Tuesday, December 11, 2012

၁၂.၁၂.၁၂


မနက်ဖြန်ဟာ ဒီဇင်ဘာ ၁၂ ရက်၊ ၂ဝ၁၂။ ချုံ့ရေးရရင် (၁၂.၁၂.၁၂)။ ဂဏန်းအလှ ကြိုက်သူများအဖို့ ရင်ခုန်ကြည်နူးစရာ နေ့လေး ဖြစ်ပါတယ်။ အဲဒီနေ့ ဂဏန်းအလှအပနေ့လေးမှာ ဘာတွေ လုပ်လို့၊ ဘာတွေ ကိုင်ကြမယ်၊ အဲဒီဂဏန်းတွဲကို အမှီပြုလို့ ဘာတွေ လုပ်စားကြမယ်၊ ဘာတွေနဲ့ ဖြဲခြောက်မယ်၊ ဘယ်လိုဖိန့်လုံးတွေနဲ့ ကိုယ်စိတ်နှလုံး ပီတိဖုံးအောင် လုပ်ကြမလဲ ဆိုတာ ကြည့်ကြရအောင်။

၁၂.၁၂.၁၂ မှာ ရောဂါအထဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင် ကိုယ်ဝန်ဆောင်တွေနဲ့ မင်္ဂလာဆောင်မယ့် စုံတွဲတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေကလည်း သူတို့ ခွဲမွေးမယ့် ကလေးကို အဲဒီနေ့မှာ မွေးဖွားချင်သလို မင်္ဂလာဆောင်မယ့် အတွဲတွေကလည်း အဲဒီနေ့ကိုမှ မင်္ဂလာနေ့ထူးနေ့မြတ် အဖြစ် ရွေးချယ်ထားကြသတဲ့။ ဒါ မြန်မာပြည်တင် မဟုတ်၊ ဗေဒင်နက္ခတ်တွေကို သက်ဝင်ယုံကြည်တဲ့ အရှေ့တိုင်းသားတွေတင် မဟုတ်၊ အနောက်တိုင်းက ဂဏန်းဗေဒင် အစွဲအလန်း ရှိသူတွေကပါ ဒီနေ့ကိုမှ တစ်ကြိတ်တည်း တစ်ဥာဏ်တည်း ရွေးချယ်ထားကြတာပါ။

အဲဒီတော့ ၁၂.၁၂.၁၂ နေ့စွဲဟာ တကယ်ပဲ သူတို့တွေအတွက် ကံကောင်းထောက်မစေမယ့် ဂဏန်းသင်္ချာလား၊ အခါကောင်းရက်မြတ်လား ဆိုတာ ကြည့်ရအောင်ဗျာ။

အကောင်းမြင်ကြသူများ

ရာစုနှစ်တစ်ခုမှာ ရတောင့်ရခဲ ဖြစ်တဲ့ ဒီလို ဂဏန်းတွဲနေ့မှာ ကြာသပတေးဂြိုဟ်ရဲ့ အနေအထားကြောင့် ဂဟေဆော် ပေါင်းဖက်ကြမယ့်သူတွေအတွက် အတိတ်ကောင်း နိမိတ် ကောင်းတွေ ဆောင်ကျဉ်းပေး လိမ့်မယ်လို့ ဂဏန်းဗေဒင်သမားတွေက ဆိုကြပါတယ်။ ဒီနေ့ ဒီရက်မှာ ပေါင်းဖက်သူတွေဟာ ဟာမိုနီ လိုက်ဖက်ညီပြီး ခိုင်မြဲတဲ့ သစ္စာတွေ ရှိကြမယ်လို့ ပြောပါတယ်။ အဲဒီနေ့မှာ မွေးမယ့် ကလေးကလည်း ဥာဏ်ကောင်း ထက်မြက်မယ်။ အဲဒီနေ့မှာ လုပ်ကိုင်တဲ့ စီးပွားရေးတွေလည်း အောင်မြင်မယ်လို့ ဂဏန်းသင်္ချာ ဆရာသမားတွေက ဆိုပါတယ်။

တချို့မိခင်လောင်းတွေနဲ့ တချို့သော စုံတွဲတွေကဆိုရင် ၁၂ ရက်၊ ၁၂ လ၊ ၂ဝ၁၂ ဆိုတဲ့ နေ့စွဲနဲ့တင် အားမရကြဘဲ ၁၂ နာရီ၊ ၁၂ မိနစ်၊ ၁၂ စက္ကန့် အတိအကျမှာ ကလေးမွေးမယ်၊ လက်မှတ်ထိုး၊ မင်္ဂလာပြုမယ်လို့ သည်းသည်း လှုပ်နေကြပါတယ်။ ကျွန်တော့် မိတ်ဆွေတချို့လည်း အဲသလို မင်္ဂလာရက်မြတ် အဖြစ် ရွေးချယ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြပါတယ်။ ကလေးမွေးမယ့် သူတွေလည်း ဗိုက်ကိုမှ အားမနာဘဲ ၁၂ ဂဏန်းရဲ့ ဆွဲဆောင်မှုနောက် လိုက်ပါနေကြပါပြီ။ တချို့ဆိုရင် ကိုယ်မွေးမယ့် ကလေး လောကကြီးထဲ ရောက်လာလို့ ပထမဆုံး အော် ငိုလိုက်တဲ့ အသံကို ၁၂ တွေ ထပ်တူကျတဲ့ ၁၂.၁၂.၁၂၊ ၁၂ နာရီ၊ ၁၂ မိနစ် ၁၂ စက္ကန့် တိတိမှာ ကြားချင်ပါသတဲ့။ ၁၂ ခရေဇီ မိဘတွေကြောင့် လူ့လောကကြီးထဲ (အချိန်မတိုင်မီ ရက်လမစေ့မီ ) ဘုမသိ ဘမသိ ဝင်ရောက်လာမယ့် ကလေးတွေအတွက်တော့ ရင်လေးစရာပါပဲ။

တကယ်ရော နေ့ကောင်းရက်သာ ဖြစ်ရဲ့လား

နက္ခတ်ဗေဒင်ပညာ ထွန်းကားရာ အိန္ဒိယမှာတော့ ၁၂ ဂဏန်း ထပ်တူကျမယ့် နေ့မှာ ဘိုကင်လုပ်ထားတဲ့ မိခင်လောင်းတချို့ဟာ မွေးဖွားမယ့် ရက်၊ အချိန်တွေကို ပြောင်းလဲလိုက်ကြတယ်လို့ သတင်းတွေက ရေးသားဖော်ပြပါတယ်။ ဘာလို့လဲဆိုတော့ ဂဏန်းသင်္ချာအရ လှပ အားကောင်းတဲ့ နေ့ရက် ဖြစ်ပေမယ့် အိန္ဒိယနက္ခတ်ဆရာတွေ အမြင်မှာ ၁၂.၁၂.၁၂ ဟာ နေ့ကောင်း ရက်သာ မဟုတ်တဲ့ အတွက်ကြောင့်ပါပဲ။

၁၂.၁၂.၁၂ ရက်နေ့မှာ ရှိနေမယ့် ဂြိုဟ်အမြင်အယှဉ် အနေအထားကို အိန္ဒိယဗေဒင်ပညာသည် တစ်ဥိးက ဟောသလို ဖွင့်ဆို ရှင်းပြထားပါတယ်။

"မုဟုတ္တ (အခါပေး) ဗေဒင်ဟာ လူသားအားလုံးနဲ့ မဆိုင်ဘဲ တစ်ဦးချင်းဇာတာပေါ် မူတည် တွက်ချက် တာသာ ဖြစ်ပါတယ်။ မင်္ဂလာအခါ ရွေးတယ်ဆိုရင် ပေါင်းဖက်မယ့် ဇာတာရှင်နှစ်ဦးရဲ့ ဇာတာတွေပေါ် မူတည်လို့သာ တွက်ချက် အဖြေရှာရမှာပါ။ ဒါပေမယ့် ခြုံငုံပြီး အခါကောင်း တစ်ခု ရွေးချယ်ပေးရမယ်ဆိုရင်တော့ စန်းအား ကောင်း၊ မကောင်းကို အဓိက တွက်ချက်ယူမှာ ဖြစ်ပါတယ်"

မင်္ဂလာအခါတစ်ခု အဖြစ် ရွေးချယ်လိုက်တဲ့ အချိန်ကာလမှာ စန်း (လမင်း) အနေအထားဟာ သန့်စင် အားကောင်းနေမှ ဖြစ်မှာပါ။ အခု အားလုံး အရူးအမူး ဖြစ်နေတဲ့ ၁၂.၁၂.၁၂ နေ့စွဲမှာ စန်း တနင်္လာဟာ နှစ်ထပ်ကွမ်း အားနည်းနေပါတယ်။ ဗြိစ္ဆာရာသီမှာ တည်နေမယ့် လမကွယ်ခင် တစ်ရက်အလို (နိစ်-မှိန်ဖျော့သော) ခိနစန်းဟာ ဘယ်နည်းနဲ့မှ အင်အား ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် လဆန်းရက် ဖြစ်ဖို့ အားယူဆဲ အမှောင်ဆုံးကာလ ဖြစ်တဲ့အတွက် နှစ်ထပ်ကွမ်း အားနည်းတယ်လို့တောင် ပြောနိုင်ပါတယ်။

ဒါ့အပြင် အဲဒီအားနည်းနေတဲ့ စန်းတနင်္လာဟာ ဗြိစ္ဆာရာသီက ထွက်အံ့ဆဲဆဲ ရာဟုနဲ့လည်း ပူးယှဉ်တယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်ပူးဟာ တရားလွန် စိတ်ကူးယဉ်၊ အရူးဘုံမြောက်၊ အူကြောင်ကြောင် အတွေးတွေ၊ မဆုံးနိုင်တဲ့ ဖွဲမီးလို ဆန္ဒတွေနဲ့ လောင်မြိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်စေပါတယ်။

