ မူလ၀ဲယာတိုင် ဟုလည်း ခေါ်သည်။ နာမက္ခရအဟောပညာရပ်တွင် မူလနာမက္ခရတိုင်သည် အရေးကြီးသော အင်္ဂါရပ် တစ်ပါးအဖြစ်လည်း ပါဝင်သည်။ လက်ရှိရောက်ဆဲနှစ်တွင် တည်ရှိနေသော ကောဇာဇေယျတိုင်ကို ကောဇာဝဲယာတိုင်ဟု ခေါ်သည်။

ဝဲယာတိုင်ဟူ၍ သုံးစွဲရခြင်းမှာလည်း ဂြိုလ် ၇ လုံးသည် ၀ဲဘက်၊ ယာဘက် အညီအမျှစီ နေရာယူ ရပ်တည်နေသောကြောင့် ဖြစ်သည်။ ၀ဲယာတိုင်ရှိ တိုင်ထိပ်ဂြိုလ်ကမူ လက်ဝဲဘက်ရော လက်ယာဘက်ပါ နှစ်ဘက် စလုံးနှင့် သက်ဆိုင်သည်။

မူလ၀ဲယာတိုင် နှင့် ကောဇာဝဲယာတိုင်တို့သည်လည်း မူလဇေယျတိုင်နှင့် ကောဇာဇေယျတိုင်တို့ နည်းတူ ဆန်းကျင်ဂြိုလ် ရှိသည်။ သို့သော် ထိုဆန်းကျင်ဂြိုလ်သည် ဇေယျတိုင်ကဲ့သို့ တစ်လုံးတည်း ရှိနေသည် မဟုတ်၊ တစ်လုံးတည်း ဖြစ်နိုင်သလို သုံးလုံး၊ ငါးလုံးအထိ  ရှိနိုင်သည်။ ထိုဆန်းကျင်ဂြိုဟ်များကို ၀ဲယာ ဆန်းကျင်ဂြိုဟ်ဟု ခေါ်သည်။





































မူလ၀ဲယာတိုင်                   ကောဇာဝဲယာတိုင်

အထက်ပါ မူလ၀ဲယာတိုင်တွင် ၀ဲဘက်ရှိ ၃ သည် ကောဇာဝဲယာတိုင်တွင် ယာဘက်သို့ ရောက်ရှိနေသောကြောင့် ၀ဲယာဆန်းကျင်ဂြိုဟ် ဖြစ်နေသည်။ တိုင်ထိပ်သို့ ရောက်နေသော  ဂြိုဟ်များသည် ၀ဲယာနှစ်ဘက်စလုံးနှင့် သက်ဆိုင်သောကြောင့် ၀ဲယာဆန်းကျင်ဂြိုဟ် မဖြစ်ပါ။ ၃ မှတစ်ပါး အခြားဂြိုဟ်များသည် ၀ဲဘက်၊ ယာဘက်တွင် နေမြဲအတိုင်း ရှိနေသောကြောင့် ၀ဲယာဆန်းကျင်ဂြိုဟ် မဖြစ်ပါ။ ဤနမူနာသည် ၀ဲယာဆန်းကျင်ခြင်း ဂြိုဟ် တစ် လုံးသာရှိသည်။







































မူလ၀ဲယာတိုင်                   ကောဇာဝဲယာတိုင်


အထက်ပါ မူလ၀ဲယာတိုင်တွင် ၀ဲဘက်ရှိ ၆ သည် ကောဇာဝဲယာတိုင်တွင် ယာဘက်သို့ ရောက်ရှိနေခြင်း၊ ယာဘက်ရှိ ၅ နှင့် ၀ သည် ကောဇာဝဲယာတိုင်တွင် ၀ဲဘက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ၀ဲယာ ဆန်းကျင်ဂြိုဟ်များ ဖြစ်နေသည်။ ဤနမူနာသည် ၀ဲယာဆန်းကျင်ခြင်း ဂြိုဟ်သုံးလုံးအထိ ရှိသည်။







































မူလ၀ဲယာတိုင်                  ကောဇာဝဲယာတိုင်


အထက်ပါ မူလ၀ဲယာတိုင်တွင် ၀ဲဘက်ရှိ ၁ နှင့် ၆ သည် ကောဇာဝဲယာတိုင်တွင် ယာဘက်သို့ ရောက်ရှိနေခြင်း၊ ယာဘက်ရှိ ၂၊ ၅ နှင့် ၀ သည် ကောဇာဝဲယာတိုင်တွင် ၀ဲဘက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် ၀ဲယာ ဆန်းကျင်ဂြိုဟ်များ ဖြစ်နေသည်။ ဤနမူနာသည် ၀ဲယာဆန်းကျင်ခြင်း ဂြိုဟ် ငါးလုံးအထိ ရှိသည်။

