စာရေးသူအကြောင်း

စာရေးသူဟာ ဗေဒင်ကို ကျောင်းသားဘဝတည်းက ဝါသနာပါပြီး ကိုယ့်ဖာသာ စာအုပ်တွေ ဗေဒင်ကျမ်းတွေကို ဖတ်ရှု လေ့လာဆည်းပူးခဲ့ပါတယ်။ ကျောင်းသားအဖြစ်နဲ့လည်း နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေ၊ သူငယ်ချင်းတွေကို ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။

ဆယ်တန်းအပြီးမှာ မွေးရပ်မြေ နယ်မြို့လေးက နက္ခတ်ဗေဒင်ပညာရှင် ဆရာဦးရန်မျိုးသန်း (ယခု ကွယ်လွန်) ဆီမှာ ကေပီနက္ခတ်စနစ်၊ ဟိန္ဒို၊နဲ့ အနောက်တိုင်း နက္ခတ်ဗေဒင်တွေကို လေ့လာ သင်ယူခဲ့ပါတယ်။

တက္ကသိုလ်ကျောင်း ပထမနှစ် တက်ချိန်မှာပဲ ဆရာကြီးမင်းသိင်္ခဆီမှာ လဝက်နီးပါး ဗေဒင်သင်တန်း တက်ပြီး လေ့လာခဲ့ပြန် ပါတယ်။ နောက်ပိုင်းမှာတော့ ဗေဒင်ပညာကို ဟောစားဖို့ထက် သုတေသနလုပ်ဖို့ စိတ်အားထက်သန်ပြီး ဘာသာရပ်တစ်ခုအဖြစ် အလေးအနက်ထား လိုက်စားခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မစခင်မှာ ဒီ ဘလော့ဂ်ကို စတင်ခဲ့ပြီး ၂၀၀၈ ကနေ ဗေဒင်နဲ့ ဂမ္ဘီရ ဆောင်းပါးတွေကို လစဉ်နီးပါး ရေးသား တင်ဆက်ခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ဗေဒင်အကြောင်းတွေ ရေးသားနေရာက ဗေဒင်နဲ့ ပတ်သက်တဲ့  မိတ်ဆွေ ဆရာသမားတွေလည်း ဆက်လက် ရရှိခဲ့ပါတယ်။

ဆရာတေးအေးရိပ်၊ ဆရာဝေသာလီ မောင်ဖုန်း၊ ဆရာဘဲလားလေဘာတီ၊ ဆရာနျူမန်၊ ဆရာကိုကြည်ဇင်၊ ဆရာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခမ)၊ ဆရာဇေယျာမောင်၊ ဆရာကိုမင်းနိုင်၊ ဆရာကိုပခန်းတို့ဟာ စာရေးသူရဲ့ မြင်ဆရာ သင်ဆရာတွေ၊ ဗေဒမိတ်ဆွေတွေလို့ ဆိုရင် မမှားပါဘူး။

လက်ရှိမှာ ဗေဒင်ပညာနဲ့ မိတ်ဆွေတွေ ရင်းနှီးသူတွေကို အကြံပေး ကူညီနေပြီး ရန်ကုန်မြို့မှာပဲ အလုပ်လုပ်ကိုင် နေထိုင်နေပါတယ်။