Wednesday, September 19, 2012

လွမ်းရတဲ့သူတွေ (မင်းသိင်္ခ)

ဆရာမင်းသစ်နဲ့ ဆရာမင်းသိင်္ခကြားက အမှတ်တရတွေ ရှိပါသေးတယ်။ ဒီထဲမှာ ဆရာမင်းသိင်္ခက မင်းသစ် (ဘုရင်သစ်၊ အုပ်ချုပ်သူအသစ်၊ အစိုးရသစ်) ပေါ်တော့မှာ၊ နောက်ပြီး သူ ထောင်ထဲ ဝင်ရတော့ မှာကို တွက်ချက် သိရှိထားတဲ့အတွက် ယတြာချေတဲ့အနေနဲ့ သူ့ရဲ့ စာပေလုပ်သားကဒ်ကလေးကို မူလဖွားရာဇာတိ မအူပင်မှာ မီးရှို့ပြီး မြစ်ထဲ မျှောခိုင်းခဲ့ပါတယ်။


လွန်ခဲ့သော ၂၄ နှစ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက်။ ၁၉၈၈ သြဂုတ်လ တတိယရက်သတ္တပတ်၏ တစ်ခုသော
ရက်။


မြန်မာပြည်တဝှမ်းလုံး ထိုအစိုးရထံမှ ဒီမိုကရေစီနှင့် အပြောင်းလဲ တစ်စုံတစ်ရာကို တောင်းဆိုနေကြချိန်။


ကျွန်တော်တို့ စာရေးဆရာ၊ ကဗျာဆရာတစ်စုသည်လည်း မိုးဖွဲဖွဲလေးအောက်တွင်၊ ဆေးရုံကြီးရှေ့၌ စုဝေးမိကြပါပြီ။

ရန်ကုန်တစ်မြို့လုံး အုက်အုက်ကျက်ကျက်။


ကျွန်တော်က ကဗျာဆရာအစုအဖွဲ့တွင် ပါဝင်ပါသည်။ အံ့သြစရာကောင်းသည်မှာ ဘက်ဆဲလား ဝထ္ထုရေးဆရာများ ဖြစ်ပါလျက် စာရေးဆရာအစုအဖွဲ့ထဲ မပါဘဲ၊ ကဗျာဆရာတွေနှင့် လာပေါင်းသူ ၂ ဦး ရှိပါသည်။


မင်းသိင်္ခနှင် မောင်စိန်ဝင်း (ပုတီးကုန်း)


မိုးစဲသွားသည်နှင့်...


"ကဲ၊ ထွက်မယ်၊ ထွက်မယ်။

နှစ်ယောက်တစ်တွဲစီ တန်းစီကြ" အဖွဲ့ခေါင်းဆောင် မောင်းစိမ်းနီက ဆော်သြသည်။


ဆရာမင်းသိင်္ခက


"နေကြဦး၊ နေကြဦး။ မောင်စိမ်းနီ၊ ဒီကိုလာပါဦး"


မောင်စိမ်းနီတစ်ယောက် ဇဝေဇဝါဖြင့် ရောက်လာသည်။


"ဘာဖြစ်လို့လဲဟ"


"နင့်လက်ဝါး ဖြန့်ပြစမ်း"


"ဘာ"


ယောင်တောင်တောင်ဖြင့် မောင်စိမ်းနီက လက်ဝါးလေး ဖြန့်ပြရှာသည်။


"အင်း၊ နင်က ဥပစ္ဆေဒကံနဲ့ သေဖို့ လက္ခဏာ မပါဘူး။ ဒီတော့ နင် ရှေ့ကတက်"


အုန်းခနဲ ရယ်သံကြီး ထွက်လာသည်။

မောင်စိမ်းနီကား သူ့ကို မေတ္တာပို့၍ မဆုံး။


သူကတော့ ပြုံးစေ့စေ့ဖြင့်သာ...


ဒါကတာ့ ဆရာမင်းသစ်ရဲ့ "လွမ်းရတဲ့သူတွေ" စာအုပ်ထဲမှာ ပါတဲ့ ဆရာမင်းသိင်္ခအကြောင်း အမှတ်တရထဲက အဖြစ်အပျက်တစ်ခုပါ။ လွမ်းရတဲ့သူတွေ စာအုပ်ကို ၂ဝဝ၈ ခုနှစ်က စပြီး မဟေသီမဂ္ဂဇင်းမှာ လစဉ် ဖော်ပြခဲ့ရာက လုံးချင်းအဖြစ် ထွက်လာတာပါ။ ဒီထဲမှာမှ ဆရာမင်းသိင်္ခနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်လေးတစ်ခုကို ကျွန်တော်က တစ်ဆင့် တင်ပြလိုက်တာ ဖြစ်ပါတယ်။


စာစုထဲမှာ ဆရာမင်းသစ်နဲ့ ဆရာမင်းသိင်္ခကြားက အမှတ်တရတွေ ရှိပါသေးတယ်။ ဒီထဲမှာ ဆရာမင်းသိင်္ခက မင်းသစ် (ဘုရင်သစ်၊ အုပ်ချုပ်သူအသစ်၊ အစိုးရသစ်) ပေါ်တော့မှာ၊ နောက်ပြီး သူ ထောင်ထဲ ဝင်ရတော့ မှာကို တွက်ချက် သိရှိထားတဲ့အတွက် ယတြာချေတဲ့အနေနဲ့ သူ့ရဲ့ စာပေလုပ်သားကဒ်ကလေးကို မူလဖွားရာဇာတိ မအူပင်မှာ မီးရှို့ပြီး မြစ်ထဲ မျှောခိုင်းခဲ့ပါတယ်။