ဝဲယာဆန်းကျင်ဂြိုဟ် တစ်လုံးထက် သုံးလုံးက ပို၍ ရိုက်ခတ်မှု များနိုင်သည်။ ၀ဲယာဆန်းကျင်ဂြိုဟ် သုံးလုံးထက် ငါးလုံးက ပို၍ ပို၍ ရိုက်ခတ်မှု များနိုင်သည်။ ၀ဲယာဆန်းကျင်ဂြိုဟ် များလေလေ ကာယကံရှင် အတွက် ရိုက်ခတ်မှု ပိုများလေလေ နှစ်တစ်နှစ်ဟု အကြမ်းဖျဉ်း သုံးသပ်နိုင်သည်။

ပို၍ ဆိုရသော် ၀ဲယာဆန်းကျင်ဂြိုဟ်များသည် မွေးနံဂြိုဟ်၊ အမြစ်ဂြိုဟ်၊ အညွန့် ဂြိုဟ်၊ အာယုဂြိုဟ်၊ ဓါတ်ဂြိုဟ်များ ဖြစ်နေပါက ကာယကံရှင်အတွက် ဆိုးကျိုးများ ကျရောက်လာဖွယ်ရာ ရှိနေခြင်းကို ညွှန်ပြနေသည်။


မိမိအနေဖြင့် မိမိလေ့လာသိရှိထားသော ရိုးရှင်းသည့် လျှို့ဝှက်ချက်တစ်ခုကို ဆက်လက် ရေးပြလိုပါသည်။ ဤလျှို့ဝှက်ချက်လေးသည် မည်သည့် ဆန်းကျမ်းစာအုပ်တွင်မျှ ရေးသားဖော်ပြခဲ့ခြင်း မရှိသေးဟု ယူဆမိသောကြောင့် ဆန်းကျမ်းဗေဒင်ချစ်သူများအား မျှဝေပေးလိုက်ပါသည်။


နမူနာပြထားသော ပထမ ၀ဲယာတိုင်နှစ်တိုင်ကို ကြည့်ပါ။ တိုင်ထိပ်ရှိ ၄ နှင့် ၂ သည် ဆပွတ်၊ တြိရန်း အပြန်အလှန်ဖြစ်နေသည်။ ထိုအချိန်တွင် ဂြိုဟ်တစ်လုံးသာ ၀ဲယာဆန်းကျင်နေသည်။


နမူနာပြထားသော ဒုတိယ ၀ဲယာတိုင်နှစ်တိုင်ကို ကြည့်ပါ။ တိုင်ထိပ်ရှိ ၄ နှင့် ၁ သည် ပဉ္စပွတ်၊ စတုရန်း အပြန်အလှန်ဖြစ်နေသည်။ ထိုအချိန်တွင် ဂြိုဟ်သုံးလုံးအထိ ၀ဲယာဆန်းကျင်နေသည်။


နမူနာပြထားသော တတိယ ၀ဲယာတိုင်နှစ်တိုင်ကို ကြည့်ပါ။ တိုင်ထိပ်ရှိ ၄ နှင့် ၃ သည် အမြစ်၊ အညွန့် အပြန်အလှန် ဖြစ်နေသည်။ ထိုအချိန်တွင် ဂြိုဟ်ငါးလုံးအထိ ၀ဲယာဆန်းကျင်နေသည်။


မူလနှင့်ကောဇာ ဆပွတ်တြိရန်းဝဲယာတိုင်၊ ပဉ္စပွတ်စတုရန်းဝဲယာတိုင်၊ အမြစ်အညွန့် ဝဲယာတိုင်တို့ ထဲတွင် ဂြိုဟ်အများဆုံး ၀ဲယာဆန်းကျင်နေသောတိုင်မှာ အမြစ်အညွန့် ဝဲယာဆန်းကျင်တိုင်သာ ဖြစ်သည်။


အတုလဆရာတော်ခင်ကြီးဖျော်၏ အင်္ဂ၀ိဇ္ဇာကျမ်းရင်းကြီးတွင် အမြစ်အညွန့် မတွန့်စေရဟု လမ်းညွှန် သင်ပြခဲ့ခြင်းနှင့် ဆက်စပ် စဉ်းစားကြည့်ပါက ကံတရား အလှည့်အပြောင်းတွင် အမြစ်အညွန့်သည် ကျန်န၀င်းတွဲ နှစ်ခုထက် ပို၍ အရေးကြီးကြောင်း အဖြေတစ်ခု ရလာပါသည်။


လက်ဆန်းဗေဒင်၏ အနှစ်သာရတစ်ခု ဖြစ်သော ဆပွတ်တြိရန်းတွဲ၊ ပဉ္စပွတ်စတုရန်းတွဲ၊ အမြစ်အညွန့်တွဲများ ထဲတွင် မည်သည်က မည်သည့်ပုံစံဖြင့် မည်မျှအထိ ဆိုးကျိုး သို့မဟုတ် ကောင်းကျိုးပေးနိုင်ကြောင်းကို အတွေးဖြန့်၍ ဆင်ခြင်ကြံဆနိုင်ကြပါစေ။

ဇေယျာမောင်

No comments: