Wednesday, January 1, 2014

၂ဝ၁၃ လည်ပြန်၊ ၂ဝ၁၄ ဟောကိန်း

ဒီနှစ် ၂ဝ၁၄ မှာ ဆရာ့ဆရာတွေရဲ့ ဟောကိန်းတွေကို လေ့လာကြည့်တော့ နှစ်လယ်ပိုင်း ဇွန်၊ ဇူလိုင်လတွေအထိကြားမှာ မကောင်းသေးဘဲ အခက်အခဲ အမျိုးမျိုး ရှိနေဦးမယ့် သဘောကို တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ အကျပ်အတည်းတစ်ခု ဖြစ်ပွားမယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။


သုံးနှစ်မြောက်အဖြစ် တင်ဆက်သွားမယ့် ၂ဝ၁၄ ဟောကိန်းမှာ ခုတလော ရေပန်းစားနေတဲ့ ခြေဥ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးနဲ့ ၂ဝ၁၄ မြန်မာ့အခြေအနေ ဟောကိန်း တွေကို အလေးထား ဖော်ပြမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို ဗေဒင်ပညာ ရှုထောင့်ကနေ အားပါးတရ ဟောပြောနေကြတဲ့ မီဒီယာသမားတို့ရဲ့ အချစ်တော် မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ဦးဇေယျာကိုနဲ့ ဆရာ စံဇာဏီဘို တို့ရဲ့ ဟောကိန်းတွေအပြင် ဆရာဘဲလားလေဘာတီရဲ့ ဟောကိန်းအချို့ကိုလည်း ကောက်နုတ် တင်ပြပေး ပါမယ်။

နံပါတ်တစ် စိတ်ဝင်စားစရာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှာလား အမေးကို ဦးဇေယျာကိုနဲ့ စံဇာဏီဘိုတို့က ဖြစ်ကို ဖြစ်မယ်လို့ သေချာပေါက် ဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။ ဆရာ ဘဲလားလေဘာတီကတော့ ဖြစ်၊ မဖြစ်ကို မပြောဘဲ ဖြစ်လာရင် ဘာတွေ ဆက်ဖြစ်နိုင်တယ် ဆိုတာကို အသားပေး ဟောပြောထားပါတယ်။

၂ဝ၁၂ နှစ်ကုန်ပိုင်းက ရွှေတိဂုံဘုရားပေါ် လင်းတ နားသွားတဲ့ နိမိတ်ဆိုးနောက် ၂ဝ၁၃ နှစ်ဆန်းမှာ ကမ္ဘာသိ ဖြစ်ခဲ့ရတဲ့ မိထ္ထီလာ အဓိကရုဏ်းကြီး ဖြစ်ပွားခဲ့ပါတယ်။ တခြားသော မြို့နယ်တွေမှာလည်း ဘာသာရေး ပဋိပက္ခဆန်တဲ့ အဖြစ်မျိုး ကွက်ကျား ပေါ်ပေါက်ခဲ့တာကို သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ဟိုနား ဗုံးတွေ့ ဒီနား ဗုံးကွဲ ရန်ကုန်မြို့လယ် ထရိတ်ဒါးဟိုတယ်အထိ တက်ဖောက် ခွဲတဲ့ ပေါက်ကွဲမှုတွေလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် မထင်မှတ်တဲ့ တိုက်ဆိုင်မှုအဖြစ် ဆရာကြီး ဒဂုန်တာရာ၊ ဆရာမောင်ဝံသ၊ ဆရာမင်းလူ တို့အပါအဝင် အနုပညာနယ်ပယ်၊ စာပေဂီတ နယ်ပယ်က ထင်ရှားကျော်ကြားသူတွေ တဖြုတ်ဖြုတ် ကြွေလွင့်သွားတာ ကိုလည်း အမှတ်ရ အောင့်မေ့ဖွယ် ဖြစ်ခဲ့ရပါတယ်။

ဒီနှစ် ၂ဝ၁၄ မှာ ဆရာ့ဆရာတွေရဲ့ ဟောကိန်းတွေကို လေ့လာကြည့်တော့ နှစ်လယ်ပိုင်း ဇွန်၊ ဇူလိုင်လတွေအထိကြားမှာ မကောင်းသေးဘဲ အခက်အခဲ အမျိုးမျိုး ရှိနေဦးမယ့် သဘောကို တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ အကျပ်အတည်းတစ်ခု ဖြစ်ပွားမယ်လို့လည်း မှတ်ချက် ပေးထားပါတယ်။ ကဲ .. ကမာရွတ်မီဒီယာက အင်တာဗျူးထားတဲ့ ဆရာသမားတွေ ဟောကိန်းကို ဖတ်ကြည့်ရအောင်ဗျာ။

ဆရာဘဲလားလေဘာတီ

"နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ မတ်လ ၃ ရက်နေ့ကနေ စပြီးတော့ စနေဂြိုဟ်ရယ် အင်္ဂါဂြိုဟ်ရယ်ဟာ ဒီနှစ်ခု စုံတွဲက Retrograde Motion ပြန်ဆုတ်မယ်။ အဲဒါမျိုးက ကြုံတောင့်ကြုံခဲပါ။ မြန်မာ နိုင်ငံတော်ဇာတာ အပေါ်မှာရော သမ္မတကြီး ဇာတာအပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည် ဇာတာရော သုံးခုစလုံးမှာ Effect ဖြစ်နေတယ်။ အဲဒါက ဇူလိုင် ၂ဝ၁၄ အထိ ဖြစ်နေမယ်။

အဲဒီအတောအတွင်းမှာ ဒေါ်စုဘက်ကလည်း ဘာလုပ်လုပ် အောင်မြင်ဖို့ အခက်အခဲ ရှိမယ်။ နိုင်ငံတော်ဘက် ကလည်း ဘာလုပ်လုပ် အခက်အခဲ အများကြီး ရှိမယ်။ အတိုက်အခံနဲ့ နိုင်ငံတော်က ညှိနှိုင်းဆွေးနွေးဖို့ ခက်တယ်။ ဒါတွေကို အတင်းအဓမ္မကြီး လုပ်မယ်ဆို အဓိကရုဏ်းတွေ ပြန်ဖြစ်လာနိုင်တယ်။ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တာပေါ့။ ဇူလိုင်အတောအတွင်း မှာပေါ့။ ဒေါ်စုဆိုရင်လည်း accident ဖြစ်နိုင်တယ်။ လူအုပ် လူပရိတ်သတ်တွေကြားမှာ သိပ်သွားလို့ မသင့်ဘူး။ အန္တရာယ် ရှိနိုင်တယ်။

ဒီအတောအတွင်းမှာ Constitution ပြင်ဖို့ အတင်းလိုက်မယ်ဆိုရင် ဒေါ်စုဇာတာနဲ့ ငြိတဲ့အတွက် သူလုပ်တာနဲ့ ပြောင်းပြန် ဖြစ်သွားနိုင်တယ်။ မရနိုင်ဘူး ဖြစ်သွားနိုင်တယ်။ ဒီတော့ ဇူလိုင်အတောအတွင်းမှာ Constitution ပြင်ဖို့ အတင်း Rush လုပ်မယ်ဆိုရင် ကိုယ့်ကို အကြောင်းတရားက Allow မလုပ်တဲ့အတွက် အခက်အခဲ ရှိနိုင်ပါတယ်။

အဓိက သမ္မတဦးသိန်းစိန်က နားတယ် မနားဘူး ဆိုတာ အတိအလင်း ကြေငြာဖို့ လိုတယ်။ အဲဒီပေါ်မှာ မူတည်တယ်။ သမ္မတ သိန်းစိန်က မနားဘူး ဆိုရင် ဒါ သေချာသွားပြီ သူပဲ ဖြစ်ရမယ်။ သူပဲ ဖြစ်ရမယ့်အတွက် Constitution က ပြင်မှာ မဟုတ်တော့ဘူး။ ဒေါ်စု ဖြစ်ဖို့က အလားအလာ မရှိတော့ဘူး"

ဆရာဦးဇေယျာကို

"ဇွန် ၂ဝ နောက်ပိုင်းကျတော့ ကောင်းသွားပြီ။ ကောင်းသွားပြီ ဆိုတာ တိုင်းပြည်မှာ ပြည်သူတွေက အုပ်ချုပ်သူတွေကို အနိုင်ယူ လွှမ်းမိုးနိုင်မယ့် ကာလကို ရောက်လာပြီ။ အဲဒီတော့ ပြည်သူတွေက ဒီကာလတွေမှာ ကိုယ်တောင်းဆိုချင်တဲ့ အရာတွေကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ တောင်းဆိုနိုင်တယ်။ အထူးသဖြင့် ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကိစ္စရပ်တွေ၊ ပြည်သူတွေ မျှော်မှန်းထားတဲ့ လူထုခေါင်းဆောင် သမ္မတ ဖြစ်ဖို့ ကိစ္စတွေကို အင်တိုက် အားတိုက် တောင်းဆိုနိုင်တဲ့ အချိန်ကာလကို ရောက်သွားပြီ။ ဒီလို တောင်းဆိုတဲ့ အခြေအနေကြောင့်လည်း အောက်တိုဘာလထဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ရှိအာဏာရ အစိုးရအဖွဲ့အစည်းက ပြုပြင်ပေးရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာမယ်။

ဇွန် ၂ဝ မတိုင်ခင်တော့ မကောင်းတာတွေ တိုင်းပြည်မှာ ကျော်ဖြတ်ရမယ်။ အဲဒီမှာ လူမျိုးရေး ဘာသာရေး Crisis တစ်ခု ရှိသေးတယ်။ ဖေဖော်ဝါရီ ၂၂ မှာ မြန်မာနိုင်ငံရဲ့ နေရာဒေသတစ်ခုခုမှာ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါက နောက်ဆုံးဖြစ်တဲ့ အခြေအနေပါ။ ကျန်တဲ့ကာလတွေကတော့ မရှိနိုင်တော့ဘူး။ နောက်တစ်ခုက လူတွေမှာကလည်း ဘာသာရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပဋိပက္ခ မဖြစ်ပွားနိုင်အောင် ကြာသပတေးဂြိုဟ်ကြီးက ဇွန် ၂ဝ နောက်ပိုင်းမှာ ကရကဋ်ရာသီကနေ ထိန်းကွပ်ပေးထားတယ်"

ဆရာစံဇာဏီဘိုရဲ့ ၂ဝ၁၄ ဟောကိန်းကိုတော့ ကျွန်တော် လက်လှမ်းမမီတဲ့အတွက် ဒီနှစ်မှာ အသေးစိတ် မဖော်ပြနိုင်ပါဘူး။ ဒါပေမဲ့ ဆရာက ၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မယ်လို့ မကြာခဏ ဆိုသလို မီဒီယာတွေမှာ ပြောဆိုတာ တွေ့ရပါတယ်။

၂ဝ၁၂ နှစ်ကုန်ပိုင်းက ဧရာဝတီမီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ

"Maybe after July 7, 2014, onwards Aung San Suu Kyi will become president. Before the next election, she will be the president. … There might be a coalition government or something like that and then she can get the post of president. Then in the 2015 election she will be elected as president again." လို့ ပြောထားပါတယ်။

တကယ့် အပြောင်း အလဲကြီးတွေ ဟာ ၂ဝ၁၄ လောက်မှာ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အရာရာ အကောင်းဘက်ကို ရောက်လာမှာဖြစ်ပြီး ၁၉၈၈ ခုနှစ်က အိပ်မက် တွေလည်း လက်တွေ့အကောင်အထည်ပေါ် လာနိုင်ဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ဟောဆိုထားတယ်လို့လည်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

ဒါဆိုရင် ဆရာတွေရဲ့ ၂၀၁၄ ဟောကိန်းတွေ ပြည့်စုံပြီလို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ၂ဝ၁၄-၁၅ တွေထက် စိတ်ဝင်စားစရာ ဖြစ်နေတဲ့ ၂ဝ၁၈ အကြောင်းကို လျှာရှည်ချင်ပါသေးတယ်။ တကယ့်ကို ထိတ်လန့်စရာ ကြိုတင် သတိထားစရာ ဟောကိန်းမို့ မိတ်ဆွေတွေကို သိစေချင်တာပါ။

၂ဝ၁၈ မှာ

ဆရာဦးဇေယျာကိုက

"မြန်မာပြည်ရဲ့ မြေပုံဟာ လက်ရှိအခြေအနေအတိုင်း အပြည့်အဝ မရှိနိုင်တော့ဘူး။ တနည်းအားဖြင့် မြန်မာပြည် မြေပုံထဲကနေ ခွဲထွက်တဲ့ ပြည်နယ်တွေ သေချာပေါက် မုချ ဖြစ်ပေါ်လာလိမ့်မယ်။ နောက်တစ်ခုက မြန်မာပြည်ရဲ့ လွတ်လပ်ရေးဇာတာက သက်တမ်းအားဖြင့် နှစ်ပေါင်း ၇ဝ ပဲ တည်တံ့ခိုင်မြဲမှာ ဖြစ်တယ်။ ဒီတော့ ၁၉၄၈ ကနေ နှစ်ပေါင်း ၇ဝ ပေါင်းလိုက်ရင် ၂ဝ၁၈ နောက်ပိုင်းဟာ မြန်မာပြည်ရဲ့ မြေပုံ အခုပိုင်ဆိုင်နေတဲ့ အခြေအတိုင်း ရှိဖို့ နည်းတယ်"

ဆရာဘဲလားလေဘာတီက

"၂ဝ၁၈ ဆိုလို့ရှိရင် ၈၈ လို Angle လို ပြန်ရောက်သွားမယ်။ မြန်မာပြည်မှာ ၁၉၅၈ မှာ ဦးနုက စစ်အစိုးရကို အာဏာ လွှဲပေးရတယ်။ နောက် ၈၈ အရေးအခင်း ဖြစ်တယ်။ ၈၈ ကနေ နောက်ထပ် အနှစ်သုံးဆယ် Circle မှာ ဒေါ်စုက သမ္မတ တက်ဖြစ်မယ်ဆိုရင် အများကြီး ထိန်းသိမ်းဖို့ ခက်ခဲသွားမယ်။ သွေးချောင်းစီးမယ်။ ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံဇာတာ MC ဆယ်တန့်မှာ Mars ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်နဲ့ မကင်းဘူး။ တကယ်လို့ ကင်းသွားမယ်ဆိုရင် ပြည်ထောင်စု ကွဲသွားပြီ။ ၂ဝ၁၈ မှာ Target ရှိတယ်။ စစ်တပ် အာဏာသိမ်းရင်လည်း အရင်လို မတည်ငြိမ်နိုင်တော့ဘူး"

လို့ တစ်ညီတစ်ညွှတ်တည်း ၂ဝ၁၈ ကို အနုတ်သဘောပြ ဟောဆိုထားကြပါတယ်။

ကျွန်တော့်အနေနဲ့ ဒီဟောကိန်းတွေကို စုစည်းဖော်ပြရာမှာ သာမန်လူတွေ နားရှုပ်စေနိုင်တဲ့ Astrological Terms တွေကို မပါအောင် အတတ်နိုင်ဆုံး ဖယ်ရှားထားတာက လွဲလို့ ဆရာတွေရဲ့ ဟောဆိုချက်တွေကို အတိအကျ ဖော်ပြထားပါတယ်။ စာဖတ်သူတွေဘက်က ဖြစ်ပ်ါလာမယ့် နိုင်ငံရေး အပြောင်းအလဲတွေဟာ ကိုယ့်လူနေမှုဘဝ ကိုယ့်လမ်းကြောင်းကို ဘယ်လောက် ရိုတ်ခတ်ထိပါးလာနိုင်တယ် ဆိုတာ ကြိုတင် သတိထား ပြင်ဆင်ဖို့လည်း စေတနာအရင်းခံနဲ့ အသိပေးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ၂ဝ၁၄ ဟာ ဆက်မလေးမယ့် .. ပျော်ရွှင်ဖွယ် ၂ဝ၁၄ ပဲ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

2 comments:

Unknown said...

thank you

Unknown said...

ကျေးဇူးတင်ပါတယ်