"ခင်ဗျား နားမလည်ပါဘူးဗျာ။ ကျုပ်တို့ရဲ့ ပညာပိုင်းနည်းစနစ်တွေပါ။ မအူပင်က ကျုပ်ရဲ့ ဇာတိဗျ။ အဲဒီကိစ္စကို မအူပင်သားတွေတောင် သိကြမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျုပ်ရဲ့ ဇာတိ မအူပင်မှာ မင်းသိင်္ခကို မင်းသစ်က မီးရှို့ပြီး မြစ်ထဲ မျှောပစ်ရမယ်။ ခံရမှာကတော့ သေချာပေါက်ပဲ။ ဒါပေမယ့် ဒီယတြာကြောင့် ငါးဆယ်ရာခိုင်နှုန်း သက်သာမယ်"


သိကြတဲ့အတိုင်း ဆရာမင်းသိင်္ခ အထဲ ရောက်သွားပါတယ်။ ဒါပေမယ့် (ကျွန်တော် မှတ်မိသလောက် သိထားသလောက်) တစ်သက်တစ်ကျွန်း ကျမယ့်ဟာ မကျဘဲ ချုပ်ကြီးသန်းရွှေ တက်လာ ချိန်မှာ ပြန်လွတ်လာ ခဲ့ပါတယ်။ ယတြာ စွမ်းခဲ့တယ်လို့ ဆိုရမှာပါ။


စာရေးသူ ဆရာမင်းသစ် ကိုယ်တိုင်ကလည်း နောင်တွင် သူ့ဟောကိန်းအတိုင်း အတိအကျ ဖြစ်လာခဲ့၏ သူပြောသလိုပင် သူလည်း ငါးဆယ်ရာခိုင်နှုန်းမက သက်သာရာရခဲ့၏ လို့ ဖော်ပြခဲ့ပါတယ်။


ဒီအကြောင်းကို စာအုပ်ထဲက ပြန်ထုတ်နုတ် ရေးပြတာ တခြားမဟုတ်ပါဘူး။ အဘမင်းသိင်္ခကို တချို့သော ဆရာအမည်ခံတွေက ဘာမှ မတတ်ပါဘူးကွာ၊ အလကားပါ၊ ဖိန့်ထုတ်တာပါ စသည်ဖြင့် ကွယ်လွန်ပြီးချိန်ထိ ပုတ်ခတ်လို့ မဆုံး၊ ကြုံရင် ကြုံသလို ဆော်လို့ မဆုံး ဖြစ်နေတဲ့အတွက် မင်းသိင်္ခ ဘာလဲ။ စာရေးကောင်းလို့ ကျော်တာလား။ တကယ်တတ်လို့ ကျော်ခဲ့တာလား ဆိုတာ ကွဲပြားအောင် ထပ်ရှင်းလိုက်တာပါ။


တစ်ခုတော့ ရှိပါတယ်။ အဘမင်းသိင်္ခဟာ လူပါ။ လူသားပီပီသသ နေထိုင်သွားတဲ့ မဟာလူသားစာရင်းဝင် တစ်ဦးပါ။ ဒိတ်ဒိတ်ကြဲတွေမှာ တော်တဲ့အချက်တွေ များသလို ရှော်တဲ့အချက်တွေလည်း ရှိပေမယ့် သူဆိုင်ရာ နယ်ပယ်မှာ တော်လို့ ကျော်ခဲ့တယ်ဆိုတာ ပြောလိုက်ပါရစေ။


(မှတ်ချက်- ဆရာမင်းသိင်္ခနဲ့အတူ အရေးအခင်းမှာ ပါဝင်ခဲ့သူ ဆရာမောင်စိမ်းနီဟာ အခုထိ သက်ရှိထင်ရှား ရှိနေပါတယ်)

1 comment:

နျူမာန် (မိုးတား) said...

ဆရာမင်းသိင်္ခ က မအူပင် ဇာတိ ဆိုတာ တော့ အခုမှ သိတယ် ကိုရမ်းဂမ်းရေ။
သူ- မအူပင် မှာ ငယ်စဉ် နေခဲ့တယ် ဆိုတဲ့ အချက် အချို့နဲ့- ကျောက်စာဝန် ဦးဘတူ အကြောင်းမှာ ဖေါ်ပြခဲ့တဲ့ မဟာဗောဓိ ကျောင်း ဆိုတာ- ကျွန်တော်တို့ ကျောင်းတက်ခဲ့တုန်းက နေ့စဉ် အသွားအပြန် ဖြတ်နေခဲ့ရ သလို- သူ့စာအုပ်တွေ ထဲက သူဌေး ဦးဘိုးကျော် အကြောင်းတွေ အရ- သူနဲ့ မအူပင် ပတ်သက်ကြောင်း သိခဲ့ပေမယ့် မအူပင်မှာ သူမွေးခဲ့တဲ့ ဆိုတာတော့ မသိခဲ့ဘူးဗျာ။