Thursday, November 1, 2012

အနောက်တိုင်းဂမ္ဘီရလက်စွဲကျမ်း


ကမ္ဘာ့ဂမ္ဘီရစာပေတွေထဲမှာ Top Ten စာရင်းဝင်တဲ့ အနောက်တိုင်း ဂမ္ဘီရကျမ်းတစ်ဆူကို မိတ်ဆက်ပေး ပါရစေ။ ဝါသနာပါသူ၊ ဝါသနာတူသူ၊ ပညာသည်၊ ပညာရှင်၊ ပညာရှိအပေါင်း သိပြီးသား လည်း ဖြစ်ချင် ဖြစ်မယ်။ အမှုမဲ့ အမှတ်မဲ့ သတိမထားမိတာလည်း ဖြစ်နိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီကျမ်းကို အညွှန်းလေး ပေးပါရစေ။


ဒီလက်စွဲကျမ်းကို ရေးသားပြုစုခဲ့သူ ဆာဖရီယယ်ရဲ့ အမည်ရင်းဟာ ဒေါက်တာဝေါလ်တာဂွန်အိုးလ် ဖြစ်ပြီး ၁၉ ရာစုနဲ့ ၂ဝ ရာစုအစောပိုင်းကာလတွေမှာ ထင်ရှားတဲ့ နက္ခတ်ဗေဒင်ဆရာ၊ ဂမ္ဘီရပညာရှင် ဖြစ်ပါတယ်။ ၁၈၆၄ ခုနှစ်မှာ မွေးဖွားပြီး ၁၉၂၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဂမ္ဘီရလက်စွဲကျမ်းကို စာရေးဆရာ ဆာဖရီယယ်က ရေးသားပြီး ၁၉၁ဝ ပြည့်နှစ်မှာ ပုံနှိပ်ခဲ့တယ်။ အဲဒီတော့ သက်တမ်းအားဖြင့် နှစ်တစ်ရာကျော်လောက် ရှိနေမှာပါ။ ဒါပေမယ့် ဒီကျမ်းဟာ ဂမ္ဘီရပညာလက်သင်တွေ ကနဦး ဖတ်ရှုထားရမယ့် လက်စွဲ ဖြစ်ပြီး ဒီကျမ်းကို ဖတ်ရှု လေ့လာထားခြင်းအားဖြင့် ရေလိုက်လွဲ လမ်းမှား၊ လမ်းရှည်မယ့် ဘေးကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။


သူ့ရဲ့ နာမည်ကျော် ဂမ္ဘီရလက်စွဲကျမ်းမှာ ဂမ္ဘီရသိပ္ပံနဲ့ ဂမ္ဘီရနည်းပညာ ဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်။ ဂမ္ဘီရသိပ္ပံအပိုင်းမှာ နက္ခတ်ဗေဒင်၊ လက္ခဏာ၊ ကဗလာပညာ၊ ဂဏန်းဗေဒင်နဲ့ အဆောင်လက်ဖွဲ့ လုပ်နည်းတွေ ပါဝင်ပြီး ဂမ္ဘီရနည်းပညာပိုင်းမှာတော့ တားရော့ ဖဲဗေဒင်၊ ဓာတ်ဖန်လုံးကြည့် ပညာ၊ ရှေးဟောင်းသင်္ကေတပညာနဲ့ မြေအောက် ရေရှာအတတ်အပြင် အဂ္ဂိရတ်အတတ် ပညာတွေကို ရေးသားထားပါတယ်။


ကျမ်းစာအုပ်မှာ ဒီပညာတွေကို အူမချေးခါးမကျန် လက်တစ်ဆုံးနှိုက် ရေးသား ဖော်ပြထားတာ မဟုတ်ပေမယ့် အခြေခံအချက်နဲ့ သိမှတ်ဖွယ်ရာတွေကိုပဲ ရေးထားတာပါ။ တားရော့သမားတွေနဲ့ ပတ်သက်လို့ ပြောရရင် ကျမ်းမှာ ရေးသားထားတဲ့ တားရော့အကြောင်းမှာ ဗေဒင်ဟောဖို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တင် မကဘဲ ဂမ္ဘီရပညာရဲ့ အနှစ်သာရ အဓိပ္ပါယ်တွေကိုပါ ဖွင့်ဆိုပေးထားပါတယ်။


အဆောင်လက်ဖွဲ့အခန်းမှာဆိုရင် လက်ဖွဲ့စီရင်ပုံ၊ သိဒ္ဓိတင်ပုံတွေကို ဖော်ပြထားပြီး အင်းပညာအကြောင်း ကိုလည်း ရေးသားထားပါတယ်။ ဒေါင်လိုက်၊ အလျားလိုက် ကြိုက်သလိုပေါင်း ၁၅ ဂဏန်းရတဲ့ (မြန်မာပြည်က စမ္ပါနဝအင်းနဲ့ တူတဲ့) တရုတ်ပြည်က လိပ်ကျောခုံးပေါ်ပါ အင်းကွက်နဲ့ ဆင်တူတဲ့ အင်း၊ ဆောင်လမွန် ဘုရင်ရဲ့ ၃၆ ကွက်အင်းတွေလည်း အဆောင်လက်ဖွဲ့အခန်းမှာ ရေးပြထားပါတယ်။

ဒီစာအုပ်ကို အွန်လိုင်းမှာ အလွယ်တကူပဲ ရှာဖွေနိုင်ပြီး ကျွန်တော် တွေ့ရှိထားတဲ့ လင့်ခ်ကိုတော့ (ဒီမှာ ) ညွှန်းလိုက်ပါမယ်။

ဂမ္ဘီရစာပေတွေနဲ့ ပတ်သက်ပြီး ဘယ်စာအုပ် ဘယ်လို ကောင်းတယ်ဆိုတာ အသေးစိတ် သိလိုရင် ဆရာမောင်ကျောက်တိုင် ရေးသားထားတဲ့ ဂမ္ဘီရစာဟေဝန် စာအုပ်ကို ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်။ ဆရာ့အဆိုအရ အီဂျစ်တွေရဲ့ မရဏကျမ်းဟာ ရှေးအကျဆုံး ကျမ်းဖြစ်ပြီး သူ့ရဲ့ မူအရ အီဂျစ်မရဏကျမ်းကို စာအုပ် ရှေ့ဆုံးအဖွင့်မှာတင် မိတ်ဆက်ပေးထားပါတယ်။ ဒီလက်စွဲကျမ်းကိုတော့ နံပါတ် (၈) နေရာမှာ ထားပြီး အညွှန်းပေး ပါတယ်။

2 comments:

Aye Nyein said...

Thank you so much for sharing

Aye Nyein said...

thanks for sharng