တချိန်တည်းမှာပဲ စန်းရပ်တည်ရာ ဗြိစ္ဆာရာသီခွင်မှာ ဗုဒ္ဓဟူးနဲ့ သောကြာဂြိုဟ်တွေကလည်း တည်ရှိနေမှာမို့လို့ ဂြိုဟ် ၅ လုံး ပူးယှဉ်မှု ဖြစ်တည်နေပြန်ပါတယ်။ နောက်ပြန်သွားနေတဲ့ ကြာသပတေး ကလည်း ဆန့်ကျင်ဘက် ပြိဿရာသီကနေ ဒီဂြိုဟ်ပူးတွေကို မြင်ထားပါတယ်။ ဂြိုဟ်အများအပြား မြင်ယှဉ် ပူးကပ်တဲ့ အကျိုးဆက်ကြောင့်လည်း ဖြစ်မျိုးစုံလင်ပြီး ရှုပ်ထွေးလာနိုင်ပါတယ်။

နဂိုကမှ ပြင်းထန်တဲ့ ရာသီခွင်လို့ သတ်မှတ်ထားတဲ့ ဗြိစ္ဆာခွင်မှာ ဂြိုဟ်ပူးတွေ၊ အားနည်းတဲ့ စန်းတွေ တည်ရှိနေတဲ့အတွက်လည်း မင်္ဂလာအခါ ရွေးချယ်သူတွေအနေနဲ့ ၁၂.၁၂.၁၂ အစား တခြားရက်တစ်ရက်ကို ပြောင်းလဲ ရွေးချယ်သင့်တဲ့ အကြောင်း အိန္ဒိယနက္ခတ်ပညာရှင်တွေက တိုက်တွန်း အကြံပြုထားပါတယ်။

အနောက်တိုင်းက နက္ခတ်ဆရာမတစ်ဦးကလည်း ၁၂.၁၂.၁၂ နေ့စွဲမှာ ဗုဒ္ဓဟူးနဲ့ နတ်ပကျွန်းဂြိုဟ် နှစ်လုံး အမြင်ယှဉ် မကောင်းတဲ့အတွက် ကွန်ပျူတာနဲ့ သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းတွေမှာ ကသောင်းကနင်းတွေ ဖြစ်မယ်။ ဒေတာတွေကို back up လုပ်ထားသင့်တယ်။ နို့မဟုတ်ရင် ရှိသမျှ သတင်း အချက်အလက် နဲ့ နည်းပညာတွေ ပျက်စီး ပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးထားပြန်ပါတယ်။

ဒီအပတ်ထုတ် Flower News ဂျာနယ်မှာလည်း (လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဂြိုဟ်ငါးလုံးပူးယှဉ်မည်ဖြစ်၍ မြန်မာနိုင်ငံတွင် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ပြီး ကမ္ဘာတွင် ငလျင် ဖြစ်ပေါ်နိုင်ကြောင်း) ကျွန်တော်တို့ မြန်မာပြည်က နာမည်ကျော် ဆရာစံဇာဏီဘိုနဲ့ ဦးဇေယျာကို (နက္ခတ်သိပ္ပံ) တို့ကို မေးမြန်း အင်တာဗျူးလို့ ရေးသားဖော်ပြထားပါတယ်။

အဲဒီတော့ .... အနှစ်ချုပ်ကြည့်ရင်

မနက်ဖြန် ၁၂.၁၂.၁၂ ဟာ ဂဏန်းသင်္ချာ အလှကိုမှ ခုံမင်နှစ်သက်သူတွေအဖို့ လက်ထပ်ပွဲ ကျင်းပရာ၊ မင်္ဂလာအမှု ပြုရာ၊ ကလေး မီးဖွား ကင်ပွန်းတပ်ရာ နေ့ကောင်းရက်သာ ဖြစ်နေပေမယ့် တစ်ဖက်မှာတော့ နက္ခတ် သမားတွေ အမြင်မှာ မရွေးချယ်အပ်တဲ့၊ ရှောင်ကျဉ်သင့်တဲ့ နေ့စွဲတစ်ခု ဖြစ်နေပါတယ်။

မိတ်ဆွေတို့ရော မနက်ဖြန်မှာ ဘာလုပ်ကြမယ် စိတ်ကူးလဲ။ ကျွန်တော်ကတော့ မနက်ဖြန် ၁၂.၁၂.၁၂ မှာ မင်္ဂလာရက်မြတ်အဖြစ် ယူဆ လက်ထပ်မယ့် ကျွန်တော့် မိတ်ဆွေ စုံတွဲအတွက် သက်သေ လက်မှတ် ရေးထိုးပေးပါမယ်။ ပြီးရင် သူတို့ တည်ခင်း ဧည့်ခံမယ့် ထမင်းဟင်းကို အဝဆွဲ ဇိမ်ကျမှာ ဖြစ်ပါတယ်။ :P

No comments: